တရုတ်ရဲ့ကြားဝင်ပေးမှုနဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF)နဲ့ စစ်ကောင်စီတို့ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် မအောင်မြင်တဲ့နောက်မှာတော့ မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်ကောင်စီက ၂ ရက်ဆက်တိုက် ဗုံးကြဲခဲ့ပါတယ်။
မိုးကုတ်အနောက်ပိုင်း၊ ကသဲရပ်ကွက်နားကို စစ်ကောင်စီတပ်က မေ ၃ ရက် ဒီမနက် ၉ နာရီဝန်းကျင်မှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မေ ၂ ရက် ညပိုင်းမှာလည်း မိုးကုတ်အရှေ့ပိုင်း ဗမွန်ရွာနဲ့ အနောက်ပိုင်း အုတ်အင်းရွာတို့ကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မေ ၃ ရက် ဒီမနက် ၉ နာရီဝန်းကျင်မှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်လို့ ကသဲဆုတောင်းပြည့်ဘုရားနားမှာ လမ်းခင်းနေတဲ့ပန်းရံဆရာတယောက် ပွဲချင်းပြီးသေဆုံး၊ အမျိုးသား ၁ ယောက် အပြင်းအထန်ဒဏ်ရာရသွားပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်း ကသဲအနောက်ဘုန်းကြီးကျောင်းနားကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချခဲ့တာလို့ မိုးကုတ်မြို့နယ် ပကဖကတာဝန်ရှိသူတယောက်က ပြောပါတယ်။
“ဗုံးကြဲခံရတဲ့နားက အမျိုးသား ၁ ယောက် ဒဏ်ရာပြင်းထန်တယ်။ ဗုံးစထိပြီး ဦးခေါင်းပြတ်သေဆုံးသူကတော့ တောင်ပေါ်ကုန်းရပ်ကွက်ကပါ” လို့ ပြောပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်း အုတ်အင်းရွာနဲ့ အရှေ့ပိုင်း ဗမွန်ရွာတို့ကိုလည်း စစ်ကောင်စီတပ်က မေ ၂ ရက် ည ၁၁ ဝန်းကျင်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့သေးပြီး လူထိခိုက်တာတော့ မရှိခဲ့ပါဘူး။
မိုးကုတ်အနောက်ပိုင်းနေထိုင်သူတယောက်က “ညကလည်း အနောက်ပိုင်းရော၊ အရှေ့ပိုင်းကိုရော ကြဲသွားတာ၊ ခုလည်း လေယာဉ်ဝဲတာမကြာဘူး၊ ကသဲဘက်ကြဲသွားတယ်၊ လူနေရပ်ကွက်ထဲ ကျတယ်၊ လူတွေထိကုန်ပြီထင်တယ်” လို့ ပြောပါတယ်။
မိုးကုတ်မြို့ကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းတပ်မတော် (PSLF/TNLA) က ၂၀၂၄ ဇူလိုင် ၂၄ မှာ စတင်သိမ်းပိုက်ထိန်းချုပ်ထားခဲ့တာဖြစ်ပြီး တရုတ်ရဲ့ ကြားဝင်စေ့စပ်ပေးမှုကြောင့် ဧပြီ ၂၈ ရက်နဲ့ ၂၉ ရက်က စစ်ကောင်စီတပ်နဲ့ ကူမင်းမြို့မှာ ဆွေးနွေးပွဲလုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။