စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်ထဲက ကျေးရွာတွေကို စစ်တပ်က ဧပြီ ၂၉ ရက်နေ့၊ နေ့လယ် ၃ နာရီဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ယောက် သေဆုံးပြီး လူနေအိမ်တွေ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
Kalewa People Defence Organization ရဲ့ ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့ ကလေးဝမြို့နယ်ထဲက ဆင်ခေါင်း၊ ကျွဲနန် နဲ့ ဂဇက်ရွာတွေကို Y12 လေယာဉ်နဲ့ ဗုံးကြဲပြီး လေကြောင်းတိုက်ခိုက်သွားတာပါ။ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက် သေဆုံးသွားပါတယ်။ ဒဏ်ရာရသူတွေလည်းရှိတယ်။ လူနေအိမ်တွေလည်းပျက်စီးခဲ့ပါတယ်” လို့ ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရတဲ့အတွက် ကျွဲနန်ကျေးရွာက အသက် ၆၀ အရွယ် အမျိုးသား ၁ ယောက်နဲ့ ဂဇက်ကျေးရွာ အသက် ၅၀ ကျော်အရွယ် အမျိုးသမီး ၁ ယောက် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၃ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ် ၃ လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံက “အဲဒီရွာတွေကို ဗုံးတွေကြဲတာမနည်းဘူး၊ ၁၅ လုံးလောက်ရှိတယ်။ ကံကောင်းတာက ဗုံးတွေ အကုန်လုံး ရွာထဲမကျဘဲ ရွာပြင်နဲ့ ရွာတွေဘေးက ချောင်းထဲကျလို့ တော်သေးတာ။ မြေပြင်မှာ စစ်ကြာင်းထိုးတာလည်းမရှိ၊ တိုက်ပွဲဖြစ်တာလည်း ဘာမှမရှိပါဘဲ အကြောင်းမဲ့တိုက်ခိုက်တာပါ။ ကလေးဝမြို့နယ်ထဲကို အခုတပတ်ထဲမှာ အကြောင်းမဲ့လေကြောင်းတိုက်ခိုက်ခံရတာ ၂ ကြိမ်ရှိနေပြီးတော့ အရပ်သားသေဆုံးရတာ ၅ ယောက်အထိရှိနေပါပြီ” လို့ DVB ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်ကလည်း ကလေးဝမြို့နယ်ထဲက စစ်ကောင်စီတပ်အထိုင်စခန်းရှိတဲ့ မစိန်ကျေးရွာကို Y12 လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရွှေမျောလုပ်ငန်းလုပ်ကိုင်နေကြတဲ့ ပြည်သူ ၃ ယောက် သေဆုံးခဲ့ရသေးတယ်လို့ ဆိုပါတယ်။
ပြည်သူကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်နတဲ့ စစ်ကောင်စီတပ် အမြန်ဆုံးအမြစ်ပြတ်နိုင်ဖို့အတွက် တနိုင်ငံလုံးက တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း စစ်ရေးအရှိန်တိုးမြှင့်ဆောင်ရွက်ကြဖို့ စစ်ကိုင်းတိုင်းအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။