
အင်အားပြင်း ငလျင်ဒဏ်သင့် မန္တလေးမြို့မှာ မိုးသည်းစွာ ရွာသွန်းခဲ့မှုကြောင့် ယာယီတဲနဲ့ နေထိုင်နေကြရတဲ့ ငလျင်ဘေးသင့် ပြည်သူတွေ နေထိုင်ဖို့ အခက်တွေ့နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဧပြီ ၃၀ ရက် ည ၈ နာရီကျော်ကနေ မေ ၂ ရက် မနက်ပိုင်းအထိ အင်အားပြင်း ငလျင်ဒဏ်သင့် မန္တလေးမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ယာယီတဲထိုးနေထိုင်ကြရတဲ့ နေရာတွေထဲကို ရေဝင်ရောက်လာတာလို့ ဆိုပါတယ်။
ငလျင်ဒဏ်သင့် မန္တလေးမြို့ခံတယောက်က “မိုးက ရက်ဆက်ရွာချတော့ ယာယီတဲတွေထဲ ရေတွေဝင်ရောက်ပြီး နေဖို့ထိုင်ဖို့ အခက်တွေ့နေတာ။ တဲတွေပြိုကျတာ မဟုတ်ဘူး၊ မိုးများတာကြောင့် အောက်ကနေ ရေတွေ ဝင်လာတာ။ လေပြင်းက တချက်တချက် တိုက်တော့ အမိုးတွေပါ လန်ထွက်ပြီး တဲအတွင်းက အကုန်စိုကုန်တာ” လို့ ပြောပါတယ်။
မန္တလေးမှာ အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက် အချိန်တလကျော် ဖြစ်တာကြောင့် အသင့်စား အစားအသောက် ပစ္စည်းတွေ လှူဒါန်းတဲ့ အလှူရှင်တွေ နည်းပါးလာတဲ့အတွက် ငလျင်ဒဏ်သင့် မိသားစုတွေအဖို့ စားဝတ်နေရေးအတွက် ချက်ရေး ပြုတ်ရေး အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။
မန္တလေးမြို့ခံ ကူညီကယ်ဆယ်ရေး အဖွဲ့ဝင်တယောက်က “မိုးက ဆက်ရွာဦးမယ်လို့ ကြေညာထားတယ်။ အခုထက်ဆိုးဝါးတဲ့ အခြေအနေ မဖြစ်ဖို့ဘဲ ဆုတောင်းနေတာ။ နေထိုင်ရေးကတော့ ခက်ခဲတာပေါ့နော်။ လေပြင်းတွေ တိုက်ခတ်ရင် အခုထက် ပိုဆိုးမှာ။ ရှာဖွေရှင်းလင်းရေးတွေလည်း လုပ်နေရတုန်းပါ” လို့ ပြောပါတယ်။
ငလျင်ဒဏ်သင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း အပါအဝင် တိုင်းနဲ့ ပြည်နယ် အများစုမှာ မေ ၁ ရက်ကနေ ၄ ရက်အထိ အရှေ့ဘက်နဲ့ အနောက်ဘက်က ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်နဲ့ တရုတ်ပြည်မကြီးဘက်က ဆင်းလာတဲ့ လေနွေးတွေ ထိတွေ့မှုကြောင့် အချိန်အခါမဟုတ် မိုးတွေရွာနိုင်တယ်လို့ စစ်ကောင်စီ မိုးလေဝသဌာနက ဧပြီ ၃၀ ရက်မှာ သတိပေးချက် ထုတ်ပြန်ထားပါတယ်။
အင်အားပြင်း ငလျင်ဒဏ်သင့် မန္တလေးမှာ ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက်ကလည်း အချိန်အခါမဟုတ် မိုးရွာပြီး လေပြင်းတိုက်ခတ်မှုဒဏ်ကြောင့် ငလျင်ဒဏ်ထိထားတဲ့ ၂၈ လမ်း၊ လမ်း ၈၀ နဲ့ ၈၁ ကြားက ၃ ထပ်တိုက်တလုံး ပြိုကျပျက်စီးခဲ့ပြီး ယာယီတဲတွေ လေထဲလွင့်ပါတဲ့အထိ ဖြစ်ခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။