
၂၀၀၈ ခုနှစ် မေလ ၂ ရက်မှာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို နာဂစ်မုန်တိုင်း ဝင်ရောက်ခဲ့တာ အခုဆိုရင် ၁၇ နှစ် ရှိသွားခဲ့ပါပြီ။ အလားတူ ပြီးခဲ့တဲ့ မတ် ၂၈ ရက်က ကြုံခဲ့ရတဲ့ ငလျင်သဘာဝဘေးဟာလည်း လူထောင်ချီသေဆုံးရတဲ့ ဆိုးရွားတဲ့ သဘာဝဘေးတခု ဖြစ်ခဲ့ပါတယ်။
သဘာဝဘေးအန္တရာယ်တွေ ကြုံချိန်တိုင်း စစ်တပ်ရဲ့ အမြတ်ထုတ်မှုတွေနဲ့ လျစ်လျူရှုမှုတွေက မပြောင်းလဲကြောင်း ကိုယ်တိုင်ကြုံရသူတွေနဲ့ လေ့လာသုံးသပ်သူတွေက ပြောဆိုကြပါတယ်။
လွန်ခဲ့တဲ့ ၁၇ နှစ်ကဖြစ်ခဲ့တဲ့ နာဂစ်သဘာဝဘေးကြုံချိန်နဲ့ ပြီးခဲ့တဲ့လက ဖြစ်ခဲ့တဲ့ အင်အားပြင်းငလျင် လှုပ်ခတ်ချိန်ဟာ စစ်တပ်အာဏာအောက်မှာ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
၂၀၀၈ ခုနှစ် မေ ၂ ရက်ကဖြစ်ခဲ့တဲ့ နာဂစ်မုန်တိုင်းဟာ အမြင့်ဆုံး လေတိုက်နှုန်း တနာရီကို ၁၃၀ မိုင်နှုန်းနဲ့ တိုက်ခတ်ခဲ့တာဖြစ်ပြီး ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းအတွင်းက လူပေါင်း ၂,၄၀၀,၀၀၀ လောက်ကို ဆိုးဆိုးဝါးဝါး ထိခိုက်ခဲ့ရပါတယ်။ လူတသန်းနီးပါး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး လူတသိန်းကျော် သေဆုံးခဲ့ရပါတယ်။
ဒီဖြစ်ရပ်ဆိုးဟာ ၁၇ နှစ် ကြာမြင်ခဲ့ပေမဲ့ ကိုယ်တိုင်ကြုံရသူတွေအတွက်တော့ အိပ်မက်ဆိုးတခု ဖြစ်နေတုန်းပါပဲ။
လပွတ္တာဒေသခံတယောက်က “နာဂစ်ဖြစ်တဲ့အချိန်မှာ ကျမတို့မြို့ပေါ်မှာက ၅ နာရီဝန်းကျင်လောက်မှာ လေတအားတိုက်နေတာ၊ အဲ့အချိန်မှာ ကျမတို့က နယ်တွေကိုကျတော့ အဲ့တုန်းက အဆက်အသွယ် လုံးဝ ပြတ်သွားတယ်လေ၊ မသိလိုက်တာ။ နယ်တွေမှာကတော့ အဲ့အချိန် အကုန်လုံး မြုပ်သွားပြီလို့ပြောတယ်။ အဲ့အချိန်ကလည်း ကျမတို့ မြို့ပေါ်မှာလည်း မီးမရှိ ဘာမရှိကို ဖြစ်သွားတာပေါ့နော်၊ အကုန်ပျက်သွားတော့။ ဘာသတင်းမှလည်း မရတဲ့ အခြေအနေ ဖြစ်သွားတာပေါ့။ ကယ်ဆယ်ရေး၊ ဘယ်နိုင်ငံက ကယ်ဆယ်ရေး လာဖို့အတွက် ဘယ်နေရာမှာ စောင့်နေပါပြီ၊ ဒါပေမဲ့ ပေးမဝင်ပါဘူးဆိုတဲ့ သတင်းတွေလည်း ကြားတာပေါ့နော်။ နယ်ဘက်မှာဆိုရင်လေ ကျမတို့ဆီက အုန်းပင်တွေဆိုရင် အမြင့်ကြီး။ အဲဒီအမြင့်ကြီးတောင်မှ ဆုံးသွားလောက်အောင် ရေတက်တယ် ဆိုတာကတော့လေ တော်တော်ကြီးကို ဒီဟာကို ကြုံခဲ့ရတဲ့သူတွေက တော်တော်ကို သွေးပျက်စရာ ဖြစ်မှာပေါ့လေ။ အဲ့အပြင်ကိုမှ ကိုယ့်ဘာသာကိုယ် အသက်ရှင်ကျန်ခဲ့ရင်တောင် ကယ်မယ့်သူမရှိ၊ စားစရာမရှိ” လို့ ပြောပါတယ်။
မုန်တိုင်းတိုက်ခတ်ပြီး တပတ်ကြာတဲ့အထိ ကယ်ဆယ်ရေးအစီအစဉ်တွေ မစတင်နိုင်ခဲ့တာကြောင့် ဒေသခံတွေဟာ အတော်ကို ဆိုးရွားတဲ့အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
အဲဒီအချိန်က အုပ်ချုပ်ရေးအာဏာရယူထားတဲ့ နအဖ စစ်အစိုးရဟာ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေကို မုန်တိုင်းပြီး ၃ ပတ်ကြာမှ ခွင့်ပြုချက်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
လက်ရှိအချိန်ကာလမှာလည်း မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိတဲ့ ငလျင်ကြီးကြောင့် မန္တလေး၊ စစ်ကိုင်း၊ ပဲခူး၊ မကွေးနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဒေသတွေမှာ ငလျင်ဘေးသင့်ခဲ့ရပြီး စစ်ကိုင်းနဲ့ မန္တလေးက ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ များခဲ့ရပါတယ်။
နာဂစ်နဲ့ ငလျင်သဘာဝဘေးအတွင်း အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေ၊ တုံ့ပြန်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက “နာဂစ်ဖြစ်တဲ့အချိန်မှာ ကူညီကယ်ဆယ်ရေးလုပ်တဲ့အချိန်မှာ စစ်ကောင်စီ၊ အဲဒီအချိန်ကရှိခဲ့တဲ့ နအဖ ပေါ့နော်၊ နအဖက သူ အခု ဒီဘက်ခေတ်လိုပဲ လုံခြုံရေးအကြောင်းပြပြီးတော့ နိုင်ငံတကာ ကူညီကယ်ဆယ်ရေး ဝင်မယ့်ကိစ္စကို သူတို့ ဟန့်တားတယ်။ သူတို့ အဲလိုဖြစ်တဲ့အချိန်မှာ အရပ်ဘက်က ကူဖို့ တုံ့ပြန်ဖို့ပေါ့နော် အဲလိုတွေမှာ ထိန်းချုပ်တာတွေ ရှိခဲ့တယ်။ အဲဒီအတွက်ကြောင့်မို့ အဲ့ထိန်းချုပ်မှု၊ အထူးသဖြင့် အသက်ဆုံးရှုံးမှုတွေက အဲဒီတုံ့ပြန်မှု နောက်ကျတဲ့အတွက်ကြောင့်မို့ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးသွားရတဲ့ ကိစ္စတွေရှိတယ်။ နောက်တခုက ဖြစ်တဲ့အချိန်မှာပဲ တိုက်ခိုက်ရေးက ရှိနေတယ်”လို့ ပြောပါတယ်။
သဘာဝဘေးအန္တရာယ်တွေ ခံစားနေရချိန် စစ်အာဏာရှင်တွေဟာ သဘာဝဘေးဒဏ်သင့် ဒေသတွေမှာ အကူအညီပေးရေးထက် နိုင်ငံရေးအရ အသာစီးရယူနိုင်ဖို့ကိုသာ စဉ်းစားခဲ့ကြတာလည်း ဖြစ်ပါတယ်။
နာဂစ်တိုက်ခတ်ခဲ့တဲ့ ၂၀၀၈ ခုနှစ် မေလထဲမှာပဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ကျင်းပခဲ့ကြသလို အခုလက်ရှိအချိန်မှာလည်း စစ်ကောင်စီက ငလျင်ဘေးဒဏ်သင့်နေချိန် လူသားစာနာမှု အကူအညီပေးနိုင်ဖို့ အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားတဲ့ ကာလအတွင်းမှာကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်ဆောင်နေပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ကိုသာ တွင်တွင်ပြောနေတာတွေက သက်သေပဲ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ လူထုရဲ့ ဒုက္ခတွေကို လျစ်လျူရူခဲ့ပြီး နိုင်ငံရေးအရ အမြတ်ထုတ်ဖို့၊ အသာစီးရဖို့ ကြိုးစားခဲ့တယ်လို့ ဒေါက်တာစိုင်းကြည်ဇင်စိုးက ဆက်ပြီးသုံးသပ်ပြောပါတယ်။
“စစ်တပ်လို့ပြောတဲ့ အင်စတီကျူးရှင်းမှာကိုက သူ့ရဲ့ အဓိက အရေးကြီးဆုံးပန်းတိုင်က နိုင်ငံရေးအရ အသာစီးရဖို့၊ ပြီးရင် လူတွေကို ထိန်းချုပ်ထားနိုင်ဖို့၊ ဒီ နိုင်ငံရေးအရ သတ်မှတ်ထားတဲ့ နယ်နိမိတ်အတွင်းမှာ သူ့ရဲ့ အာဏာစက် တည်မြဲဖို့ဆိုတဲ့ ပဒေသရာဇ်ဆန်တဲ့ စဉ်းစားမှုတွေးခေါ်မှုက အခုချိန်ထိ ကျန်နေသေးတယ်လို့ ပြောလို့ရတယ်။ အခုလည်း အဲ့အတိုင်းပဲ၊ ဒီ ကူညီကယ်ဆယ်ရေးတွေ ရောက်လာတဲ့အချိန်၊ နိုင်ငံတကာတွေ အာရုံကျလာတဲ့အချိန်၊ ပြီးတော့ ဘေးနိုင်ငံတွေကလည်း ကျနော်တို့ ဝိုင်းပြီးတော့ စိတ်ဝင်စားနေတဲ့ ဒီ မြန်မာ့အရေး ပြေလည်ဖို့အတွက် ကြိုးစားနေကြတဲ့အချိန်မှာ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သူ့အနေနဲ့ နိုင်ငံရေးအရ အားသာချက် ဘယ်လိုတည်ဆောက်လို့ ရမလဲဆိုတဲ့ဟာက ဦးတည်ချက်အကြီးဆုံး ဖြစ်နေတယ်လို့ ကျနော်တို့ ယူဆလို့ရတယ်။ အဲဒီသဘောမျိုး နားလည်လို့ရတဲ့ လုပ်ဆောင်မှုပုံစံတွေလည်း တောက်လျှောက် တွေ့နေရတယ်ခင်ဗျ။”
နာဂစ်မုန်တိုင်းကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ ပြည်သူတွေဟာ အခုလို ၁၇ နှစ်တာ ကြာလာခဲ့ပေမဲ့လည်း အိပ်မက်ဆိုးတွေနဲ့သာ ရှင်သန်နေထိုင်ကြရဆဲပဲ ဖြစ်ပါတယ်။
နာဂစ်အတွင်းမှာ ထိခိုက်ခံစားရသူတွေရော အခုလက်ရှိ ငလျင်ဘေးဒဏ် ခံစားကြရသူတွေရော ပြောဆိုခဲ့ကြတာကတော့ အကူအညီတွေသာ မြန်မြန်ရခဲ့မယ်ဆိုရင် အသက်တွေ ထိခိုက်ဆုံးရှုံးမှု ရှိမှာမဟုတ်ဘူးဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။
လပွတ္တာဒေသခံတယောက်က “ကယ်ဆယ်ရေးသာ မြန်မြန်ရောက်လာခဲ့ရင်ပေါ့နော် အသက်ရှင်နိုင်တယ်၊ နောက် မြို့ပေါ်တက်လာတော့ အကုန်ငိုယိုပြီး တက်လာတော့ မိသားစု တကွဲတပြားတွေပေါ့နော်၊ အဲ့လိုမျိုး အပူတွေကို တအားမြင်ခဲ့ရတဲ့အခါကျတော့လေ ဒါမျိုးကို ဒီလိုအချိန်ရောက်တိုင်းလည်း အမြဲတန်းလည်း ဒီအချိန်ရောက်တိုင်း မြို့ပေါ်မှာလည်း သူတို့အတွက် ရည်စူးပြီးတော့ အမျှဝေတာတို့ ဘာတို့တော့ လုပ်ကြပါတယ်။ ဒီအဖြစ်ဆိုးမျိုးကြီးကို ကြုံလည်း မကြုံချင်ဘူးပေါ့နော်။ တကယ်လို့ ကြုံခဲ့ရရင် မလွှဲမရှောင်သာ သဘာဝဘေးမို့ ကြုံခဲ့ရမယ်ဆိုရင်ပေါ့နော်၊ အစိုးရကောင်းကောင်းလေးနဲ့ တကယ် ကိုယ်ချင်းစာတရားရှိတဲ့ အစိုးရတရပ်နဲ့ဆိုရင် မသေသင့်ဘဲနဲ့ သေသွားရတဲ့သူတွေအတွက် အသက်ရှင်ခွင့်လေးတွေ ရသွားနိုင်တာပေါ့နော်” လို့ ပြောပါတယ်။
ငလျင်သဘာဝဘေးမှာ Great Wall ပြိုကျပြီး ခင်ပွန်းသည်နဲ့အတူ သမီး ၂ ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ အမျိုးသမီးတယောက်ကလည်း သူ့ရဲ့ဆုံးရှုံးမှုအတွက် အခုချိန်ထိ ဖြေမဆည်နိုင်သေးဘဲ ဖြစ်နေတုန်းပါပဲ။
“ဒီလို ရုရှားသာ အစ်မတို့ဘက်ဆီကို ဝင်ခဲ့မယ်၊ ဟိုတယ်ဘက်ကသာ ခွင့်ပြုခဲ့မယ်ဆိုရင် အဲဒီထဲမှာ ရှင်တဲ့သူက အများကြီးရှိသေးတယ် သိလား။ နောက်ဆုံးထွက်လာတဲ့ အေးမိုး ပြောပြချက်အရ ဆိုရင် ကျမသမီးလေးဆိုရင် ကျမကို အရမ်းရှာတာ၊ အငယ်လေးဆိုရင် မားမား၊ မားမားနဲ့ အကြာကြီး အော်နေရှာတာတဲ့ သိလား။”
ဒါ့အပြင် နာဂစ်မုန်တိုင်း၊ မိုခါ၊ လက်ရှိ ငလျင်ကပ်ဘေး စတဲ့ သဘာဝဘေးအန္တရာယ်သင့် ပြည်သူတွေအတွက် နိုင်ငံတကာကပေးတဲ့ အကူအညီတွေကိုလည်း စစ်အာဏာရှင် အဆက်ဆက်က အလွဲသုံးစားပြုလုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
ဘေးအန္တရာယ်ခံရတဲ့သူတွေကို ပေးတဲ့ နိုင်ငံတကာအကူအညီ ပစ္စည်းတွေကို စစ်အစိုးရက ပေးတဲ့ပုံစံဖြစ်အောင် ပြုပြင်မွမ်းမံပြီး နိုင်ငံပိုင် သတင်းဌာနတွေကနေ ဗိုလ်ချုပ်ကြီး ဦးသန်းရွှေက ဘေးအန္တရာယ် ကယ်ဆယ်ရေး ပစ္စည်းတွေကို အခမ်းအနားများနဲ့ လွှဲပြောင်းပေးနေတာတွေကို ထုတ်လွှင့်ခဲ့ကြတယ်လို့ အေပီသတင်းဌာနက ဖော်ပြခဲ့တာ ရှိပါတယ်။ ဒီအခြေအနေဟာ လက်ရှိ ငလျင်သဘာဝဘေးမှာလည်း မပြောင်းလဲဘဲ ဆက်ဖြစ်ခဲ့ပါတယ်။
ဝမ်းတွင်းမြို့ ဒေသခံတယောက်က “UN က ကားတွေက လာရော၊ အစ်မထင်တာက ငလျင် ဆိုးဆိုးရွားရွား လှုပ်သွားတဲ့ ပျက်စီးသွားတဲ့ ရပ်ကွက်မှာ ပစ္စည်းတွေ တခါတည်းဝေမယ်လို့ ထင်တာ၊ အဲဒါ ကားတွေ လိုက်ရှာတာ။ ပြီးတော့မှ မတွေ့မတွေ့နဲ့ ကားတွေအကုန်လုံးက အဲဒီ အုပ်ချုပ်ရေးမှူးရုံးထဲမှာပဲ ရောက်၊ ပစ္စည်းတွေလည်း အဲမှာပဲချပြီး တခါတည်း ပြီးပြီး ပြန်သွားတာ။ သူတို့သယ်လာတဲ့အထဲမှာ ရွက်ဖျင်တဲ tent တွေ အဖြူရောင်ကြီးတွေ အများကြီးပါတယ်တဲ့၊ ပြီးတော့ တပိုင်တနိုင် ရေသန့်စက်တွေ ပါတယ်တဲ့။ အခုထိပေါ့နော် အဲဒီ ရွက်ဖျင်တဲတွေ ဘယ်သူမှမရဘူး။ ဒီ မြို့ပေါ်က ရပ်ကွက်အုပ်ချုပ်ရေးမှူး ၆ ယောက် တပိုင်တနိုင် ရေသန့်စက် တယောက်တလုံးရတယ်၊ ဒါပဲ။ ကျန်တာတွေ အကုန်လုံး အဲဒီအုပ်ချုပ်ရေးမှူး ရုံးထဲပဲ” လို့ ပြောပါတယ်။
အင်အားပြင်းငလျင်လှုပ်ခတ်ပြီး နောက်ပိုင်း စစ်ကောင်စီကနေတဆင့် ငလျင်ဒဏ်သင့်ဒေသတွေ အတွက် နိုင်ငံတကာက အလှူငွေ စုစုပေါင်း ၂၉၂ ဒသမ ၈၉ သန်းလောက် လှူဒါန်းပေးတာတွေ ရှိခဲ့တယ်လို့ DVB က ကောက်ယူရရှိထားတဲ့ စာရင်းတွေအရ သိရပါတယ်။
နာဂစ်မုန်တိုင်းကြောင့် လပွတ္တာမြို့နယ်တခုတည်းမှာပဲ လူဦးရေ ၈၀,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ဘိုကလေးမြို့မှာတော့ လူဦးရေ ၁၀,၀၀၀ နီးပါး သေဆုံးခဲ့ရပါတယ်။
DVB Data Team က ကောက်ယူထားတဲ့ စာရင်းတွေအရတော့ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် သေဆုံးခဲ့သူပေါင်း ၄,၄၀၀ ကျော်ရှိပြီး ထိခိုက်ဒဏ်ရာရရှိသူကတော့ ၁၁,၀၀၀ ကျော်ရှိသလို ငလျင်ဘေးသင့်သူကတော့ ၂ ဒသမ ၄ သန်း ရှိပါတယ်။
နေအိမ်အဆောက်အအုံပေါင်း ၅၅,၀၀၀ ကျော် ပျက်စီးခဲ့ပြီး ဘာသာရေးအဆောက်အအုံ၊ လမ်းတံတား စတဲ့ အထွေထွေပျက်စီးမှုတွေရဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကတော့ အမေရိကန် ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံ ရှိပါတယ်။
မြတ်သဇင်