
စစ်ကောင်စီတပ်က ဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင် ရုံးထိုင်ကွပ်ကဲနေတဲ့ မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်မှာ ဓားပြအမှုကို ရဲတွေက မမိသေးပေမဲ့ သူခိုးနဲ့ လုယက်သူတွေကို ဆက်တိုက်ဖမ်းမိလာတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဧပြီ ၂၈ ရက်က ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်က ရွှေဇာမဏီ ရွှေဆိုင်ကို ဓားပြတိုက်တဲ့ အဖွဲ့ကို မမိပေမဲ့ တိုင်းရဲတပ်ဖွဲ့က ဧပြီ ၂၉ ရက်မှာ ချမ်းအေးသာစံမြို့နယ်ထဲ လိုက်လံခိုးယူနေတဲ့ သူခိုး ၅ ယောက်အဖွဲ့ကို ဖမ်းမိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူ တယောက်က ပြောပါတယ်။
“သူခိုးအဖွဲ့မိတဲ့နေ့က ခရိုင်မှူးက ဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင်ကို ဖုန်းဆက်တယ်၊ ၅ ယောက်အဖွဲ့ မိပြီဆိုပြီး၊ ဟိုကလာတော့ မိန်းမ ၂ ယောက် ပါနေတော့ ဒါက ဓားပြတိုက်တဲ့အဖွဲ့တွေမှ မဟုတ်တာ၊ ငါ့ကို ချင်း(ဂျင်း)ထည့်တာလားဆိုပြီး ဆဲသွားတယ်။ အမှန်က အဲဒီဓားပြမှုကို စရဖ အဖွဲ့က ကိုင်နေတာ။”
ဖမ်းမိတဲ့အဖွဲ့မှာ ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံရပ်ကွက်၊ လမ်း ၇၀ နဲ့ ၇၁ လမ်းကြား၊ ၃၂ ဘီ လမ်းရှိ တိုက်ခန်းမြေညီထပ်မှ သိန်း ၄,၀၀၀ ကျော် ဝင်ရောက်ခိုးယူခဲ့တဲ့ အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ပါအဖွဲ့ဖြစ်တယ်လို့ သူကရှင်းပြပါတယ်။
အလားတူ ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာမှာ ဧပြီ ၂၇ ရက်က အငြိမ်းစားပါမောက္ခ တယောက်ကို သတ်ပြီး ရွှေ ငွေ လက်ဝတ်လက်စားတွေ ယူသွားတဲ့ အမျိုးသားကိုလည်း မေ ၁ ရက်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
“အငြိမ်းစားပါမောက္ခ အမျိုးသမီး သတ်ပြီး လုသွားတဲ့သူကို ဟဲဟိုးမှာမိတယ်၊ မဟာအောင်မြေမှာ ဧပြီလ ၂၇ မှာဖြစ်တဲ့ လူသတ်မှုလည်း မနေ့ကပဲ ဧရာဝတီတိုင်းဘက်မှာမိတယ်၊ ဓားပြမှုတော့ မမိသေးဘူး။”
ငလျင်ဒဏ်သင့်တဲ့ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်က ရွှေဇာမဏီ ရွှေဆိုင်ကို ဧပြီ ၂၈ ရက် နေ့လယ် ၃ နာရီက ပြောက်ကျားယူနီဖောင်းဝတ်ထားသူ ၂ ယောက် ဦးဆောင်တဲ့ အဖွဲ့က ဓားပြတိုက်ပြီး ရွှေထည်ပစ္စည်း သိန်း ၁,၆၀၀ ကျော် ယူဆောင်သွားခဲ့ပါတယ်။