
အစ္စရေးစစ်တပ်ဟာ သိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်ရှိ အစ္စရေး-ဆီးရီးယား နယ်စပ်တလျှောက် စခန်းချထားခဲ့ပြီး ဧပြီ ၃၀ ရက်က ဒမတ်စကတ်မြို့အနီးမှာ လူမျိုးရေးအကြမ်းဖက်မှုတွေ ပျံ့နှံ့လာတာကြောင့် ဆီးရီးယားမှာ သတိပေးတိုက်ခိုက်မှုတခု လုပ်ဆောင်ခဲ့ကြောင်း အစ္စရေးက ပြောပါတယ်။
ဒါဟာ လူနည်းစု ဒရူးဇ် အုပ်စုကို အကာအကွယ်ပေးမယ် ဆိုတဲ့ သူ့ရဲ့ကတိကဝတ်အတိုင်း ဆီးရီးယားရှိ ဒရူးဇ်တွေကို တိုက်ခိုက်ဖို့ပြင်ဆင်နေတဲ့ အစွန်းရောက်အဖွဲ့ကို သတိပေး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒါဟာ အာဏာရှင်ဟောင်း ဘာရှား အယ်လ်-အာဆဒ် ဖြုတ်ချခံရပြီးနောက်ပိုင်း အစ္စရေးက ဆီးရီးယားရှိ ဒရူးဇ်တွေကို ထောက်ခံတဲ့ စစ်ရေးအရ တိုက်ခိုက်မှုကို ပထမဆုံးအကြိမ်အဖြစ် ကြေညာခဲ့တာပါ။
ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာတော့ အစ္စရေးနိုင်ငံကို နာမည်ထည့်မပြောထားဘဲ “ဆီးရီးယားပြည်တွင်းရေးမှာ ပြည်ပ ဝင်ရောက်စွက်ဖက်မှု မှန်သမျှကို ပယ်ချပြီးတော့ မြင့်မြတ်တဲ့ ဒရူးဇ်ဂိုဏ်း အပါအဝင် ဆီးရီးယားအုပ်စုအားလုံးကို ကာကွယ်ပေးမယ်” လို့ ဆီးရီးယားရဲ့ ကတိကဝတ်ကို ကြေညာခဲ့ပါတယ်။
ဒရူးဇ် အသိုက်အဝန်းဟာ အစ္စလာမ်ဘာသာရဲ့ မူလရင်းမြစ်ကို ယုံကြည်သက်ဝင်ကြတဲ့ သက်တမ်းရှည် ဘာသာရေးနဲ့ လူမျိုးရေး အသိုက်အဝန်းတခုဖြစ်ပြီး ဆီးရီးယား၊ လက်ဘနွန်နဲ့ အစ္စရေးတို့မှာလည်း နောက်လိုက်နောက်ပါတွေ ရှိကြပါတယ်။
ဧပြီ ၂၉ ရက် ကတည်းက ဒရူးဇ်အသိုက်အဝန်း အများစုနေထိုင်ရာ ဒမတ်စကတ်မြို့တော် တောင်ဘက်ရှိ ဂျားရားမနာမြို့မှာ ဒရူးဇ်တွေနဲ့ ဆွန်နီ မွတ်ဆလင် သေနတ်သမားတွေအကြား လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပြီး ဧပြီ ၃၀ ရက်မှာတော့ အကြမ်းဖက်မှုတွေက မြို့တော်အနီးရှိ နောက်ထပ် ဒရူးဇ် အသိုင်းအဝိုင်းရဲ့ ဧရိယာဖြစ်တဲ့ ဆားနယားမြို့ကို ပျံ့နှံ့လာပါတယ်။
ဥပဒေမဲ့အဖွဲ့တွေဟာ ဆားနယားရှိ ပြည်နယ် အထွေထွေလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကြောင့် လူ ၁၁ ယောက် သေဆုံးခဲ့ပြီး တခြားသူတွေလည်း ဒဏ်ရာရရှိခဲ့ကြကြောင်း ဆီးရီးယား ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
အကြမ်းဖက်မှုတွေဟာ ဆွန်နီ စစ်သွေးကြွတွေ ယုံကြည်ကိုးကွယ်ထားတဲ့ တမန်တော် မိုဟာမက်ကို ကျိန်ဆဲထားတဲ့ အသံဖိုင်ကနေ စတင်ဖြစ်ပွားခဲ့ပြီး ဒါကို အာရပ် ဒရူးဇ် လူနည်းစုမှ အဖွဲ့ဝင်တယောက်က ပြုလုပ်ခဲ့တာလို့ ယူဆထားပါတယ်။
ဆီးရီးယား ပြည်ထဲရေးဝန်ကြီးဌာနက အသံဖိုင်ရဲ့ဇာစ်မြစ်ကို စုံစမ်းစစ်ဆေးနေကြောင်း ဧပြီ ၂၉ ရက်မှာ ပြောကြားခဲ့ပြီး တည်ငြိမ်မှုရှိကြဖို့ တောင်းဆိုထားပါတယ်။
အစ္စရေးဟာ ဒီဇင်ဘာမှာ အာဏာသိမ်းခဲ့တဲ့ ဆွန်နီ အစ္စလာမ္မစ်တွေကို နယ်စပ်မှာ မြင့်တက်လာတဲ့ ခြိမ်းခြောက်မှုတခုအဖြစ် ရှုမြင်နေပြီး အစ္စရေးတပ်တွေကို အနောက်တောင်ဘက် စေလွှတ်ပြီး ဒရူးဇ်လူနည်းစုကို ကာကွယ်ပေးမယ်လို့ ကတိပြုထားပါတယ်။
Source: Reuters