
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ရှင်းဘတ် ပြည်တွင်းထောက်လှမ်းရေးဌာန အကြီးအကဲကို ဖြုတ်ချဖို့ ကြိုးပမ်းခဲ့ပြီးနောက် ၆ ပတ်အကြာ ဧပြီ ၂၈ ရက်မှာ ရှင်းဘတ်ခေါင်းဆောင် ရိုနန်ဘားက သူဟာ ဇွန်လ ၁၅ ရက်မှာ ရာထူးမှ နုတ်ထွက်တော့မယ်လို့ ကြေညာခဲ့ပါတယ်။
ရှင်းဘတ်အကြီးအကဲ ရိုနန်ဘားက “၃၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက်မှာ အမြဲတမ်း တာဝန်ဆက်ခံသူကို ခန့်အပ်ခြင်း လုပ်ငန်းစဉ်နဲ့ စနစ်တကျ အလုပ်တာဝန် လွှဲပြောင်းမှုတွေကို စနစ်တကျ ဆောင်ရွက်နိုင်ဖို့အတွက် ၂၀၂၅ ခုနှစ် ဇွန်လ ၁၅ ရက်နေ့ကျရင် ကျနော့်ရဲ့အခန်းကဏ္ဍကို အဆုံးသတ်မှာပါ” လို့ လုံခြုံရေးဌာနမှ ထုတ်ပြန်တဲ့ မှတ်ချက်မှာ ပြောပါတယ်။
မတ် ၁၆ ရက်မှာ နေတန်ယာဟုက သူ ရိုနန်ဘားအပေါ် ယုံကြည်မှုဆုံးရှုံးသွားတာ အတော်ကြာပြီ ဖြစ်ကြောင်းနဲ့ အကြမ်းဖက်မှု နှိမ်နင်းရေးနဲ့ အစိုးရအရာရှိတွေအတွက် လုံခြုံရေးကဏ္ဍတွေ ပါဝင်နေတဲ့ ပြည်တွင်းလုံခြုံရေးဌာနရဲ့ အကြီးအကဲအပေါ် ယုံကြည်မှုက အထူးသဖြင့် စစ်ဖြစ်နေချိန်မှာ အလွန်အရေးကြီးတယ် ဆိုပြီး ပြောကြားခဲ့တာပါ။
မတ်လတုန်းက ရိုနန်ဘားကို ထုတ်ပယ်ဖို့ အစ္စရေးဝန်ကြီးချုပ်ရဲ့ ဆုံးဖြတ်ချက်ကြောင့် နိုင်ငံတဝန်း ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီး ဝေဖန်သူတွေကလည်း အစိုးရဟာ အဓိကနိုင်ငံတော်အဖွဲ့အစည်းတွေကို အားနည်းစေပြီး အစ္စရေး ဒီမိုကရေစီရဲ့ အခြေခံအုတ်မြစ်တွေကို အန္တရာယ်ဖြစ်စေတယ်လို့ ငြင်းခုံခဲ့ကြပါတယ်။
အကြမ်းဖက်မှုနှိမ်နင်းရေး စုံစမ်းစစ်ဆေးမှုတွေကို ကိုင်တွယ်ဆောင်ရွက်တဲ့ ရှင်းဘတ်ဌာနဟာ နေတန်ယာဟုရဲ့ လက်ယာညွန့်ပေါင်း အစိုးရကတဖက်၊ လုံခြုံရေး ထူထောင်ရေးအဖွဲ့ဝင်တွေကနေ ဂါဇာရှိ ဓားစာခံတွေရဲ့ မိသားစုတွေအထိ ပါဝင်နေတဲ့ နေတန်ယာဟု အစိုးရကို ပြစ်တင်နှိပ်ကွပ်နေတဲ့ ဝေဖန်သူများ အခင်းအကျင်းက တဖက် ကြားအလယ်တည့်တည့်မှာ ရှိနေတာ ဖြစ်ပါတယ်။
အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံတွေ လွတ်မြောက်ရေး ဆွေးနွေးပွဲတွေမှာ အစ္စရေးရဲ့ အဓိက စေ့စပ်ညှိနှိုင်းရေးမှူးတွေထဲက တစ်ယောက်ဖြစ်တဲ့ ရှင်းဘတ်ခေါင်းဆောင် ရိုနန်ဘား ဟာ တိုက်ခိုက်မှုကို တားဆီးဖို့ ရှင်းဘတ်ရဲ့ ပျက်ကွက်မှုအတွက် တာဝန်ရှိကြောင်း လက်ခံပြီး သူ့ရာထူးသက်တမ်း မကုန်ဆုံးခင် ၁၈ လ အလိုမှာပဲ ရာထူးနုတ်ထွက်မယ်လို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။
Source: Reuters