
ပီရူးနိုင်ငံ၊ အင်ဒီးစ်တောင်တန်းဧရိယာအတွင်းရှိ ဝါလ်ယူနာရဟူ တောင်တန်းမှာ မြေပြိုမှု ဖြစ်ပွားခဲ့သလို တောင်ခြေရင်းရှိ ရေခဲရေကန်မှာလည်း ရေလျှံမှု ဖြစ်ပွားခဲ့လို့ ကလေးငယ် ၂ ယောက် သေဆုံးပြီး လူ ၈ ယောက် ဒဏ်ရာရခဲ့ကာ လူပေါင်းရာနဲ့ချီ ထိခိုက်ခဲ့ကြောင်း ပီရူးမီဒီယာတွေမှာ ဖော်ပြပါတယ်။
ပီရူးနိုင်ငံ အနောက်အလယ်ပိုင်း အန်ကက်ရှ်မြို့မှ ဒေသခံတွေဟာ ဧပြီ ၂၈ ရက်မှာ အပျက်အစီးတွေနဲ့ ရွှံ့နွံတွေကို ရှင်းလင်းဖို့ လုပ်ဆောင်ခဲ့ကြပါတယ်။
ဧပြီ ၂၇ ရက်က တောင်တန်းမှာ မြေပြိုမှုကြောင့် ရေခဲရေကန်ရဲ့ တစိတ်တပိုင်း မြေကြီးတွေ ပြည့်သွားပြီး အဲဒါကနေ ဖြစ်ပေါ်လာတဲ့ မြေပြိုမှုကြောင့် တနင်္လာနေ့အစောပိုင်းမှာ ဒေသခံတွေ အံ့အားသင့်ခဲ့ရပြီး နေအိမ်တွေကနေ ထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။
ပီရူးနိုင်ငံရှိ ရေခဲမြစ်တွေနဲ့ တောင်ဂေဟစနစ်ဆိုင်ရာ သုတေသန အမျိုးသားအင်စတီကျု (INAIGEM) ရဲ့ ပြောကြားချက်အရ နည်းပညာဆိုင်ရာ ကွင်းဆင်းစစ်ဆေးခြင်းရဲ့ တစိတ်တပိုင်းအနေနဲ့ ဧပြီ ၂၈ ရက်က ဆိုးရွားတဲ့ ရေလွှမ်းမိုးမှုတခု ဖြစ်ပွားခဲ့ပြီး မတ် ၂၆ ရက်ကလည်း အဲဒီဒေသမှာပဲ တခြားမြေပြိုရေလျှံမှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
အန်ကက်ရှ်ဒေသမှာ ရေလျှံနိုင်တဲ့ အန္တရာယ်ရှိ ရေအိုင်ပေါင်း ၁၆၀ လောက် ရှိနေသေးကြောင်းလည်း INAIGEM တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
အန်ကက်ရှ်ဒေသဆိုင်ရာ ကျန်းမာရေးဒါရိုက်တာ ရီကာဒိုနာတီဗီဒက်ကော်လက်စ်က “ဒါဟာ ပထဝီဝင်ဧရိယာကြောင့် ကြေကွဲစရာဖြစ်ပြီး ရာသီဥတုကလည်း အဆင်မပြေကြောင်းနဲ့ အကြောင်းရင်းဟာ ရေကန် ရေလျှံမှုကြောင့်လား ဒါမှမဟုတ် မိုးရွာတာနဲ့ ဆက်စပ်မှု ရှိ မရှိ ဆိုတာကို ဆုံးဖြတ်နေတုန်းပါပဲ” လို့ ပြောပါတယ်။
သိပ္ပံဆိုင်ရာ မီဒီယာတခုဖြစ်တဲ့ The Conversation ကတော့ ကမ္ဘာ့အပူချိန် မြင့်တက်လာခြင်းကြောင့် ရေခဲမြစ်တွေ မြန်မြန်ဆန်ဆန် အရည်ပျော်သွားတာကနေ ပီရူးမှာ ရေခဲဆည်ကျိုးပေါက်မှု အန္တရာယ် ကြုံရပြီးတော့ အဓိက စိုးရိမ်စရာ ဖြစ်နေပြီလို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ အနှစ် ၅၀ အတွင်း သိသိသာသာ ကြီးထွားလာခဲ့တဲ့ တိုးချဲ့ ရေခဲရေကန်တွေထဲကို ကျဆင်းလာတဲ့ မြေပြိုမှုတွေကနေ ရေလွှမ်းမိုးမှုအန္တရာယ် တိုးလာတာလို့လည်း ဆိုထားပါတယ်။
Source: Reuters