
ကရင်နီပြည်နယ်၊ လိုပွာခိုခရိုင် (မော်ချီး) မှာ အရေးပေါ်ကာလ အခြေအနေအရ Star link အသုံးပြုခွင့်ကို တလပိတ်ထားမယ်လို့ ခရိုင်ပူးပေါင်းအုပ်ချုပ်ရေးကော်မတီက ဧပြီ ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Star link wifi အသုံးပြုခွင့်ကို တလပိတ်ထားပြီး ဌာနဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ Star link အသုံးပြုခွင့် မှတ်ပုံတင်တွေကို မိုးခီးအုပ်စု အုပ်ချုပ်ရေးမှူးရုံးမှာ စာရင်းသွင်းရမယ်လို့ ဆိုပါတယ်။
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး ၂ ဦးဗညားက “လုံခြုံရေးအရ ခုလောလောဆယ် တလပိတ်ထားဖို့ အမိန့်စာတမ်း ထုတ်ထားတယ်။ ပြည်သူလူထုနဲ့ လုပ်ငန်းရှင်တွေကိုတော့ တလပိတ်ထားတယ်ပေါ့နော်။ ဒါပေမဲ့ သက်ဆိုင်ရာ အစုအဖွဲ့တွေကိုတော့ သုံးစွဲတဲ့ပုံစံကိုတော့ အသိပေးပြီး သုံးစွဲလို့ရတယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။
အရေးပေါ်ကာလအတွင်းမှာ စားသောက်ဆိုင်နဲ့ ကုန်စုံဆိုင်တွေကို မနက် ၆ နာရီကနေ ညနေ ၆ နာရီထိ ခွင့်ပြုတာ၊ လူစုလူဝေး ပွဲလမ်းသဘင်တွေ၊ ဘာသာရေးပွဲတွေကို တလအတွင်း ဆောင်ရွက်ခွင့် မပြုတာ၊ ကျေးရွာရပ်ကွက်တွေထဲ ည ၈ နာရီကျော်ရင် သွားလာခွင့်ကန့်သတ်ပြီး အရေးပေါ်အခြေအနေမှာ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၊ လုံခြုံရေးအဖွဲ့တွေရဲ့ ထောက်ခံမှုနဲ့ ခွင့်ပြုတာတွေ ပါဝင်ပါတယ်။
မော်ချီးဒေသမှာ ဖြစ်ပေါ်နေတဲ့ လေကြောင်းဖြစ်စဥ်တွေကို ဓာတ်ပုံ၊ ဗီဒီယိုရိုက်ပြီး လိုင်းပေါ်တင်တာ တားမြစ်ထားပြီး စစ်ဆေးရေးဂိတ်တွေမှာ လူဝင်လူထွက်ကို စိစစ်ကာ သက်ဆိုင်ရာ အုပ်ချုပ်ရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရဲ့ ထောက်ခံစာပါမှ သွားလာခွင့်ပြုမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ် ၇ ရက်၊ ဧပြီ ၂၄ နဲ့ ၂၆ ရက်နေ့တွေမှာ စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၈ ယောက် သေဆုံးခဲ့ရပြီး ၁၃ ယောက် ဒဏ်ရာရရှိကာ အဆောက်အအုံတချို့ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။