
ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်ကနေ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတဲ့အတွက် မော်ချီးကို သွားလာနေတဲ့ လမ်းကြောင်းကို မတ် ၄ ရက်ကစပြီး ပိတ်ထားတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး ၂ ဦးဗညားက ပြောပါတယ်။
စစ်ရေးအခြေအနေ တင်းမာနေတဲ့အတွက် ပြည်သူလူထု လုံခြုံရေးအရ မော်ချီးကို ကုန်စည်ကူးသန်းရောင်းဝယ်နေတဲ့ မော်တော်ယာဥ်တွေ၊ မော်တော်ဆိုင်ကယ်တွေကို ကြေညာချက် ထပ်မံ မထုတ်ပြန်မချင်း ပိတ်ထားမယ်လို့ ဆိုပါတယ်။
ဦးဗညားက “ဒီးမော့ဆိုကနေ မော်ချီးကိုသွားတဲ့ လမ်းတခုလုံးကို ပိတ်တဲ့သဘောပါ။ သွားလာမှုကို ယာယီရပ်ဆိုင်းထားတာပေါ့နော်။ ဒီးမော့ဆိုကနေ ဖားဆောင်းဘက်ကိုသွားတဲ့ လမ်းတလျှောက်ကို ပြောတာလို့ အကြမ်းဖျင်း နားလည်လို့ရပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ပြည်သူ့စစ်မှုထမ်းတွေနဲ့အတူ ဘောလခဲဘက်ကနေ စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေပြီး စစ်ရေးအခြေအနေ တင်းမာနေတယ်လို့ သိရပါတယ်။
ဒီးမော့ဆိုအနောက်ခြမ်းကို စစ်ကောင်စီတပ်က မနေ့က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ၊ အသေခံဒရုန်းနဲ့ ဗုံးကြဲတာတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် စစ်ရှောင်အမျိုးသမီး ထိခိုက်မိပြီး နေအိမ်တလုံး ပျက်စီးခဲ့ပါတယ်။
ဒီနေ့မှာလည်း ဒီးမော့ဆိုအရှေ့ခြမ်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် စစ်ရှောင်ပြည်သူ တယောက်ရဲ့ နေအိမ် မီးလောင်ပျက်စီးခဲ့ပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက ကလေးဝ-မော်လိုက် ကားလမ်းပိုင်းမှာလည်း တိုက်ပွဲတွေဖြစ်လာနိုင်လို့ ပြည်သူတွေအနေနဲ့ အဆိုပါကားလမ်းပိုင်းကို အသုံးမပြုကြဖို့ Kalewa People Defence Organization က မတ်လ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
Kalewa People Defence Organization ပြန်ကြားရေးတာဝန်ရှိသူက “စစ်ကောင်စီဘက်က အခုပွင့်လင်းရာသီမှာ ကလေးဝ-မော်လိုက် ကားလမ်းပိုင်းကို အသုံးပြုပြီးတော့ ကလေးတပ်နယ်နဲ့ မော်လိုက် တပ်နယ်တွေကို တပ်သားသစ်တွေနဲ့ လက်နက်ခဲယမ်း၊ ရိက္ခာတွေ ပို့ဆောင်နေတာ တွေ့နေရတယ်။ အဲဒီစစ်ကြောင်းတွေကို ဖြတ်တောက်ပိတ်ဆို့နိုင်ဖို့ တိုက်ပွဲတွေက အချိန်မရွေး ဖြစ်လာနိုင်လို့ ပြည်သူတွေ အန္တရာယ်ကင်းရှင်းစေဖို့လို့ လမ်းပိတ်ပင်ရတာ” လို့ ပြောပါတယ်။
ဒီလမ်းပိတ်ပင်ရတာနဲ့ပတ်သက်လို့ ခရီးသွားပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။
ကလေးခရိုင် PDF အမှတ် ၉ တပ်ရင်းရဲ့ တပ်ရေးအရာရှိတယောက်က “အဲဒီကားလမ်းပိုင်း ပိတ်ပင်လိုက်ပေမဲ့ ကလေးဝ-မော်လိုက် ဆက်သွယ်ရေးအတွက်ကို ချင်းတွင်းမြစ်ကြောင်းကလည်း အသုံးပြုလို့ရပါတယ်။ စစ်ကောင်စီစစ်ဘက်က ချင်းတွင်းမြစ်ကြောင်းမှာ လှုပ်ရှားတာမရှိဘူးလို့ သိရပါတယ်”လို့ ပြောပါတယ်။
ချင်းတွင်းမြစ်အတွင်း ရေကြောင်းကို အသုံးပြုသွားလာကြဖို့ ကလေးဝ PDF က တိုက်တွန်းထားပေမဲ့ ရေကြောင်းသွားလာရေးမှာ စက်လှေ စီးနင်းခတွေ ဈေးနှုန်းမြင့်မားနေလို့ ခရီးသွားပြည်သူတွေ အခက်တွေ့နေကြရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ကလေးဝ-မော်လိုက် ကားလမ်းပိုင်းအတွက် ပြန်လည်အသုံးပြုနိုင်မယ့်အချိန်ကို ထပ်မံကြေညာပေးဖို့ ရှိနေပါတယ်။
မတ် ၄ ရက်န ညနေပိုင်းမှာလည်း မော်လိုက်-ကလေးဝ ကားလမ်းနားက မထုကြီးကျေးရွာက နာရေးဖြစ်နေတဲ့အိမ်ကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံတချို့ ဒဏ်ရာရခဲ့တယ်လို့ ကလေးဝအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။