
တိုက်ပွဲဖြစ်နေတဲ့ ဧရာ၀တီတိုင်း၊ ဟင်္သာတရိုင်၊ လေးမျက်နှာမြို့နယ်မှာ စစ်ဘေးကြိုတင်ရှောင်တဲ့ အုပ်ချုပ်ရေးမှူးတွေ ဧပြီ ၃၀ ရက်မှာ ခရိုင်နဲ့ မြို့နယ်အဆင့် တာဝန်ရှိသူတွေရဲ့ ခေါ်ယူစစ်ဆေးတာ ခံနေရတယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဧပြီ ၁၈ ရက်က ပန်းတောကြီးကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားပြီးနောက် ပန်းတောကြီးကျေးရွာနဲ့ ပတ်ဝန်းကျင်ကျေးရွာတွေက ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ အုပ်ချုပ်ရေးမှူး မိသားစုတွေ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ ဟင်္သာတမြို့ပေါ်ကို စစ်ဘေး တိမ်းရှောင်ခဲ့တာပါ။
ခရိုင်အဆင့်နဲ့ မြို့နယ်အဆင့် စစ်ကောင်စီခန့် စီမံအုပ်ချုပ်ရေးအဖွဲ့က ကြိုတင်စစ်ဘေးရှောင်ဖို့ မလိုအပ်ဘဲ တိမ်းရှောင်တာကြောင့် အုပ်ချုပ်ရေးနဲ့ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေတာကြောင့် ဆိုပြီး အုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူစစ်ဆေးနေတာလို့ ဆိုပါတယ်။
လေးမျက်နှာမြို့နယ် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက “စစ်မဖြစ်သေးဘဲ ကြိုရှောင်တဲ့ အုပ်ချုပ်ရေးမှူးတွေကို စစ်ဆေးနေတာ။ တကယ်စစ်ဖြစ်လာရင်တောင် အုပ်ချုပ်ရေးမှူးတွေက အခြေအနေကို သိနေရမယ်ပေါ့။ မိသားစု ရှောင်တာကို မပြောလိုဘူးပေါ့ဆိုပြီး ခေါ်ဆူနေတာ။ တပ်နဲ့ ထွေအုပ်က ခေါ်စစ်နေတာ” လို့ ပြောပါတယ်။
စစ်ဘေးကြိုတင် တိမ်းရှောင်ခဲ့တဲ့ လေးမျက်နှာမြို့နယ်ထဲက ပန်းတောကြီး၊ ဝါးတောကွင်း၊ တောင်ရွာ စတဲ့ကျေးရွာတွေ အပါအဝင် ကျေးရွာ ၁၆ ရွာလောက်က ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ရွာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ မိသားစုတွေ စစ်ဆေးခံနေရတာလို့ ဆိုပါတယ်။
လေးမျက်နှာမြို့နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက “စစ်မဖြစ်သေးဘဲ သရုပ်ပျက်တဲ့အထိ စစ်ဘေးရှောင်တာ မလုပ်ဖို့ တားမြစ်ထားရင်းနဲ့ ကြိုတင်စစ်ဘေးရှောင်တဲ့ အုပ်ချုပ်ရေးမှူးတွေကို စစ်ဆေးတာ၊ သတိပေးတာပေါ့နော။ အစကတည်းက စစ်ရေးတင်းမာမှုမရှိတဲ့ ဒေသတွေက အုပ်ချုပ်ရေးမှူးတွေကို မရှောင်ဖို့တားတာ” လို့ ပြောပါတယ်။
လက်ရှိ လေးမျက်နှာမြို့နယ်ထဲက ဆီဆုံကုန်း အပါအဝင် ပတ်ဝန်းကျင်ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ် ခန့်မှန်းအင်အား ၂၀ လောက်နဲ့ ပုသိမ်-မုံရွာ လမ်းမကြီးပေါ်မှာ လေးမျက်နှာမြို့နယ်ထဲဝင်လာတဲ့ အရပ်သား မှန်သမျှကို မှတ်ပုံတင်တောင်းယူကာ တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ဆိုပါတယ်။