
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ် ပန်းတောကြီးကျေးရွာတိုက်ပွဲအတွင်း စစ်သားတွေ ထွက်ပြေးတာနဲ့ ပန်းတော်ကြီးကျေးရွာ လက်လွှတ်ခဲ့ရတာကြောင့်ဆိုပြီး တိုက်ပွဲကို ဦးဆောင်တဲ့ ဗိုလ်မှူးတယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အဲဒီ ဖမ်းဆီးခံရတဲ့ဗိုလ်မှူးဟာ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ် အခြေစိုက် ခလရ ၆၃ ရဲ့ တပ်ရင်းမှာ တာဝန်ကျနေတဲ့သူဖြစ်ပြီး လက်ရှိ ဧရာဝတီတိုင်း၊ ပုသိမ်အခြေစိုက်တပ် ရင်းတခုမှာ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
အနောက် တောင်တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူတယောက်က “ဖမ်းခံထားရတဲ့ အရာရှိ ကိုယ်တိုင်လည်း ဒဏ်ရာရရှိထားတဲ့သူလို့ သိရတယ်။ အခု ပုသိမ်မှာ ချုပ်ထားတယ်လို့ သိရ တာ။ ပန်းတော်ကြီးကျေးရွာ တိုက်ပွဲမှာ စစ်ကောင်စီတပ်က တပ်သားတွေ တပ်ဆုတ်ပြီးထွက်ပြေးတာနဲ့ စစ်လက်နက် ပစ္စည်းတွေ ဆုံးရှုံးခဲ့တာကြောင့် ဖမ်းတာလို့သိရတယ်။ တခြား အကြောင်းတွေလည်း ရှိတယ်” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်ရဲ့အစပ် လေးမျက်နှာမြို့နယ်မှာ အခုနှစ် ဧပြီ ပထမ အပတ်ကစတင်ပြီး အာရက္ခာတပ်တော် (AA) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုတွေနဲ့ ငါးသိုင်းချောင်းမြို့ဘက် ဆုတ်ခွာခဲ့ရပါတယ်။ လက်ရှိ ပန်းတော်ကြီးကျေးရွာကို AA နဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “ပန်းတောကြီး တိုက်ပွဲမှာ စစ်ကားတွေ၊ တင့်ကားတွေ မီးလောင်နေတာ တွေ့ရတယ်။ စစ်ကောင်စီတပ်က လမ်းဘေးမှာ သေဆုံးအလောင်းတွေမနည်း တွေ့ရတယ်။ အခု စက်စက်ယိုရွာဘက်မှာ ပစ်ခတ်သံတွေတော့ ကြားနေရတယ်။ ဘယ်ဘက်က ပစ် ခတ်နေတာလည်းတော့ သချာမသိဘူး” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းနဲ့ စာသင် ကျောင်း အပါအဝင် နေအိမ် အဆောက်အအုံ ရာချီပျက်စီးခဲ့ရပြီး သံဃာနဲ့ အရပ်သားတွေ ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ စစ်ဘေးရှောင်အရေးကူညီပေးသူတွေဆီက သိရပါတယ်။
ရခိုင်- ဧရာဝတီအစပ် ဒေသတွေဖြစ်တဲ့ သာပေါင်း၊ ရေကြည်၊ ပုသိမ်၊ ဟင်္သာတ၊ လေးမျက်နှာ စတဲ့မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားတာရှိတယ်လို့ အာရက္ခတပ်တော် (AA) က ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်က တရားဝင် သတင်းထုတ်ပြန်ခဲ့ပြီး ဘောမိကျေးရွာတိုက်ပွဲ အခြေအနေ အေသးစိတ်ကိုတော့ ထုတ်ပြန်တာ မရှိသေးပါဘူး။