
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် လိုလားတဲ့အတိုင်း ယူကရိန်းနဲ့ အမေရိကန်ကြားမှာ သယံဇာတ သဘောတူညီချက်တရပ်ကို ဧပြီ ၃၀ ရက်မှာ ချုပ်ဆိုနိုင်ခဲ့ပါတယ်။
လနဲ့ချီ အကျေအလည် ဆွေးနွေးခဲ့ကြအပြီးမှာ ယူကရိန်း စွမ်းအင်နဲ့ သယံဇာတရင်းမြစ်တွေကို အတူတကွ ပူးတွဲတူးဖော်ဖို့ သဘောတူညီချက် လက်မှတ်ထိုးနိုင်ခဲ့တာပါ။
ရုရှားနဲ့ စစ်ပွဲကနေ ယူကရိန်းစီးပွားရေး ပြန်နာလန်ထူနိုင်ဖို့ ပြန်လည်ထူထောင်ရေး ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေတခုပါ ထူထောင်ဖို့ နှစ်နိုင်ငံ သဘောတူခဲ့ပါတယ်။
နှစ်ဖက်စလုံးက ယူကရိန်းမှာ အဓွန့်ရှည်တဲ့ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေး ရရှိဖို့ သန္နိဋ္ဌာန်ချထားတယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆန့်က ပြောပါတယ်။
အမေရိကန် စစ်ရေးအကူအညီ ဆက်လက်ရရှိဖို့အတွက် ယူကရိန်းက ဒီသဘောတူညီချက်ကို လက်မှတ်ထိုးပေးခဲ့တာလို့ ယူဆရပါတယ်။
ယူကရိန်း ဒုတိယဝန်ကြီးချုပ် ယူလီယာ ဆဗရီဒန်ကိုဟာ ဝါရှင်တန်ကို လာရောက်ပြီး ဧပြီ ၃၀ ရက်မှာ သဘောတူညီချက်ကို ဘက်ဆန့်နဲ့အတူ လက်မှတ်ထိုးခဲ့တာ ဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံမှာ မြေရှားနဲ့ ဂရာဖိုက်၊ တိုက်တေနီယမ်၊ လီသီယံ တို့လို အရေးပါတဲ့ သတ္တုသယံဇာတတွေ ကြွယ်ဝပါတယ်။
ဒီသတ္တုတွေကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်ရေး၊ စစ်ဘက်သုံးနဲ့ စက်မှုလုပ်ငန်း အခြေခံအဆောက်အအုံတွေအတွက် မရှိမဖြစ် လိုအပ်ပါတယ်။
ဒီလို မြေရှားသတ္တုတွေရဲ့ ၉၀ ရာခိုင်နှုန်းကို တူးဖော်ထုတ်လုပ်နေတဲ့ တရုတ်နဲ့ ကုန်သွယ်ရေးစစ်ပွဲ ဖြစ်နေတဲ့ အမေရိကန်က ယူကရိန်းနဲ့ အခုသဘောတူညီချက်ကို ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
သဘောတူညီချက်ရရှိကြောင်း ကြေညာချက်မှာ ထရမ့်ပ်အစိုးရရဲ့ အသုံးအနှုန်းတွေဟာ အရင်လိုမဟုတ်ဘဲ ယူကရိန်းနဲ့ ညီညွတ်မှုကို ဖော်ပြနေပါတယ်။
“ရုရှားရဲ့ အလုံးစုံကျူးကျော်မှု” လို့ ရည်ညွှန်းထားသလို “ယူကရိန်း ပြန်လည်ထူထောင်ရေးကနေ ရုရှားစစ်ယန္တရားကြီးကို ထောက်ပံ့၊ ပံ့ပိုးနေတဲ့ ဘယ်နိုင်ငံ၊ ဘယ်ပုဂ္ဂိုလ်မှ အကျိုးမရှိစေရဘူး” ဆိုတဲ့ အသုံးအနှုန်းတွေလည်း ဖော်ပြထားပါတယ်။
ဒီသဘောတူညီချက်မှာ တွင်းထွက်သတ္တု၊ ရေနံနဲ့ ဓာတ်ငွေ့ စီမံကိန်းတွေ ပါဝင်ပေမဲ့ သယံဇာတတွေဟာ ယူကရိန်းရဲ့ ပိုင်ဆိုင်မှုအဖြစ် ဆက်ရှိမယ်လို့ ဒုဝန်ကြီးချုပ်က ပြောပါတယ်။
ဖက်စပ်သဘောတူညီချက်ဟာ ၅၀/၅၀ အခြေခံနဲ့ သွားမှာဖြစ်ပြီး ယူကရိန်းလွှတ်တော်က အတည်ပြုပေးဖို့တော့ လိုတယ်လို့ သိရပါတယ်။
သဘောတူညီချက်အရ အမေရိကန်ဟာ ယူကရိန်းအတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ အပါအဝင် စစ်ရေးအကူအညီသစ်တွေလည်း ဆက်လက်ပံ့ပိုးမယ်လို့ သိရပါတယ်။
Source: Reuters