
ဘော့စနီးယားနိုင်ငံ၊ ဘုထ်မီယာ ဆင်ခြေဖုံးရပ်ကွက်ရှိ ခွေး မိုင်းရှင်းလေ့ကျင့်ရေးစင်တာမှာ မိုင်းတွေနဲ့ မပေါက်ကွဲသေးတဲ့ ဗုံးလက်နက်တွေကို ထိထိရောက်ရောက် ထောက်လှမ်းရှာဖွေခြင်းနဲ့ အတားအဆီးတွေနဲ့ အခြေအနေ အမျိုးမျိုးကို ကျော်လွှားတတ်ဖို့ လေ့ကျင့်သင်ကြားပေးနေပါတယ်။
ယူကရိန်းကို ရုရှားက ၂၀၂၂ ခုနှစ်မှာ ကျူးကျော်ပြီး မကြာခင်မှာပဲ နော်ဝေ ပြည်သူ့ကူညီရေးစင်တာဟာ သန်းနဲ့ချီတဲ့ မိုင်းတွေနဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကိရိယာတွေကို ရှင်းလင်းရာမှာ ကူညီပေးဖို့အတွက် အစပိုင်းမှာ မိုင်းရှင်းခွေး ၂၆ ကောင်ကို စေလွှတ်ခဲ့ပြီး နောက်ထပ် လေ့ကျင့်မှုတွေလည်း ပြုလုပ်ပေးနေကြောင်း ခွေးမိုင်းရှင်း လေ့ကျင့်ရေးဆရာ ကေးနန် မတ်ဖှ်တစ်ချ်က ပြောပါတယ်။
ယူကရိန်းမှာ လေ့ကျင့်ရေးဂေဟာမှ အထူးခွေးတွေဟာ အရှေ့မြောက်ဘက်ရှိ ခါကိဗ်နဲ့ တောင်ဘက်ရှိ မိုက်ကိုလေ့ဗ်တို့လို မိုင်းထိခိုက်မှုပြင်းထန်တဲ့ ဒေသတွေမှာ ဒေသခံ မိုင်းရှင်းသမားတွေနဲ့အတူ လုပ်ဆောင်ကြပါတယ်။
တချို့နေရာတွေမှာ သူတို့က ရှေ့တန်းနဲ့ နီးနီးကပ်ကပ် ရှိနေတယ်လို့လည်း လေ့ကျင့်ရေးဆရာ မတ်ဖှ်တစ်ချ်က ပြောပါတယ်။
ကမ္ဘောဒီးယား၊ ဇင်ဘာဘွေ၊ အီရတ်နဲ့ အခုခါ ကမ္ဘာပေါ်မှာ မိုင်းအထူထပ်ဆုံးနိုင်ငံဖြစ်တဲ့ ယူကရိန်း တို့ အပါအဝင် ကမ္ဘာတဝန်ရှိ ပဋိပက္ခဇုန်တွေမှာ ခွေးတွေကို ပေးပို့ တာဝန်ချထားကြောင်း ကုလသမဂ္ဂနဲ့ ယူကရိန်းအစိုးရတို့ရဲ့ ၂၀၂၄ ခုနှစ် ခန့်မှန်းချက်အရ သိရပါတယ်။
၁၉၉၀ ပြည့်လွန်နှစ်တွေက စစ်ပွဲရဲ့ လက်ကျန်အမွေအနှစ်တွေနဲ့ ရုန်းကန်နေရဆဲ ဘော့စနီးယားနိုင်ငံမှာလည်း မြေမြှုပ်မိုင်း စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပြီး အထူးလေ့ကျင့်ထားတဲ့ ခွေးတွေဟာ မိုင်းရှင်းလင်းရာမှာ မရှိမဖြစ် လိုအပ်ပါတယ်။
၂၀၀၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ နော်ဝေပြည်သူတွေရဲ့ ကမ္ဘာလုံးဆိုင်ရာအကူအညီ သင်တန်းကျောင်းဖြစ်တဲ့ မိုင်းနဲ့ ဖောက်ခွဲရေးလက်နက်တွေကို ရှင်းလင်းမယ့် ထောက်လှမ်းရေး ခွေး လေ့ကျင့်ရေးစင်တာဟာ ဆာရာယေဗိုမြို့တော်မှာရှိပြီး မိုင်းရှင်းလင်းရေး ကျွမ်းကျင်တဲ့ ခွေးပေါင်း ၅၀၀ ကျော်ကို လေ့ကျင့်သင်ကြားပေးခဲ့ပြီး ဖြစ်ပါတယ်။
မိုင်းကွင်းတွေနဲ့ မပေါက်ကွဲသေးတဲ့ ဗုံးတွေ၊ လက်နက်တွေကြောင့် လယ်ယာမြေတွေကို အသုံးမပြုနိုင်တဲ့ အခြေအနေ ဖြစ်လာပြီး ယူကရိန်းရဲ့ ပို့ကုန်နဲ့ အခွန်ဝင်ငွေအပေါ် ထိခိုက်မှုကြီးကြီးမားမား ရှိခဲ့ပါတယ်။
ရုရှားရဲ့ ၂၀၂၂ ခုနှစ် ကျူးကျော်စစ်ကတည်းက ချထားခဲ့တဲ့ မြေမြှုပ်မိုင်းတွေကြောင့် ယူကရိန်းနိုင်ငံဟာ နှစ်စဉ် GDP ဒေါ်လာ ၁၁ ဘီလီယံကျော် ကုန်ကျခဲ့ကြောင်း ယူကရိန်း စီးပွားရေးဝန်ကြီးဌာနနဲ့ ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုဆိုင်ရာ တိုနီဘလဲ အင်စတီကျုတို့ရဲ့ ၂၀၂၄ ခုနှစ် အစီရင်ခံစာအရ သိရပါတယ်။
၂၀၂၃ ခုနှစ် ဘော့စနီးယားရှိ မိုင်းလှုပ်ရှားမှုစင်တာမှ အချက်အလက်တွေအရ ဆာ့ဘ်၊ ဘော့စနီးယားနဲ့ ခရိုအေးရှားတပ်ဖွဲ့တွေက နိုင်ငံအနှံ့မှာ စိုက်ထားတဲ့ မြေမြှုပ်မိုင်းတွေကြောင့် လူဦးရေရဲ့ ၁၅ ရာခိုင်နှုန်းလောက်ကို ထိခိုက်နေဆဲဖြစ်ကြောင်း ပြသထားပါတယ်။
Source: Reuters