
မြို့တော် ဝယ်လင်တန် အပါအဝင် နယူးဇီလန်နိုင်ငံတလွှားမှာ ဆယ်စုနှစ်တခုကျော်အတွင်း လေတိုက်နှုန်း အပြင်းထန်ဆုံး အခြေအနေ အပါအဝင် ပြင်းထန်တဲ့ ရာသီဥတုကို ရင်ဆိုင်နေရလို့ ကျောင်းတွေနဲ့ လမ်းတွေကို ပိတ်ထားပြီး လေယာဥ်တွေကို လေဆိပ်မှာ ရပ်ထားခိုင်းရတယ်လို့ မေ ၁ ရက်မှာ အစိုးရ မိုးလေဝသအေဂျင်စီက ပြောပါတယ်။
ဝယ်လင်တန်မြို့တော်မှာ ပျမ်းမျှလေတိုက်နှုန်းက တနာရီ ၅၄ မိုင်ရှိပြီး ဘာရင်ဟဒ် ဒေသမှာတော့ တနာရီ လေတိုက်နှုန်း ၉၉ မိုင်အထိ ရှိခဲ့တယ်လို့ အမျိုးသား ရေနဲ့ လေထု သုတေသနဌာန (NIWA) က ပြောပါတယ်။ ဒါဟာ ၂၀၁၃ ခုနှစ်နောက်ပိုင်းမှာ အပြင်းထန်ဆုံးပါ။
နယူးဇီလန်နိုင်ငံ တောင်ပိုင်းကျွန်းရဲ့ အစိတ်အပိုင်းတွေမှာ ၂၄ နာရီကြာ သဲကြီးမဲကြီး မိုးရွာပြီးတဲ့နောက် ကြာသပတေးနေ့က ရေကြီးရေလျှံတာတွေကို ရင်ဆိုင်နေရပါတယ်။
လက်ရှိမှာ ဖြစ်နိုင်ခြေအမြင့်ဆုံးဖြစ်တဲ့ အနီရောင်အဆင့် လေတိုက်နှုန်း သတိပေးချက်ကိုလည်း တပ်လှန့်ထားပါတယ်။
ဒါဟာ ၂၀၁၉ ခုနှစ်မှာ သတိပေးစနစ် ထည့်သွင်းပြီးတဲ့နောက် ဝယ်လင်တန်မြို့တော်မှာ ပထမဆုံးအကြိမ်အဖြစ် အနီရောင်သတိပေးချက် ဖြစ်လာပါတယ်။
ဝယ်လင်တန် ဝိတိုရိယတက္ကသိုလ်၊ ဒေသဆိုင်ရာ ကျောင်းတွေနဲ့ ဝယ်လင်တန် မြို့တော်ကောင်စီတို့ကိုလည်း ကြာသပတေးနေ့မှာ ပိတ်ထားပါတယ်။
ကြာသပတေးနေ့ မနက်မှာ ဝယ်လင်တန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လေယာဉ်ခရီးစဉ်တချို့ ဆင်းသက်နိုင်ခဲ့ပေမဲ့ လေဆိပ်အဝင်နဲ့ အထွက် ခရီးစဉ်အများစုကို မွန်းလွဲပိုင်းမှာ ဖျက်သိမ်းခဲ့ပါတယ်။
မြောက်နဲ့ တောင်ဘက်က ကျွန်းတွေကြားမှာ ပြေးဆွဲတဲ့ ကူးတို့သင်္ဘော ခရီးစဉ်တွေကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။
Source: Reuters