
အင်တာမီလန်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ခြေစွမ်းပြခဲ့တဲ့ ဘာစီလိုနာကြယ်ပွင့် ယာမဲလ်ကို အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီနဲ့ ခိုင်းနှိုင်းပြီး ဘောလုံးကျွမ်းကျင်သူတွေက ချီးကျူးပါတယ်။
အသက် ၁၇ နှစ်ပဲရှိသေးတဲ့ စပိန် ဆယ်ကျော်သက်ကစားသမားဟာ အင်တာမီလန်ကို ၂ ဂိုးပြတ် ရှုံးနေချိန်မှာ အရေးပါတဲ့ချေပဂိုးကို ပြိုင်ဘက်နောက်ခံလူတွေကို ကျော်ဖြတ်ပြီး လှလှပပ သွင်းယူနိုင်ခဲ့တာပါ။
အဲဒီသွင်းဂိုးကို သွင်းယူသွားပုံက မက်ဆီကို မြင်လိုက်ရသလိုဖြစ်ပြီး ပွဲတပွဲလုံးကို ရပ်တန့်သွားသလို ခံစားရကြောင်း CBS ရုပ်သံမှာ အွန်နရီ၊ မီကာရစ်ချက်တို့နဲ့အတူ သုံးသပ်တင်ဆက်ခဲ့တဲ့ ကာရေဂါက ပြောပါတယ်။
အွန်နရီနဲ့ မီကာရစ်ချက်တို့ကလည်း ယာမဲလ်ရဲ့ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ မလိုက်တဲ့ ခြေစွမ်းကို တခုတ်တရ ချီးကျူးခဲ့ကြတာပါ။
အင်္ဂလန်နဲ့ မန်ယူနောက်ခံလူ ဖာဒီနန်ကတော့ ယာမဲလ်ဟာ နောက်တဆင့်ကို ရောက်နေတဲ့ ကစားသမားဖြစ်ပြီး မယုံကြည်နိုင်စရာကောင်းတဲ့ ကစားသမားဖြစ်တယ်လို့ ချီးကျူးသွားပါတယ်။
အင်တာမီလန်နည်းပြ အင်ဇာဂီကလည်း လွန်ခဲ့တဲ့ ၈ နှစ် ၉ နှစ်အတွင်းမှာ ဘာစီလိုနာကြယ်ပွင့် ယာမဲလ်လို ကစားသမားမျိုး မမြင်တွေ့ဖူး ကြောင်း ပြောသွားပါတယ်။
အင်တာမီလန်အသင်းဟာ ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ဦးဆောင်ဂိုး ၂ ဂိုး အရင်ရခဲ့ပေမဲ့ ယာမဲလ်ရဲ့ လှပသေသပ်တဲ့ ချေပဂိုးအပါအဝင် နောက်ထပ်ချေပဂိုးတွေ ထပ်ပေးရလို့ ၃ ဂိုးစီသရေကျခဲ့ရတာပါ။
အဲဒီပွဲစဉ်က ယာမဲလ်ရဲ့စွမ်းဆောင်ရည်အပေါ် ပြိုင်ဘက်နည်းပြ အင်ဇာဂီက ချီးကျူးခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ၈ နှစ် ၉ နှစ်ကာလအတွင်းမှာ ယာမဲလ်လို ထူးချွန်တဲ့ ကစားသမား မမြင်တွေ့ခဲ့ရကြောင်း မှတ်ချက်ပေးခဲ့တာပါ။
ယာမဲလ်ကို ထိန်းချုပ်နိုင်ဖို့ ကစားသမား ၃ ယောက်လောက် နေရာချထားခဲ့ရလို့ တခြား နေရာတွေမှာ နေရာလွတ်တွေ ဖြစ်ပေါ်ခဲ့ရကြောင်းလည်း နည်းပြအင်ဇာဂီက ပြောပါတယ်။ ယာမဲလ်ဟာ အင်တာမီလန်နဲ့ပွဲစဉ်မှာ ဘာစီလိုနာကစားသမားဘ၀ ပွဲ ၁၀၀ ပြည့်မြောက်ခဲ့ပြီး သွင်းဂိုးနဲ့ ဖန်တီးမှု ၄၉ ကြိမ်အထိ ရှိခဲ့ပါတယ်။
Photo:Reuters