
စစ်ကောင်စီရဲ့ အတင်းအဓမ္မ စစ်မှုထမ်းဖို့ ခေါ်နေတာကို ရပ်တန့်သွားစေဖို့အတွက် ကုလသမဂ္ဂ၊ အာဆီယံနဲ့ နိုင်ငံတကာအသိုက်အဝန်းက သံတမန်ဆိုင်ရာ ဖိအားပေးတာ၊ စစ်အုပ်စုနဲ့ အဆက်ဖြတ်တာ အပါအဝင် နည်းလမ်းပေါင်းစုံနဲ့ အရေးယူပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တောင်းဆိုအကြံပြုပါတယ်။
ဧပြီ ၂၈ ရက်က ထုတ်ပြန်တဲ့ ‘အဓမ္မစစ်မှုထမ်းစေခြင်း – မြန်မာနိုင်ငံရှိ အတင်းအကျပ် စစ်မှုထမ်းစေခြင်း၏ လက်တွေ့အခြေအနေများ’ သုတေသန အစီရင်ခံစာမှာ ဖော်ပြထာပါတယ်။
အစီရင်ခံစာဟာ စစ်ကောင်စီရဲ့ အတင်းအဓမ္မ ဖမ်းဆီးစစ်မှုထမ်းခေါ်ခိုင်းရာကနေ လွတ်မြောက်လာသူတွေရဲ့ အတွေ့အကြုံကို အခြေခံထားတာဖြစ်ပြီး စစ်ကောင်စီဟာ သူတို့ ရေးဆွဲထားတဲ့ ဥပဒေအတိုင်းမဟုတ်ဘဲ လမ်းပေါ်ကနေ ဖမ်းဆီးခေါ်သွားတာ၊ ပညာသင်ကြားနေသူတွေကိုလည်း ခေါ်သွားတာ၊ ဖိအားပေး ခြိမ်းခြောက်တာ စတာတွေကို ကြုံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
အတင်းအကျပ် စစ်မှုထမ်းခိုင်းတာဟာ အဓမ္မလုပ်အားခိုင်းစေတာနဲ့ လူကုန်ကူးမှုမြောက်သလို အသက် ၁၈ နှစ်ကနေ ၃၅ ကြားလူငယ်တွေကို စစ်ရေးဗျူဟာတရပ်အနေနဲ့ကျင့်သုံးပြီး စစ်မှုထမ်း စေခိုင်းနေတာဟာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု (Crimes against humanity) မြောက်တယ်လို့ သုံးသပ်နိုင်ကြောင်းလည်း ဆိုပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက “အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ပြည်သူတွေအပေါ်မှာ လေကြောင်းတိုက်ခိုက်မှုတွေ တရစပ် ကျူးလွန်နေတဲ့ ကာလအတွင်းမှာပဲ လူငယ်တွေအပေါ်မှာ မတရားစစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးတော့ စစ်တပ်ရဲ့ အကျိုးအတွက် ရှေ့တန်းတွေမှာ စစ်ကျွန်လို ခိုင်းနေတဲ့ဟာကိုလည်း မေ့ပျောက်လို့မရပါဘူး။ အာရုံမစိုက်လို့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ လူငယ်တွေအပေါ်မှာ အခုလိုမျိုး တနိုင်ငံလုံး လူတိုင်းလူတိုင်း စိုးရွံ့အောင် မိဘတွေကိုယ်တိုင်က စိုးထိတ်ရအောင် အန္တရာယ်ပေးနေတဲ့ စစ်မှုထမ်းခြင်းဆိုင်ရာ ဥပဒေအသုံးချပြီး ဖမ်းဆီးမှုက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေသလို ဆိုးဆိုးဝါးဝါးလည်း ဖြစ်နေပါတယ်။ ပြောမယ်ဆိုရင်တော့ လူသားမျိုးနွယ်ကို ထိခိုက်စေတဲ့ ရာဇဝတ်မှုလို့တောင် ပြောလို့ရပါတယ်။ ဒီအတွက်ကြောင့်မို့လို့ လူငယ်တွေမှာ ရှေ့တန်းမှာ စစ်ကျွန်ပြုခိုင်းခံရသလို ဒါက လွတ်မြောက်ဖို့အတွက် နည်းအမျိုးမျိုးနဲ့ ထွက်ပြေးတိမ်းရှောင်နေရတဲ့အခါမှာ တခြား မလိုလားအပ်တဲ့ တားဆီးမှုတွေ၊ နှောင့်ယှက်မှုတွေ၊ ငွေညှစ်မှုတွေ၊ အမြတ်ထုတ်မှုတွေလည်း ရင်ဆိုင်နေရပါတယ်။ ဒါတွေက လက်တွေ့ အဖြစ်အပျက် ဖြစ်တယ်။ အဲကိစ္စကို အားလုံး သတိမူ အာရုံစိုက်စေချင်လို့ ထုတ်ပြန်တာပါ” လို့ DVB ကို ပြောပါတယ်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၅ ခုနှစ်အတွင်း လူပေါင်း ၁၄ သန်းကျော် (နိုင်ငံ့လူဦးရေ ထက်ဝက်)ဟာ စစ်မှုထမ်းဖို့ အရည်အချင်းပြည့်မီတယ်လို့ မှတ်ယူထားပြီး မှတ်တမ်းတင်ထားတဲ့ စစ်မှုထမ်းခေါ်ယူတဲ့ ဖြစ်စဉ်ပေါင်း ၈၈၆ မှုထဲက အမှု ၅၆၀ ဟာ အတင်းအဓမ္မ ဖိအားပေး ခေါ်ယူတာလို့ အမျိုးသားလူငယ်ကွန်ဂရက် (NYC) ရဲ့ အချက်အလက်တွေအရ သိရတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အတင်းအကျပ် စစ်မှုထမ်းစေခိုင်းဖို့ လူသစ်စုဆောင်းနေတဲ့ အနေအထားကို ကြည့်ရင် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်အာဏာရှင် အကြမ်းဖက် စစ်အုပ်စုကို တာဝန်ယူမှုရှိစေဖို့ အရေးတကြီး ညှိနှိုင်းသင့်တယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂအနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို တရားဝင်ပြတ်ပြတ်သားသား ရှုတ်ချကန့်ကွက်သင့်သလို ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် 2669 (2022) ရဲ့ နောက်ဆက်တွဲ ဆုံးဖြတ်ချက်တရပ်ကို ချမှတ်သင့်ပြီး စစ်အုပ်စုအဖွဲ့ဝင်တွေ၊ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ မိတ်ဖက်တွေကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူတာတွေ၊ စစ်လက်နက်တွေ၊ ဖျက်အားပြင်း လက်နက်ခဲယမ်းပစ္စည်းတွေ၊ လေယာဉ်ဆီ တင်သွင်းတာတွေကို တားမြစ်တဲ့ ပိတ်ဆို့တာတွေ၊ မြန်မာနိုင်ငံရေးအခြေအနေတွေနဲ့ စပ်လျဉ်းပြီး နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ကို အမိန့်ပြုအပ်နှင်းတာ စတာတွေ လုပ်ဆောင်ဖို့ အကြံပြုထားပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နိုင်ငံတွေအနေနဲ့လည်း အတင်းအဓမ္မ စစ်မှုထမ်းဖို့ခေါ်တာကြောင့် ဖြစ်လာတဲ့ အကျိုးသက်ရောက်တာတွေကို လျှော့ချပေးနိုင်ဖို့ အရေးပါတဲ့ အခန်းကဏ္ဍကနေ တာဝန်ယူပါဝင်နိုင်ပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ အတင်းအကျပ် စစ်မှုထမ်းခေါ်တာကို ကန့်ကွက်ရှုတ်ချပြီး စစ်တပ်နဲ့ ထိတွေ့ဆက်သွယ်ဆောင်ရွက်တာအားလုံးကို ရပ်ဆိုင်းဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ၊ မြန်မာနိုင်ငံက အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ တရားဝင်ထိတွေ့ဆက်ဆံပူးပေါင်းဖို့ တိုက်တွန်းထားပါတယ်။
ပြီးတော့ ရွှေ့ပြောင်းနေထိုင်သူတွေအပြင် အတင်းအဓမ္မစစ်မှုထမ်းခေါ်ယူတာကနေ လွတ်မြောက်ဖို့ ထွက်ပြေးလာသူတွေကို လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရသူအဖြစ် အသိအမှတ်ပြု သဘောထားဖို့၊ အန္တရာယ်ရှိတဲ့ မူလနိုင်ငံဆီပြန်မပို့တဲ့ (Non-refoulement) မူဝါဒကို လက်ခံကျင့်သုံးဖို့၊ မြန်မာပြည်ကို ပြန်ပို့ခံရတာကြောင့် အတင်းအကျပ် စစ်မှုထမ်းခြင်းခံရမယ့် အန္တရာယ်ရှိတဲ့ လူတယောက်ချင်းစီကို ကာကွယ်ဖို့ စတာတွေကို အကြံပြုတောင်းဆိုထားပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း အတင်းအကျပ် စစ်မှုထမ်းခိုင်းတာ အဆုံးသတ်ဖို့နဲ့ စစ်အုပ်စု အာဏာတည်မြဲမှုနိုင်တာကို အားနည်းသွားစေဖို့ အထိရောက်ဆုံးလုပ်ဆောင်သင့်ပြီး စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံတာကို ရပ်ဆိုင်းဖို့၊ ပစ်မှတ်ထားစီးပွားရေး ပိတ်ဆို့အရေးယူတာနဲ့ ပစ္စည်း ငွေကြေး ရင်းနှီးမြှုပ်နှံတာတွေရပ်ဆိုင်းဖို့၊ လက်နက်ပိတ်ဆို့တာ၊ စစ်အုပ်စုအနေနဲ့ အတင်းအဓမ္မစုဆောင်းတာကို အကောင်အထည်ဖော်ရာမှာ အသုံးပြုနိုင်တဲ့ နည်းပညာပစ္စည်းတွေနဲ့ အရင်းအမြစ်တွေရနေတာကနေ တားဆီးဖို့၊ တော်လှန်ရေး ကြိုးပမ်းမှုတွေကို ထောက်ခံဖို့ စတာတွေ အကြံပြုထားပါတယ်။
စစ်ကောင်စီဟာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီမှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြားအမျိုးသားတွေနဲ့ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်ကြား အမျိုးသမီးတွေကို စစ်မှုထမ်းစေဖို့ဥပဒေကို အသက်ဝင်စေပြီး လူငယ်အများအပြားကို အတင်းအကျပ်စစ်မှုထမ်းခိုင်းနေပါတယ်။