
ရုရှားနိုင်ငံမှာ မြောက်ကိုရီးယား စစ်သည်တွေ လေ့ကျင့်ရေး လုပ်နေပုံ ဗီဒီယိုဖိုင်ကို ရုရှားနိုင်ငံပိုင် ရုပ်မြင်သံကြားမှ ဧပြီ ၂၈ ရက်မှာ ပြသခဲ့ပါတယ်။
ဧပြီ ၂၈ ရက် အစောပိုင်းမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုရှားနိုင်ငံ ကာ့စ်ခ်ဒေသမှ ယူကရိန်းတပ်တွေကို တိုက်ထုတ်ရာမှာ မြောက်ကိုရီးယား စစ်သားတွေရဲ့ အခန်းကဏ္ဍအတွက် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းကို ပုဂ္ဂိုလ်ရေးအရ ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။
“ကျနော်တို့ရဲ့ ကိုရီးယားမိတ်ဆွေတွေဟာ စည်းလုံးညီညွတ်မှု၊ တရားမျှတမှုနဲ့ စစ်မှန်တဲ့ ရဲဘော်ရဲဘက် စိတ်ဓာတ်ကို အခြေခံပြီး လုပ်ဆောင်ခဲ့ကြတာပါ။ ဒါကို အထူးပဲ ကျေးဇူးတင်ရှိပါကြောင်းနဲ့ မြောက်ကိုရီးယားရဲ့ နိုင်ငံတော်ရေးရာ ဥက္ကဋ္ဌ ရဲဘော်ကြီး ကင်မ်ဂျုံအန်းနဲ့တကွ ခေါင်းဆောင်ပိုင်းတွေအားလုံးနဲ့ ပြည်သူတရပ်လုံးကို ကိုယ်တိုင်ကိုယ်ကျ အထူးပင် ကျေးဇူးတင်ရှိပါတယ်”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ကင်မ်ဂျုံအန်းရဲ့ အမိန့်အရ ယူကရိန်းစစ်ပွဲအတွင်း ရုရှားအတွက် တိုက်ပွဲဝင်ဖို့ တပ်ဖွဲ့ဝင်တွေကို စေလွှတ်ခဲ့ကြောင်းနဲ့ ယူကရိန်းက သိမ်းပိုက်ထားတဲ့ ရုရှားပိုင်နက် ကို ပြန်လည်ထိန်းချုပ်ဖို့ ကူညီပေးခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရက ဧပြီ ၂၈ ရက်မှာ ပထမဆုံးအကြိမ် အတည်ပြုခဲ့ပါတယ်။
မြောက်ကိုရီးယား စစ်ဖက်အရာရှိ ကိုယ်စားလှယ်အဖွဲ့ဟာ ရုရှားနိုင်ငံမှာ ကျင်းပတဲ့ တတိယ အကြိမ် အပြည်ပြည်ဆိုင်ရာ ဖက်ဆစ်ဆန့်ကျင်ရေး ကွန်ဂရက်ညီလာခံကို တက်ရောက်ဖို့ ပြုံယမ်းမှ ထွက်ခွာသွားကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာန KCNA က ဧပြီ ၂၉ ရက်မှာ ဖော်ပြပါတယ်။
ဧပြီ ၂၈ ရက်က ပြုံယမ်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ကိုရီးယားပြည်သူ့ တပ်မတော် (KPA) ရဲ့ အထွေထွေနိုင်ငံရေးဗျူရို ဒုတိယညွှန်ကြားရေးမှူး ဘတ်ယုံးအီးလ် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ကို ရုရှားစစ်သံမှူးနဲ့ မြောက်ကိုရီးယား စစ်တပ် အရာရှိတွေက လိုက်ပါပို့ဆောင် နှုတ်ဆက်ကြတဲ့ ဗီဒီယိုကို KCNA မှ ပြသခဲ့ပြီး ရိုက်တာစ်မှ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့နှစ်က အပြန်အလှန်ကာကွယ်ရေးစာချုပ်ကို ချုပ်ဆိုပြီးကတည်းက ပြုံယမ်းနဲ့ မော်စကိုတို့ဟာ ကာကွယ်ရေး၊ စီးပွားရေး၊ အားကစားနဲ့ တခြားနယ်ပယ်အသီးသီးတို့မှာ ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေခဲ့တာ ဖြစ်ပါတယ်။
Source: Reuters