
မလေးရှားနဲ့ ဗီယက်နမ်နိုင်ငံတွေက မြန်မာနိုင်ငံသားတွေအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဆက်လက်ပေးအပ်သွားဖို့ သဘောတူညီထားတယ်လို့ မလေးရှားဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး Malay Mail သတင်းတပုဒ်မှာ ဧပြီ ၂၉ ရက်က ဖော်ပြပါတယ်။
ဝန်ကြီးချုပ်က သူနဲ့ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် ဖမ်မင့်ချင်တို့ ပြီးခဲ့တဲ့ တရက်က တွေ့ဆုံချိန်မှာ ဒီကိစ္စကို သဘောတူညီခဲ့တာလို့ ဆိုပါတယ်။
“မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ကန့်သတ်မှုမရှိဘဲ ဆက်လက်လုပ်ဆောင်ရမယ်ဆိုတာ ကျနော်တို့ သဘောတူခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး လုပ်သားတွေရဲ့ ဘေးကင်းရေးအတွက်လည်း သက်ဆိုင်သူတွေအားလုံး အပစ်အခတ်ရပ်စဲရေးကို ဆက်လက်လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။”
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မတ်လနှောင်းပိုင်းက ငလျင်လှုပ်ခတ်ပြီးနောက် သီတင်းပတ်တွေအတွင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများအဖွဲ့ချုပ် (IFRC) ကနေ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေ၊ အထူးသဖြင့် အမိုးအကာ၊ သောက်သုံးရေသန့် ရရှိရေး၊ မိလ္လာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုကိစ္စရပ်တွေ အရေးပေါ် လိုအပ်နေသေးကြောင်း သတိပေးထားတာပါ။
ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်းငလျင်ကြောင့် မြန်မာနိုင်ငံမှာ လူပေါင်း ၄,၀၀၀ ကျော် သေဆုံးပြီး ပြည်သူလူထုတွေရဲ့ အိုးအိမ်တိုက်တာတွေ အများအပြား ပြိုကျပျက်စီးခဲ့သလို ငလျင်လှုပ်ပြီး ၁ လကြာတဲ့အထိ ငလျင်ဘေးသင့်ပြည်သူတွေဟာ အကူအညီတွေ မရဘဲ အခက်အခဲပေါင်းစုံနဲ့ ကြုံတွေ့ရင်ဆိုင်နေကြရပါတယ်။
မလေးရှား ဝန်ကြီးချုပ်ကတော့ “အပြန်အလှန်လေးစားမှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဘုံသာယာဝပြောရေး အခြေခံမူတွေအပေါ် အခြေခံပြီး ဒေသတွင်းနဲ့ နိုင်ငံတကာ ဆက်ဆံရေးကို ဆက်လက်ခိုင်မာအောင်လုပ်ဖို့ မလေးရှားနိုင်ငံက ကတိပြုထားပါတယ်” လို့ ပြောထားပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂကလည်း ငလျင်ဘေးကြီးသင့်ခဲ့တာ ၁ လပြည့်ခဲ့ချိန်မှာ အခက်အခဲတွေနဲ့ ရုန်းကန်နေရသူတွေနဲ့အတူ တသားတည်း ရပ်တည်ကူညီကြဖို့ တိုက်တွန်းထားပါတယ်။
Source: Malay Mail