
ငလျင်ဘေးမှာ ကွယ်လွန်သွားကြတဲ့ ရဟန်းရှင်လူတွေအတွက် ပျဉ်းမနားဒေသခံတွေက တလပြည့်ဆွမ်းကပ်လှူ ရေစက်ချ အမျှပေးဝေခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၈ ရက်နေ့က လှုပ်ခတ်သွားတဲ့ စစ်ကိုင်းငလျင်ဘေးမှာ ကွယ်လွန်သွားကြသူတွေအတွက် ပျဉ်းမနားမြို့ မဟာဓမ္မိကာရမ၊ အုန်းတောကျောင်းတိုက်မှာ လလည်ဆွမ်းသွပ်အလှူပွဲကို ဒါယကာ၊ ဒါယကာမတွေ စုပေါင်းပြီး ကျင်းပခဲ့ကြတာပါ။
ငလျင်ဒဏ်ကြောင့် ကွယ်လွန်သွားကြတဲ့ အနယ်နယ်အရပ်ရပ်အတွက် ရည်စူးပြီး လုပ်ဆောင်ပေးတာလို့ အလှူပွဲတက်ရောက်လာသူတယောက်က ပြောပါတယ်။
“တလပြည့်လုပ်တယ်ဆိုတာက နေပြည်တော်အတွက်ပဲ မဟုတ်ပါဘူး။ အနယ်နယ်အရပ်ရပ်မှာရှိတဲ့ စာဖြေသံဃာတွေ။ မစိုးရိမ်တိုက်သစ်က ဆရာတော်တွေ၊ ဘာတွေ အကုန်လုံးအတွက်ပါ။ မိသားစုက တအိမ်တည်းမှာ ၈ ယောက်၊ ၉ ယောက်တွေ အကုန်လုံးအတွက်ကို ရည်စူးပြီးတော့ မလုပ်နိုင်တဲ့ မိသားစုတွေ၊ လုပ်နိုင်တဲ့ မိသားစုတွေ၊ ဒါပေမဲ့ အစ်မတို့ နေပြည်တော်မှာဆိုရင် တအိမ်တည်း သင်္ဂြိုဟ်လာတယ်ဆိုရင် ဒီနေပြည်တော်မှာသွားတဲ့ ကွင်းကြီး သုသာန်ဆိုရင် ၃ စီးတန်း၊ ၄ စီးတန်းလာရင် အဲ့ဒါတွေကြည့်ရင်း အများကြီးကြေကွဲခဲ့ရတယ်။ ကြေကွဲရတယ်ဆိုတာ လူသားချင်းကိုယ်ချင်းစာနာတာ။ တဦးမကျန်ရပါစေခြင်း အကျိုးငှာ လူသားချင်းစာနာမှုနဲ့ လုပ်တာပါ။ အများကြီး ဝမ်းနည်းရတယ်။”
နှစ်ပေါင်း ၂၀၀ နီးပါးသက်တမ်းရှိတဲ့ ပျဥ်းမနားမြို့ဟာ ငလျင်လှုပ်ခတ်ပြီးတဲ့နောက် အုန်းတောကျောင်းတိုက်အတွင်းရှိ နှစ်ရာချီသက်တမ်းရှိတဲ့ သိမ်ကြီးပြိုကျခဲ့ပါတယ်။ ဒါ့အပြင် ပျဥ်းမနားမြို့လယ်ရှိ မြို့မဈေးနဲ့ ဗိုလ်ချုပ်လမ်းတလျှောက်ရှိ ရှေးလက်ရာ လူနေတိုက်တာအများစု ပြိုကျပျက်စီးခဲ့ပါတယ်။
အဆာက်အအုံပြိုကျရာမှာ သင်းရွှေဆိုင်၊ ကမ္ဘာသစ်လဖက်က်ရည်ဆိုင် စတာတွေက သေဆုံးသူ ၀ ဦးကျော်နဲ့ အစုလိုက်အပြုံလိုက် အများဆုံးသေဆုံးခဲ့တာဖြစ်ပြီး တမြို့နယ်လုံးအတိုင်းတာအရ လူဦးရေ ၁၀၀ လောက် သေဆုံးနိုင်တယ်လို့ မြို့ခံတွေက ခန့်မှန်းပါတယ်။
ငလျင်ဘေးဒဏ်သင့် လူသေဆုံးခဲ့တဲ့ ပျဉ်းမနားမြို့လယ်မှာ တစ္ဆေခြောက်လှန့်တဲ့အကြောင်းတွေ ပြောဆိုနေကြပြီး ဒီလို အမျှတန်းကုသိုလ်ပြုလှူဒါန်းပေးဖို့ အရေးကြီးတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“သူတို့အတွက် လှူဒါန်းပေးဖို့ အရေးကြီးပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့က ဒါ ရုတ်တရက် သေဆုံးတာဖြစ်တဲ့အတွက် တချို့ဆို သေဆုံးတယ်ဆိုတာ မသိကြသေးဘူး။ ဒီလိုမျိုးပြုလုပ်တဲ့ လလယ် တလပြည့်ဆွမ်းသွပ်တာပေါ့နော်။ ဒီလိုမျိုးလေးကို နေရာတိုင်းမှာ လုပ်တာတွေ့ပါတယ်။ အရမ်းလည်း သာဓုခေါ်ပါတယ်။ လုပ်ဖို့လည်း လိုအပ်ပါတယ်။ ဒီလိုများများစုပေါင်းပြီး လုပ်ဆောင်ပေးမယ်ဆိုရင် သေဆုံးသူတွေအတွက် တထောင့်တနေရာကနေ သာဓုခေါ်နိုင်တာမျိုး ဖြစ်စေပါတယ်ရှင့်။”
DVB က ကောက်ယူရရှိထားတဲ့စာရင်းတွေအရ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ ၄၄၁၀ ယောက်၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၁၃၆၆ ယောက်နဲ့ အဆောက်အအုံပေါင်း ၅၀၂၇၈ လုံး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။