
အခုနွေရာသီမှာ တိဘက်ဒေသက ဘာသာရေးအရ မြင့်မြတ်တဲ့တောင်နဲ့ ရေကန်ဆီ အိန္ဒိယဘုရားဖူးတွေ လာရောက်လည်ပတ်ခွင့်ရဖို့ တရုတ်နဲ့ အိန္ဒိယတို့ သဘောတူခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဧပြီ ၂၈ ရက်မှာ ပြောပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိုးကျားခွင်းက“တရုတ်နဲ့အိန္ဒိယတို့ကြား ရထားတဲ့ သဘောတူညီချက်အရ တရုတ်နိုင်ငံ၊ တိဘက်မှာရှိတဲ့ မြင့်မြတ်တဲ့ တောင်နဲ့ ရေကန်တွေဆီ အိန္ဒိယဘုရားဖူးခရီးသည်တွေရဲ့ အလည်အပတ် ခရီးစဉ်တွေ ဒီနွေရာသီမှာ ပြန်စမှာပါ" လို့ ပြောလိုက်ပါတယ်။
တရုတ်နိုင်ငံ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာရှိတဲ့ ခက်လာ့ရှ်နဲ့ မာနက်စရိုဗာ ရေကန် တို့ကို ရည်ညွှန်းပြောဆိုတာလည်း ဖြစ်ပါတယ်။
ဒီနေရာအတွက် ဘုရားဖူးခရီးစဉ်ကို COVID-19 ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်မှာ ပထမဆုံး ရပ်ဆိုင်းခဲ့ပေမဲ့ နောက်ပိုင်းမှာ တရုတ်နဲ့ အိန္ဒိယကြား အေးခဲတဲ့ ဆက်ဆံရေးကြောင့် ရပ်နားထားခဲ့တာပါ။
၂၀၂၀ ပြည့်နှစ်မှာ ဟိမဝန္တာတောင်တန်းတလျှောက် အိန္ဒိယစစ်သား အယောက် ၂၀ နဲ့ တရုတ် ၄ ယောက်ထက်မနည်း သေဆုံးခဲ့တဲ့ တိုက်ပွဲတွေ ဖြစ်အပြီး အိန္ဒိယနဲ့ တရုတ်ကြား ဆက်ဆံရေး ယိုယွင်းလာခဲ့ပါတယ်။
ဒါပေမဲ့ တောင်တန်းနယ်စပ်မှာ စစ်ရေးအရ တင်းမာမှုတွေ ဖြေလျှော့ဖို့ အောက်တိုဘာလမှာ သဘောတူပြီးတဲ့နောက် ဆက်ဆံရေး ပိုကောင်းမွန်လာခဲ့ပါတယ်။
Source: Reuters