
လွန်ခဲ့တဲ့ သီတင်းပတ်က ကက်ရ်ှမီးယားပြည်နယ်ထဲမှာ ကမ္ဘာလှည့်ခရီးသည်တွေကို အသေအပျောက် များစေတဲ့ စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုအပြီးမှာ အိမ်နီးချင်း အိန္ဒိယနိုင်ငံက စစ်ရေးအရ ကျူးကျော်ဖို့ နီးကပ်လာပြီလို့ ပါကစ္စတန် ကာကွယ်ရေးဝန်ကြီးက ဧပြီ ၂၈ ရက်မှာ ပြောလိုက်ပါတယ်။
ကျူးကျော်မှုအတွက် ကြိုတင်မျှော်လင့်ထားလို့ ပါကစ္စတန်စစ်တပ်ကို အားဖြည့်ထားတယ်လို့ ဝန်ကြီး ခွါဝါဂျာ မူဟမ်မဒ်အာဆစ်ဖ်က အစ္စလာမာဘတ်မြို့က သူ့ရုံးခန်းမှာလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းအတွင်း ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကြောင့် လူ ၂၆ ယောက် သေဆုံးပြီး ဟိန္ဒူအများစု နေထိုင်ရာ အိန္ဒိယနိုင်ငံက ဒေါသထွက်ခဲ့ပါတယ်။ မွတ်ဆလင် အများစုနေတဲ့ ပါကစ္စတန်က အရေးယူ ဆောင်ရွက်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။
ကက်ရ်ှမီးယားဒေသမှာ စစ်သွေးကြွတွေကို ပါကစ္စတန်က ကျောထောက်နောက်ခံ ပေးနေတယ်လို့ အိန္ဒိယက စွပ်စွဲထားပြီး စစ်ပွဲ ၂ ခုကို ဆင်နွှဲခဲ့ဖူးပါတယ်။
အိန္ဒိယရဲ့ ချေပပြောဆိုချက်တွေက အရှိန်မြှင့်လာနေပြီး ပါကစ္စတန်စစ်တပ်က အိန္ဒိယရဲ့ တိုက်ခိုက်ဖို့ ဖြစ်နိုင်ခြေနဲ့ ပတ်သက်ပြီး အစိုးရကို အကျဉ်းချုံးတင်ပြထားတယ်လို့ အာဆစ်ဖ်က ပြောပါတယ်။
ကျူးကျော်စစ်တရပ် ဖြစ်လာတော့မယ်လို့ သူက ယူဆရတဲ့ အကြောင်းရင်း အသေးစိတ်ကိုတော့ ဆက်မပြောခဲ့ပါဘူး။
ကက်ရှ်မီးယား တိုက်ခိုက်မှုအပြီးမှာ အိန္ဒိယက ပါကစ္စတန် စစ်သွေးကြွအဖြစ် သံသယရှိသူ ၂ ယောက်ကို ဖော်ထုတ်ခဲ့ပါတယ်။ ပါကစ္စတန်အစိုးရကတော့ ဘယ်လို အခန်းကဏ္ဍကိုမဆို ငြင်းဆိုထားပြီး ဘက်မလိုက်အဖွဲ့က စုံစမ်းစစ်ဆေးဖို့ တောင်းဆိုထားပါတယ်။
ပါကစ္စတန်က ဒီတိုက်ခိုက်မှုမှာ လုံးဝပါဝင်ပတ်သက်ခြင်းမရှိဘူးလို့လည်း အာဆစ်ဖ်က ပြောပါတယ်။
“ကျနော်တို့ရဲ့ တည်ရှိမှုကို တိုက်ရိုက်ခြိမ်းခြောက်မှသာ ပါကစ္စတန်က နျူကလီးယား လက်နက်တွေကို သုံးမှာပါ”လို့ အာဆစ်ဖ်က သတိပေး ပြောဆိုခဲ့ပါတယ်။
Source: Reuters