
ဘုန်းမောက်အသင်းဟာ မန်ယူနဲ့ပွဲစဉ်မှာ ပြသခံခဲ့ရတဲ့ တိုက်စစ်မှူး အီဗန်နယူဆင်ရဲ့ အနီကတ် ပြစ်ဒဏ်ကို အယူခံတင်သွင်းသွားမယ်လို့ သိရပါတယ်။
ဘရာဇီးတိုက်စစ်မှူးဟာ ဒုတိယပိုင်းပွဲချိန် မိနစ် ၇၀ မှာ မန်ယူနောက်ခံလူ မက်ဇာအိုရီကို ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တာကြောင့် တိုက်ရိုက်အနီကတ်ပြသခံခဲ့ရတာပါ။
ကနဦးမှာ အဝါကတ်သာပြသခဲ့ပေမဲ့ VAR ဒိုင်လူကြီး ပီတာဘန့်စ်က ပြန်လည်စစ်ဆေးဖို့ အသိပေးခဲ့ပြီးနောက် တိုက်ရိုက်အနီကတ်ပြစ်ဒဏ်အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့တာပါ။
တိုက်စစ်မှူး အီဗန်နယူဆင်အနေနဲ့ ခြေချော်လဲပြီး ကြမ်းတမ်းတဲ့ဖျက်ထုတ်မှုလို ဖြစ်ခဲ့တာဖြစ်ပြီး ဘောလုံးကစားတဲ့ သူတိုင်းနားလည်တဲ့ ဖြစ်ရပ်မှာ အနီကတ်ပြသခံရတဲ့အပေါ် အယူခံတင်သွင်းသွားမယ်လို့ ဘုန်းမောက်နည်းပြ အီရာအိုလာကပြောပါတယ်။
အယူခံမတင်ဘူးဆိုရင် အီဗန်နယူဆင်အနေနဲ့ တိုက်ရိုက်အနီကတ်အတွက် ၃ ပွဲ ပယ်ပြစ်ဒဏ် ချမှတ်ခံရမှာဖြစ်လို့ ကြီးမားတဲ့ဆုံးရှုံးမှု ဖြစ်ကြောင်းလည်းနည်းပြအီရာအိုလက ပြောပါတယ်။
Photo: Reuters