
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့နဲ့ ဟိုပုန်းမြို့နယ်တွေမှာ မိုးကြီးပြီး လေပြင်းတိုက်ခိုက်လို့ လူနေအိမ်ခြေ အလုံး ၅၀ လောက်နဲ့ စိုက်ပျိုးရေးခြံ ၁၀၀ နီးပါး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဧပြီ ၂၇ ရက်မှာ မိုးကြီးလေပြင်းတိုက်ခဲ့တာဖြစ်ပြီး အောင်ပန်းမြို့နယ် ပေါတုတ်ရွာမှာ လူနေအိမ် ၁၃ လုံးနဲ့ ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ ဂေါ်ဖီပန်း ဧက ၈၀ ကျော်ပျက်စီးခဲ့ပါတယ်။
အလားတူ ဟိုပုံးမြို့နယ် နောင်ဒေကျေးရွာမှာလည်း လူနေအိမ်ခြေ ၂၀၊ မော်လွတ်ရွာမှာ လူနေအိမ် ၁၅ အိမ်နဲ့ သနပ်ဖက်ခြံ ဧက၂၀ လောက်ပျက်စီးသွားပါတယ်။
ဟိုပုံးဒေသခံတယောက်က “လေက တော်တော်ပြင်းပြင်းထန်ထန်တိုက်တာ။ အိမ်တွေက အမိုးတွေ လန်ပြီး ထရံတွေ ကွာကျတယ်။ မိုးက သူ့ရာသီမဟုတ်သေးဘဲ ရွာနေတာ။ ဒီဘက်က စိုက်ပျိုးရေးပဲလုပ်ကြတယ်။ မြို့နဲ့လည်းဝေးတယ်၊ အိမ်ပြန်ဆောက်နိုင်ကြဖို့ အကူအညီ လိုအပ်နေတယ်တယ်”လို့ ပြောပါတယ်။
သဘာဝဘေးအန္တရာယ်ကြောင့် စိုက်ခင်းတွေများစွာပျက်စီးခဲ့လို့ တဧကကို မြန်မာငွေ ကျပ် ၁၀ သိန်းလောက် ဆုံးရှုံးသွားတယ်လို့ အောင်ပန်းဒေသခံယောက်က ပြောပါတယ်။
“မိုးရွာတာ မိုးမကဘူး မိုးသီးတွေကြောင့် ခရမ်းချဉ်ပင် ပျက်စီးတာ၊ ဂေါ်ဖီပန်းဆိုလည်း မိုးသီးကြောင့် အရွက်နာပြီး ညှိုးနေပြီ၊ ဒီနှစ်က ကုန်ဈေးနှုန်းလည်းတက်တော့ အရင်းအနှီးတွေက အများကြီးကုန်တယ်။ အကုန်လုံးရှုံးတာပေါ့ ပြန်မရှင်နိုင်တော့ဘူး"လို့ ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမှာ မတ် ၂၈ ရက်က အင်အားပြင်းငလျင်ကြောင့် လူနေအိမ် ၅၀၀၀ ကျော်ပျက်စီးခဲ့ပြီး ပြန်လည်ထူထောင်ရေးမလုပ်နိုင်သေးဘဲ မိုးကြီးလေပြင်းဒဏ် ထပ်ဆင့်ခံရနေရတာ ဖြစ်ပါတယ်။