
ရှမ်းပြည်နယ်တောင်ပိုင်းက တော်လှန်ရေးတပ်ရင်း ၄ ခုဟာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ အမိန့်ပေးကွပ်ကဲမှုအောက်ကနေ တိုက်ပွဲဝင်ဖို့ SSNDF/KNDF ဗျူဟာ ၉ အဖြစ် ဖွဲ့စည်းလိုက်ပါတယ်။
အရင်က ရှမ်းတောင်တပ်ရင်းတွေဖြစ်ကြတဲ့ အမှတ် ၁၀၀၅ တပ်ရင်း SSPDF၊ ၁၀၀၈ တပ်ရင်း SSRY၊ SSLRU နဲ့ SODF တပ်ရင်းတို့ ပူးပေါင်းပြီး သျှမ်းတောင်အမျိုးသားများကာကွယ်ရေးတပ် SSNDF/KNDF အနေနဲ့ ဧပြီ ၁၇ ရက်နေ့မှာ သင်တန်းဆင်းခဲ့ပါတယ်။
SSNDF အနေနဲ့ ပြောင်းလဲဖွဲ့စည်းပြီး KNDF ဗျူဟာ ၉ ရဲ့ B-101,B-102,B-103 နဲ့ ဒရုန်းတပ်ဖွဲ့အဖြစ် KNDF တပ်ရဲ့ အမိန့်ပေးကွပ်ကဲမှုအောက်မှာ စစ်ကောင်စီတပ်ကို တော်လှန်သွားမယ်လို့ ဆိုပါတယ်။
SSNDF/KNDF ဗျူဟာအမှတ် ၉ စစ်နည်းဗျူဟာမှူး ကိုဖိုးခွားက “KNDF နဲ့က ကျနော်တို့ အချိန်ကာလတခုအထိ KNDF ရဲ့ COC အောက်မှာ ကျနော်တို့ စစ်ရေးဖော်ဆောင်မှုတွေ၊ KNDF နဲ့အတူတူ လက်တွဲပြီးတော့ စစ်ရေးဖော်ဆောင်မှုတွေ ပြုလုပ်သွားဖို့ ရှိတာပေါ့နော်။ ဒါပေမဲ့ ကျနော်တို့ရဲ့ လူထုအခြေခံနယ်မြေတွေ ရပြီဆိုရင်တော့ SSNDF က ခိုင်မာတဲ့ COC တခု တည်ဆောက်ပြီးတော့မှပဲ ကိုယ့်ရဲ့ ရှမ်းတောင်နယ်မြေဒေသတွေမှာ ထိုးစစ်တွေဆင်နိုင်ဖို့ အတွက်ကို ရည်ရွယ်ထားပါတယ်ဗျ” လို့ ပြောပါတယ်။
SSNDF/KNDF ဗျူဟာအမှတ် ၉ စစ်သင်တန်းကို ဖေဖော်ဝါရီ ၁၁ ရက်က စတင်ခဲ့ပြီး ဧပြီ ၁၇ ရက်မှာ သင်တန်းဆင်းခဲ့ပါတယ်။
ကိုဖိုးခွားက “ရှေ့ဆက်ပြီးတော့ ကျနော်တို့ ခိုင်မာတဲ့ COC တခုအောက်ကနေပြီးတော့ ကျစ်လျစ်တဲ့ အင်အားတခုနဲ့ ရှေ့လျှောက် စစ်ဆင်ရေးတွေမှာရော ထိုးစစ်တွေမှာရော ကျနော်တို့ အင်အား ဒီထက်မက ပိုပြီးတော့ ကြီးမားတဲ့ အင်အားတခုရောက်အောင် တည်ဆောက်သွားမယ်” လို့ ပြောပါတယ်။
အမှတ် ၁၀၀၅ တပ်ရင်းနဲ့ ၁၀၀၈ တပ်ရင်းတို့က ဖေဖော်ဝါရီ ၁ ရက်မှာ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အောက်ကနေ တရားဝင်နုတ်ထွက်ခဲ့ပြီး ခုလက်ရှိမှာတော့ ရှမ်းတောင်က တခြားတပ်ရင်းတွေနဲ့အတူ SSNDF အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။