
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီဟာ အမေရိကန် အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူး တူစီဂက်ဘာ့ဒ်နဲ့ မြို့တော် နယူးဒေလီမှာ မတ် ၁၇ ရက်က တွေ့ဆုံခဲ့ပြီး မဟာခွန်းပွဲတော်အတွင်း စုဆောင်းထားတဲ့ ဂင်္ဂါမြစ်ရေကို လက်ဆောင်ပေးခဲ့ပါတယ်။
ဂက်ဘာ့ဒ်ဟာ အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာ့ဂျ်နာ့သ်ဆင်းဂ်နဲ့ တွေ့ဆုံပြီး နာရီပိုင်းအကြာမှာ မိုဒီနဲ့ တွေ့ခဲ့တာပါ။
မြို့တော်မှာ ကျင်းပတဲ့ အစည်းအဝေးမှာ ပိတ်ပင်ခံထားရတဲ့ ခါလစ္စတန်အဖွဲ့ဖြစ်တဲ့ တရားမျှတမှုအတွက် ဆစ်ခ်လူမျိုးများအဖွဲ့ (SFJ) က အမေရိကန်မြေပေါ်မှာ လုပ်ခဲ့တဲ့ အိန္ဒိယ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို အဓိကထား ဆွေးနွေးခဲ့ပါတယ်။
အမေရိကန်နဲ့ အိန္ဒိယ ၂ နိုင်ငံစလုံးဟာ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ဖို့၊ ရေကြောင်းနဲ့ ဆိုက်ဘာ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ ကတိပြုထားတယ်လို့ ဝန်ကြီးချုပ် မိုဒီက ပြောပါတယ်။
ဂက်ဘာ့ဒ်က နိုင်ငံစုံခရီးစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် အိန္ဒိယနိုင်ငံဆီ နှစ်ရက်ခွဲကြာ ခရီးစဉ်နဲ့ ရောက်လာတာပါ။
တနင်္ဂနွေနေ့အစောပိုင်းမှာ ဒေလီကို ရောက်လာပြီး ထောက်လှမ်းရေးပူးပေါင်းဆောင်ရွက်မှု၊ ဆိုက်ဘာလုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးဆိုင်ရာ အိန္ဒိယအရာရှိတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။
ဖေဖော်ဝါရီလမှာ ၀န်ကြီးချုပ်မိုဒီရဲ့ ဝါရှင်တန်မြို့တော်ဆီ ခရီးစဉ်အပြီးမှာ ဂက်ဘာ့ဒ်နဲ့ ခရီးစဉ် ပေါ်ပေါက်ခဲ့တာပါ။
ခရီးစဉ်အတွင်း၊ ဂက်ဘာ့ဒ်ဟာ နှစ်နိုင်ငံလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ အဓိကထား ဆောင်ရွက်တဲ့ အစည်းအဝေးတွေနဲ့ ညီလာခံတွေကို တက်ရောက်ခဲ့ ပါတယ်။
အိန္ဒိယ အမျိုးသားလုံခြုံရေးအကြံပေး အဂျစ်ဒိုဗယ် ဦးဆောင်တဲ့ ညီလာခံမှာ နိုင်ငံပေါင်း ၂၀ က ထောက်လှမ်းရေးနဲ့ လုံခြုံရေးအရာရှိတွေ တက်ရောက်ခဲ့ပါတယ်။
အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးရုံးက စီစဉ်ကျင်းပတဲ့ ဒီပွဲကို ရိုင်စီနာ ဒိုင်ယာလော့ခ်နဲ့အတူ ၂၀၂၂ ခုနှစ်ကတည်းက ကျင်းပခဲ့တာပါ။
ဂျာမနီနိုင်ငံမှာကျင်းပတဲ့ မြူးနစ်လုံခြုံရေးညီလာခံမှာ ဂက်ဘာ့ဒ်လည်း ပါဝင်ခဲ့ပြီး အခုခရီးစဉ်ဟာ ဂက်ဘာ့ဒ်အတွက် ဒီရာထူးကို တာဝန်ယူပြီးတဲ့နောက် ဒုတိယအကြိမ်မြောက် ပြည်ပခရီးစဉ် ဖြစ်ပါတယ်။
Source: Reuters