
ထိုင်ဝမ်ကျွန်းနားမှာ တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်နေတဲ့ ရုပ်သံကို ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက မတ် ၁၇ ရက်မှာ ဖြန့်ချိလိုက်ပါတယ်။
ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်က ခွဲထွက်ရေးဝါဒကို ဆက်ပြီး စည်းရုံးလှုပ်ရှားနေလို့ အပြစ်ပေးတဲ့အနေနဲ့ ခုလို စစ်ရေးလေ့ကျင့်နေတာလို့ တရုတ်ပြည်မကြီးအစိုးရက ကြေညာချက် ထုတ်ပြန်ပြောဆိုအပြီးမှာ ထိုင်ဝမ်က ခုလို ဖြန့်ချိလိုက်တာပါ။
ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို သူ့လက်အောက် ပြန်ရောက်အောင်လုပ်ဖို့ အင်အားသုံးမယ့်နည်းကို တရုတ်က ဘယ်တုန်းကမှ မစွန့်လွှတ်ခဲ့သလို လတ်တလောနှစ်တွေ အတွင်း ထိုင်ဝမ်ကို စစ်ရေး နိုင်ငံရေး ဖိအားတွေ ပိုတိုးပေးခဲ့ပါတယ်။
တရုတ်ဟာ ပူးတွဲတိုက်ခိုက်ရေး အသင့်အနေအထားနဲ့ မနက်တကြိမ်၊ မွန်းလွဲပိုင်းတကြိမ် ကင်းလှည့်နေတယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ထိုင်ဝမ်နားက ဧရိယာမှာ J-10 ဂျက်လေယာဉ်နဲ့ ဒရုန်းယာဉ်တွေ အပါအဝင် တရုတ်စစ်လေယာဉ် ၅၄ စီး စေလွှတ်ထားတယ်လို့ ပြောပါတယ်။
တရုတ်လေယာဉ်တွေဟာ ထိုင်ဝမ်ရဲ့ မြောက်ပိုင်း၊ အနောက်တောင်ပိုင်းနဲ့ အရှေ့ပိုင်းတွေက လေပိုင်နက်ထဲမှာ ပျံသန်းနေပြီး စောင့်ကြည့်ဖို့ ထိုင်ဝမ်လေတပ်နဲ့ ရေတပ်ကို တာဝန်ပေးထားတယ်လို့လည်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
Source : Reuters