
ဒလိုင်းလားမားကို ဆက်ခံမယ့်သူအရေးကို ပေကျင်းက ဆုံးဖြတ်မယ်ဆိုတဲ့ တရုတ်ရဲ့ သဘောထားကိုလက်မခံကြောင်း တိဘက်အစိုးရအဖွဲ့ဝင်တွေနဲ့ အိန္ဒိယနိုင်ငံ ဟိမဝန္တာတောင်တန်း မြို့တော် ဒါရမ်ရှာလာမှာ အခြေစိုက်တဲ့ ပြည်ပရောက် ပါလီမန်အမတ်တွေက မတ် ၁၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
ပြည်ပရောက် တိဘက်အစိုးရ ပြောရေးဆိုခွင့်ရှိသူ တမ်ဇင်းလက်ခ်ရှေက “မြင့်မြတ်လှတဲ့ ဒလိုင်းလားမား ကိုယ်တိုင်သာလျှင် သူ့ရဲ့နောက်ဘဝကို ဘယ်မှာဝင်စား မွေးဖွားမယ် ဆိုတာကို ဆုံးဖြတ်နိုင်တဲ့ တခုတည်းသော တရားဝင်ဝိညာဉ်တော် ဖြစ်ပါတယ်” လို့ အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။
ဒလိုင်းလားမားရဲ့ ဆက်ခံသူကို ပေကျင်းကသာ ရွေးချယ်မယ်လို့ တရုတ်အစိုးရက အခိုင်အမာ ပြောဆိုထားပေမဲ့ ဒလိုင်းလားမားကလည်း တရုတ်က နာမည်တင်သွင်းမယ့် ဆက်ခံသူကို လေးစားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
တိဘက် ဗုဒ္ဓဘာသာရဲ့ စိတ်ဝိညာဉ်ပိုင်း ဦးဆောင်လမ်းပြသူ ခေါင်းဆောင် ဒလိုင်းလားမားက သူ့ရဲ့ အနာဂတ် ဆက်ခံသူဟာ တရုတ်နိုင်ငံပြင်ပ “လွတ်လပ်တဲ့ကမ္ဘာ” မှာ မွေးဖွားလိမ့်မှာဖြစ်ကြောင်း အင်္ဂါနေ့မှာ ထုတ်ဝေတဲ့ သူ့ရဲ့စာအုပ်သစ်ထဲမှာ ပထမဆုံးအကြိမ် ရေးသားဖော်ပြခဲ့ပြီးနောက်မှာ ပေကျင်းရဲ့ သဘောထားမှတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အင်္ဂါနေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ဒလိုင်းလားမားဟာ ဘာသာရေးဝတ်ရုံအောက်မှာ တရုတ်ဆန့်ကျင်ရေး ခွဲထွက်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်နေတဲ့ နိုင်ငံရေး ပြည်ပြေးတယောက် ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
လက်ရှိ ဒလိုင်းလားမား ကိုယ်တိုင်ကို “အဲဒီအချိန်တုန်းက ဗဟိုအစိုးရ” က ထောက်ခံမှု ပေးခဲ့တာ ဖြစ်ပြီး ဒလိုင်းလားမား အပါအဝင် သက်ရှိ ဗုဒ္ဓဝင်စားမှု မှန်သမျှဟာ တရုတ်ဥပဒေနဲ့ စည်းမျဉ်းတွေကို လိုက်နာရမှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ပြောကြားခဲ့တာပါ။
၁၄ ဆက်မြောက် ဒလိုင်းလားမား တန်ဇင်းယတ်ဆိုဟာ မော်စီတုံးရဲ့ ကွန်မြူနစ် အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့ မအောင်မြင်တဲ့ လူထုအုံကြွမှုအပြီး ၁၉၅၉ ခုနှစ်မှာ ထောင်ပေါင်းများစွာသော တိဘက်လူမျိုးတွေနဲ့အတူ အိန္ဒိယနိုင်ငံကို ထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။
Source : Reuters