
တောင်ကိုရီးယား ဂျေဂျူးလေယာဉ်ရဲ့ black box မှာ မူအန်းအပြည်ပြည်ဆိုင်ရာလေဆိပ်က localizer တိုင်တွေထားတဲ့ တံတိုင်းကို ဝင်မတိုက်ခင် နောက်ဆုံး ၄ မိနစ်ကို မှတ်တမ်းမတင်နိုင်ခဲ့ဘူးလို့ တာဝန်ရှိသူတွေက ထုတ်ပြန်ခဲ့ပါတယ်။
ဒီလိုမျိုး အရေးကြီးဆုံးအချိန်ရဲ့ မှတ်တမ်းကို မရနိုင်တဲ့အတွက် မတော်တဆမှု ဘာကြောင့်ဖြစ်ရသလဲဆိုတာ အတိအကျဆုံးဖြတ်ဖို့ အရမ်းခက်ခဲသွားပြီလို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။
Black Box လို့ အလွယ်ခေါ်ကြပေမဲ့ လိမ္မော်ရောင်ရှိတဲ့ ကိရိယာမှာ လေယာဉ်ဦးခန်း အသံဖမ်း ရီကော်ဒါ (CVR) နဲ့ ပျံသန်းမှုအချက်အလက်ရီကော်ဒါ (FDR) ဆိုပြီး နှစ်မျိုးပါဝင်ပါတယ်။
အသံဖမ်း CVR မှာ လေယာဉ်မှူးက အရေးပေါ်ကယ်ဆယ်ဖို့ မေဒေး ကြေညာတဲ့အချိန်၊ ဒီဇင်ဘာ ၂၉ ရက် မနက် ၈ နာရီ ၅၉ မိနစ် မတိုင်မီ ၈ နာရီ ၅၈ မိနစ် ၄၉ စက္ကန့်အထိ အချက်အလက်ကိုပဲ မှတ်တမ်းတင်ထားနိုင်ပါတယ်။ ပျံသန်းမှု ရီကော်ဒါ FDR ဟာလည်း အလားတူအချိန်မှာ မှတ်တမ်းတင်မှု ရပ်တန့်သွားခဲ့ပါတယ်။
မြေယာ၊ အခြေခံအဆောက်အအုံနဲ့ ပို့ဆောင်ရေးဝန်ကြီးဌာန (NTSB) အောက်မှာရှိတဲ့ စုံစမ်းစစ်ဆေးရေးဘုတ်အဖွဲ့ကတော့ ဘာကြောင့် black box မှတ်တမ်းတင်မှု ရပ်သွားရသလဲဆိုတာ စုံစမ်းစစ်ဆေးမယ်လို့ ပြောထားပါတယ်။ လက်ရှိမှာ အမေရိကန်ကို ရောက်နေတဲ့ စုံစမ်းရေးမှူး ၂ ယောက်နဲ့ blackbox ကို ဇန်နဝါရီ ၁၃ ရက်မှာ တောင်ကိုရီးယားကို ပြန်သယ်လာမယ်လို့ သိရပါတယ်။
အသံဖမ်း CVR ရပ်သွားတယ်ဆိုတာ ဇန်နဝါရီ ၄ ရက်ကတည်းက သိရတာဖြစ်ပေမဲ့ အမေရိကန်ပို့ပြီး cross-verification ထပ်စစ်နေသေးလို့ မထုတ်ပြန်ခဲ့တာလို့ ဘုတ်အဖွဲ့က ဆိုပါတယ်။
အသံဖမ်း CVR စက်ဟာ လေယာဉ်မှူးနဲ့ တွဲဖက်လေယာဉ်မှူးအကြား ပြောဆိုမှုကို မှတ်တမ်းတင်သလို ပျံသန်းမှု မှတ်တမ်းတင် FDR စက်ကလည်း အင်ဂျင်ပါဝါလိုမျိုး လေယာဉ်စွမ်းဆောင်ရည် အချက်အလက် အသေးစိတ်ကို မှတ်တမ်းတင်တာဖြစ်တဲ့အတွက် ဒီလို အရေးပါဆုံး အချက်အလက်တွေ ဆုံးရှုံးခဲ့ရတာကို ပညာရှင်တွေက စိုးရိမ်နေကြပါတယ်။
ဆီလာတက္ကသိုလ်က လေကြောင်းသိပ္ပံပါမောက္ခ ကင်မ်ကွမ်အီလ်ကတော့ ဒီလို အရေးအပါဆုံး အခိုက်အတန့်ရဲ့ မှတ်တမ်းမရှိဘဲနဲ့ဆိုရင် ပျက်ကျမှုအကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့ အင်မတန်ကို စိန်ခေါ်မှုကြီးမားသွားပြီလို့ သုံးသပ်ပါတယ်။
ပျံသန်းမှုလမ်းကြောင်း၊ အမြန်နှုန်း စတဲ့ အီလက်ထရောနစ် ဆစ်ဂနယ်တွေကို မှတ်တမ်းတင်တဲ့ ပျံသန်းမှု ရီကော်ဒါ FDR ကတော့ အကူဓာတ်အားစနစ် မလိုပါဘူး။ လေယာဉ်တစင်း စက်ရပ်သွားတာနဲ့ အီလက်ထရောနစ် ဆစ်ဂနယ်တွေအားလုံး ရပ်တာဖြစ်တဲ့အတွက် မှတ်တမ်းတင်စရာ အချက်အလက်လည်း မလိုအပ်တော့ပါဘူး။ ဒါကြောင့် FDR အတွက် မလိုအပ်ဘဲ CVR အတွက်သာ လိုအပ်တာဖြစ်ပါတယ်။
ဘယ်အချိန်မှာ ငှက်အုပ်နဲ့တိုက်မိတာလဲ၊ ဘယ်အချိန်မှာ အင်ဂျင်ပျက်သွားတာလဲ၊ ဆင်းသက်ဂီယာ အလုပ်မလုပ်တော့တာ သေချာသလား ဆိုတဲ့ အဓိကမေးခွန်းတွေအတွက် အဖြေမထွက်ဘဲ ဖြစ်နေပါတယ်။
ငှက်အုပ်နဲ့တိုက်မိပြီး အင်ဂျင်ချို့ယွင်းတယ်၊ အရေးပေါ် ဗိုက်နဲ့ ရှပ်ဆင်းရတယ်ဆိုတဲ့ အချက်တွေကို ပညာရှင်တွေက မူလကတည်းက လက်ခံထားပေမဲ့ တိုက်ရိုက်သက်သေမရှိတဲ့အခါ မှန်းဆချက်သဘောမျိုး ဖြစ်လာခဲ့ပါတယ်။
ဒီလို အချက်အလက် ပျောက်နေတဲ့အတွက် လေယာဉ်မှူးတွေ ဘယ်လို ဆုံးဖြတ်ချက်ချခဲ့သလဲ ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရတော့ပါဘူး။
ဘာဖြစ်လို့ ပြေးလမ်း-၁ မှာ ချက်ချင်းမဆင်းဘဲ ဆင်းသက်မှုရပ်ဆိုင်း၊ ပျံတက်ပြီးတော့ ပြေးလမ်း-၁၉ မှာ ဆန့်ကျင်ဘက်လားရာကနေ ဗိုက်နဲ့ ရှပ်ဆင်းခဲ့ရသလဲဆိုတာကို CVR က အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။ ဒီမှတ်တမ်းမရှိရင်တော့ အရေးပါဆုံး ဆုံးဖြတ်ချက်နောက်ကွယ်က အကြောင်းပြချက်ဟာ ပဟေဠိအဖြစ်ပဲ ဆက်ရှိနေတော့မှာပါ။
ဆင်းသက်တဲ့ ဗီဒီယိုမှတ်တမ်းကိုပဲ ကြည့်ပြီး ဆန်းစစ်မယ်ဆိုရင် အကန့်အသတ်တွေ အများကြီးရှိတယ်လို့ အရှေ့ဖျားတက္ကသိုလ်က ပါမောက္ခ ကွမ်ဘိုဟွန်းက သုံးသပ်ပါတယ်။
ဥပမာအားဖြင့် ငှက်အုပ်နဲ့ တိုက်မိတဲ့အချိန် ပင်လယ်ပြင်အထက် အမြင့်၊ အမြန်နှုန်း၊ အင်ဂျင်အခြေအနေ၊ ဓာတ်အားထောက်ပံ့မှုနဲ့ ပတ်သက်တဲ့ တိကျတဲ့ အချက်အလက် မရတော့သလို ငှက်အုပ်ကြောင့်မဟုတ်ဘဲ တခြားအကြောင်းပြချက်ကြောင့် အင်ဂျင်ချွတ်ယွင်းရတယ်ဆိုတဲ့ သီအိုရီတွေကို ငြင်းဖို့လည်း ခက်သွားစေနိုင်တယ်လို့ ကွမ်က သုံးသပ်ပါတယ်။
Black box ဟာ အင်ဂျင်ကထုတ်တဲ့ ဓာတ်အားအပေါ် မှီခိုရတာဖြစ်တဲ့အတွက် ငှက်အုပ်နဲ့ တိုက်မိချိန်မှာပဲ ဒါမှမဟုတ် မရှေးမနှောင်းမှာပဲ အင်ဂျင်နှစ်လုံးစလုံး ချွတ်ယွင်းသွားတာ ဖြစ်နိုင်တယ်လို့လည်း ကွမ်က သုံးသပ်ပါတယ်။
ဒီလိုအချိန်မှာ အရန်ဓာတ်အားယူနစ် (APU) က ဓာတ်အားပေးနိုင်ပေမဲ့ လေယာဉ်မှူးတွေဟာ အချိန်မရတာ၊ ဒါမှမဟုတ် မလိုအပ်လို့လားဆိုတာ မသိပေမဲ့ မနှိုးခဲ့ပါဘူး။ ဒါ့အပြင် ချွတ်ယွင်းတဲ့အချိန်မျိုးမှာ အလိုအလျောက် ဓာတ်အားပေးဖို့ ထုတ်လုပ်ထားတဲ့ အရန် backup ဘက်ထရီနှစ်လုံးကလည်း ရည်ရွယ်ထားသလို ဘာကြောင့်အလုပ်မလုပ်သလဲ ဆိုတာကို စုံစမ်းစစ်ဆေးရေးမှူးတွေက ဆုံးဖြတ်ရမှာဖြစ်ပါတယ်။
ဒီလိုအချက်လက်ပျောက်ဆုံးမှုကြောင့် ဘယ်သူက တာဝန်ယူ၊ တာဝန်ခံရမလဲ ဆိုတဲ့အချက်ပါ ရှုပ်ထွေးသွားစေပါတယ်။ ငှက်အုပ်နဲ့တိုက်မိတာက လေဆိပ်နယ်နိမိတ်အတွင်းလား၊ ပြင်ပမှာဖြစ်တာလား ဆိုတဲ့အချက်က ကိုရီးယားလေဆိပ်များကော်ပိုရေးရှင်း၊ ဒါမှမဟုတ် ဘယ်အာဏာပိုင်အဖွဲ့က ဘယ်လောက်အတိုင်းအတာ တာဝန်ယူရမလဲ ဆိုတဲ့အပေါ် သက်ရောက်နိုင်လို့ ဖြစ်ပါတယ်။
Black box အချက်အလက်က အရေးပါပေမဲ့ အခြားသက်သေအထောက်အထားတွေနဲ့ ပျက်ကျမှု အကြောင်းရင်းကို ဆုံးဖြတ်ဖို့ ကြိုးစားမယ်လို့ လေကြောင်းနဲ့ ရထား မတော်တဆမှု စုံစမ်းရေးဘုတ်အဖွဲ့ ARAIB က ထုတ်ပြန်ထားပါတယ်။
ဒီလကုန်မှာတော့ အင်ဂျင်နဲ့ တောင်ပံ အပျက်အစီးတွေကို မူအန်းလေဆိပ်ကနေ ARAIB နဲ့ ဂင်ပိုလေဆိပ်က စစ်ဆေးရေးစင်တာကို ပို့ပြီး ထပ်စစ်မှာဖြစ်ပါတယ်။
မီဒီယာအများအပြားရဲ့ ဖော်ပြချက်မှာလည်း ဂျေဂျူးလေယာဉ်ဟာ Recorder Independent Power Supply (RIPS) လို့ခေါ်တဲ့ အသံဖမ်း CVR ကို ချိတ်ပြီး သီးသန့် ဓာတ်အားပေးတဲ့ ဘက်ထရီလည်း မပါဘူးလို့ ဆိုပါတယ်။ RIPS ဟာ အခုလိုမျိုး ဓာတ်အားပျက်သွားတဲ့အချိန်ဆိုရင် ကပ္ပတိန်ရဲ့ ဆက်သွယ်အကြောင်းကြားမှုတွေ အပါအဝင် လေယာဉ်ဦးခန်း အသံတွေကို ဖမ်းမိရေး သေချာစေဖို့ ၉ မိနစ်အထိ ဓာတ်အားပေးထားနိုင်တယ်လို့ ဆိုပါတယ်။
RIPS စနစ်ကို ပြည်တွင်းလေယာဉ်တိုင်းရဲ့ အသံဖမ်း CVR စက်တွေမှာ တပ်ဆင်ဖို့ ၂၀၁၈ ဇန်နဝါရီလ ၁ ရက်နေ့ ရက်စွဲနဲ့ တောင်ကိုရီးယား အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ နောက်ကြောင်းပြန် သက်ရောက်မှုမရှိတဲ့အတွက် ၂၀၁၇ မှာ စတင်ပြေးဆွဲတဲ့ ဒီလေယာဉ်ဟာ ကင်းလွတ်ခွင့်ရပြီး တပ်ဆင်မထားပါဘူး။
Source-Reuters