Home
ရုပ်သံ
ချင်းတောင်ပိုင်းတခုလုံး စစ်ကောင်စီတပ် ကင်းစင်၊ ချင်းပြည်နယ် ၈၀ ရာခိုင်နှုန်းကို ထိန်းချုပ်
DVB
·
December 23, 2024
Photo: CDFMindat

ချင်းပြည်နယ်၊ မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့ကို သိမ်းပိုက်ပြီးနောက် ချင်းတောင်ပိုင်းတခုလုံးမှာ စစ်ကောင်စီတပ် ကင်းစင်သွားပြီး ချင်းပြည်ရဲ့နယ်မြေ ၈၀ ရာခိုင်နှုန်းကိုသိမ်းပိုက် ထိန်းချုပ်နိုင်ပြီလို့ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ချင်းညီနောင် စစ်ဆင်ရေး အော်ပရေးရှင်း CB အဖြစ် မင်းတပ်နဲ့ ဖလမ်းမြို့သိမ်း စစ်ဆင်ရေးကို နိုဝင်ဘာ ၉ ရက်မှာ စတင်ခဲ့ပြီးနောက် ဒီဇင်ဘာ ၂၁ ရက်နေ့မှာ စစ်ကောင်စီ အထိုင်စခန်းနဲ့ တပ်ရင်းတွေအားလုံးကို တိုက်ခိုက်နိုင်ခဲ့ပြီး မင်းတပ်မြို့ကို အပြီးသတ်သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

CDF-မင်းတပ် စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်ဖေ က “ချင်းပြည်နယ်တောင်ပိုင်းမှာ အဓိက မြို့နယ် ၄ မြို့နယ်နဲ့ ဖွဲ့စည်းထားပါတယ်။ မြို့အနေနဲ့ဆိုရင် ၉ မြို့ရှိတယ်ပေါ့လေ၊ စကစတွေ ဆုတ်သွားတယ်ဆိုတာကလည်း အကြောင်းအရင်းအမျိုးမျိုးရှိပါတယ်။ ကြီးမားတဲ့ မတူပီစစ်ဆင်ရေးတွေ ကျနော်တို့ အောင်မြင်ခဲ့တယ်၊ ချထားတဲ့ တပ်အင်အားထက် အဆမတန်ကြီးမားလွန်းတဲ့ မင်းတပ်မြို့လိုဟာက စကစကိုတောင် ကျနော်တို့ တိုက်နိုင်တော့ သူတို့မပြေးဘဲ ရှိမလားပေါ့လေ။ မပြေးရင်လည်း ကျနော်တို့ လက်ထဲကျဖို့ပဲ ရှိတာပေါ့။ ထိုးစစ်ဆင်နေတဲ့အချိန်မှာ သူတို့ ဆုတ်ပြေးသွားတာဖြစ်ပါတယ်။ ကန်ပက်လက်မှာလည်း စကစ ကင်းစင်သွားပြီဆိုတော့ ကျနော်တို့ဆီမှာ စကစ ထိန်းချုပ်ထားတဲ့ မြို့တမြို့မှ မရှိတော့ပါဘူး” လို့ ပြောပါတယ်။

၅ လနီးပါး စစ်ကောင်စီတပ်သားတွေအား ပိတ်ဆို့ထားတဲ့ ကန်ပက်လက်မြို့ကို ချင်းညီနောင်က ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတုန်းမှာပဲ ကန်ပက်လက်မြို့ပေါ်က စစ်ကောင်စီတပ်သားတွေ ဆုတ်ခွာသွားတဲ့အတွက် ဒီဇင်ဘာ ၂၂ ရက်မှာ ကန်ပက်လက်မြို့ကိုလည်း အပြီးသတ် သိမ်းယူနိုင်ခဲ့ပါတယ်။

ကန်ပက်လက်မြို့က စစ်စခန်းတွေဟာ မင်းတပ် ခလရ ၂၇၄ တပ်ရင်းက ကြီးကြပ်ကွပ်ကဲတာ ဖြစ်တဲ့အတွက် မင်းတပ်မြို့ကျပြီးတဲ့နောက်မှာ မြို့ကိုစွန့်ခွာခဲ့တာဖြစ်ပါတယ်။

CDF-ကန်ပက်လက် စစ်ဦးစီးချုပ် ဆလိုင်းအောင်လင်းက “မတူပီသိမ်းပြီးကတည်းကနေစပြီးတော့ မင်းတပ်နဲ့ ဖလမ်းစစ်ဆင်ရေးနဲ့ တပြိုင်နက် ကန်ပက်လက်ကို စတင်နိုင်ဖို့အတွက်ပေါ့ ကြိုးစားနေတာပေါ့။ ရဲစခန်းလောက်ပဲရှိပြီးမှ စစ်အာဏာသိမ်းပြီးမှပဲ တပ်စွဲနေရာယူထားတာဖြစ်တော့ အရမ်းအင်အားမရှိဘူးပေါ့။ တပြိုင်နက်တည်း ၃ မြို့သိမ်းနိုင်ဖို့အတွက်ကို ပြင်ဆင်ထားတာဖြစ်ပါတယ်၊ အကြောင်းအမျိုးမျိုးကြောင့် ၅ လလောက် သူတို့လုံးဝမထွက်နိုင်အောင် ပိတ်ဆို့ပြီးတော့မှ ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတဲ့ အခြေအနေမျိုးမှာပဲ ကန်ပက်လက်ကနေ သူတို့ ထွက်ပြေးသွားတာဖြစ်ပါတယ်” လို့ ပြောပါတယ်။

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်းမှာ အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃ ယောက်ကိုလည်း ကယ်ထုတ်နိုင်ခဲ့သလို ဖမ်းဆီးခံရတဲ့ စစ်သုံ့ပန်း ၂၀၀ နီးပါးရှိနေပြီး  ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်သားအချို့ကိုလည်း နယ်မြေရှင်းလင်းရေးလုပ်ပြီး လိုက်လံဖမ်းဆီးနေတယ်လို့ သိရပါတယ်။

ဖလမ်းမြို့ပေါ်မှာလည်း စစ်ကောင်စီတပ်သားတွေ အထိုင်ချထားတဲ့ နေရာအချို့သာကျန်ရှိနေပြီး မြို့ကို အပြီးသတ်သိမ်းယူနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

မင်းတပ်အပါအဝင် ချင်းတောင်ပိုင်းက ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့မြို့တွေမှာ စစ်ရှောင်ပြည်သူတွေ နေရပ်ပြန်နိုင်ဖို့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသလို ချင်းပြည်အစိုးရ Chinlanland Councli နဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ကိုလည်း ချင်းညီနောင် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောပါတယ်။

“ဘယ်လိုအခြေအနေနဲ့ ပူးပေါင်းဆောင်ရွက်ကြမလဲဆိုရင် ချင်း Brotherhood နဲ့ Chinland Council ရဲ့ သဘောထားကွဲလွဲမှုတွေသည် စစ်အာဏာရှင်ကို ဖြုတ်ချဖို့လောက် အရေးမကြီးဘူး၊ ဖက်ဒရယ် ဒီမိုကရေစီထူထောင်ဖို့ စစ်အာဏာရှင်ကို ဖြုတ်ချဖို့ကသာလျှင်ပို အရေးကြီးတယ်၊ ပူးပေါင်းတဲ့အခါကျရင်လည်း လက်တွေ့ကျကျပူးပေါင်းဖို့ လိုတယ်၊ စစ်မှန်တဲ့ အပြန်အလှန်လေးစားတန်ဖိုးထားမှု ရိုးသားမှု မှန်ကန်မှုနဲ့ဘဲ ပူးပေါင်းဖို့လိုတယ်၊ အသက်ရင်းပြီးမှ သေဖော်သေဖက်ရဲဘော် ရဲဘက်လို ပူးပေါင်းမှပဲ စစ်ဆင်ရေးတခုကအောင်မြင်နိုင်မှာဖြစ်တယ်။”

ချင်းပြည်တောင်ပိုင်းက ပလက်ဝ၊ ဆမီး၊ ကျင်ဒွေး၊ ကန်ပက်လက်၊ မကွီအိမ်နူး၊ မင်းတပ်၊ မတူပီ၊ ရေဇွာ၊ လိုင်လင်းပီ စတဲ့ မြို့အားလုံးကို ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ 

သီရိ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024