
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့မှာ တခုတည်းကျန်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ အမှတ် ၂၇၄ ခြေလျင်တပ်ရင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ပြီးတဲ့နောက် မင်းတပ်ချင်းကာကွယ်ရေးတပ်ဖွဲ့ ဒုတိယစစ်ဦးစီးချုပ်က ဒီဇင်ဘာ ၂၃ ရက်မှာ ချင်းပြည်နယ်အလံကို လွှင့်တင်ခဲ့ပါတယ်။
ဒါ့အပြင် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) စစ်ဦးစီးချုပ်ကလည်း မင်းတပ်မြို့ ခလရ ၂၇၄ ဗဟိုကင်းမှာ ချိတ်ထားတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ဓာတ်ပုံကို ဖြုတ်ချတာကိုလည်း မင်းတပ်သတင်းနဲ့ ပြန်ကြားရေးက ရုပ်သံနဲ့တကွ ထုတ်ပြန်လာပါတယ်။
ချင်းညီနောင်ဟာ ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အမည်နဲ့ မင်းတပ်မြို့နဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခု၊ နိုဝင်ဘာ ၉ ရက်က မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ စတင်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၂၁ ရက်မှာ အပြီးသတ်သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကိုလည်း ချင်းညီနောင်တပ်ဖွဲ့က ကျည်တတောင့်မကုန်ဘဲ သိမ်းပိုက်လိုက်နိုင်တယ်လို့ ချင်းညီနောင်ဆီက သိရပါတယ်။
ကန်ပက်လက်မြို့ကို ချင်းညီနောင်ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ဖို့ ပြင်ဆင်ခဲ့ပေမဲ့ ဒီဇင်ဘာ ၂၁ ရက်ညပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့တွေဟာ စခန်းစွန့်ခွာထွက်ပြေးသွားလို့ ကန်ပက်လက်မြို့ကို ကျည်တတောင့်မကုန်ဘဲ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ချင်းညီနောင်တပ်ဖွဲ့ဝင် မင်းတပ်ပအဖရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က DVB ကို ပြောပါတယ်။
ချင်းညီနောင်တပ်ဖွဲ့တွေအနေနဲ့ မတူပီမြို့၊ မင်းတပ်မြို့၊ ကျင်ဒွေးမြို့နဲ့ ကန်ပက်လက်မြို့တို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိမှာတော့ဖလမ်းမြို့သိမ်းတိုက်ပွဲကို ဆက်လက်ဆင်နွှဲနေပါတယ်။