Home
နိုင်ငံတကာ
၂၀၂၄ ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်များစာရင်းတွင် အမေရိကန်တက္ကသိုလ်များ ဦးဆောင်
DVB
·
April 25, 2024

ပညာရေးသုတေသန အဖွဲ့အစည်းတခုဖြစ်တဲ့ uniRank က ထုတ်ပြန်တဲ့ ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တွေစာရင်းမှာ အမေရိကန်တက္ကသိုလ်တွေက ဦးဆောင်နေပါတယ်။

ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်အဖြစ် နံပါတ် ၁ နေရာမှာ အမေရိကန်အခြေစိုက် နာမည်ကြီး ဟားဗတ်တက္ကသိုလ်ရှိနေပြီး သူ့နောက်မှာတော့ စတဲန်းဖို့ဒ်တက္ကသိုလ်နဲ့ မက်ဆာချူဆက် နည်းပညာတက္ကသိုလ်တွေက ဆက်တိုက်ရပ်တည်နေတာပါ။

နံပါတ် ၄ နဲ့ ၅ နေရာတွေမှာတော့ ဗြိတိန်နာမည်ကြီး တက္ကသိုလ် ၂ ခုဖြစ်တဲ့ အောက်စ်ဖို့ဒ် နဲ့ ကိန်းဘရစ်ချ်တက္ကသိုလ်တွေ ရှိနေပြီး ထိပ်တန်းအဆင့် ၁၀ နေရာမှာ အမေရိကန် အခြေစိုက်တက္ကသိုလ် ၈ ခု ပါဝင်နေပါတယ်။

UniRank အနေနဲ့ သူတို့ရဲ့ ထိပ်တန်း တက္ကသိုလ်ကောလိပ်တွေရဲ့ အဆင့်သတ်မှတ်ချက်ဟာ နိုင်ငံအသီးသီးက တက္ကသိုလ်တွေက ကိုယ်တိုင်တင်ပြတဲ့ အချက်အလက်တွေထက် တရားဝင်၊ ဘက်မလိုက်ဘဲ လွှမ်းမိုးမှုမရှိတဲ့ ပညာရေးသုတေသန သတင်းရင်းမြစ်တွေအပေါ် အခြေခံထားတာလို့ ဆိုပါတယ်။

အခု ၂၀၂၄ ခုနှစ်အတွက် ထိပ်တန်းတက္ကသိုလ် အဆင့်သတ်မှတ်ချက်မှာတော့ ကမ္ဘာတဝန်းက တက္ကသိုလ် ၃၃၁၀ ထိ ပါဝင်နေပြီး အာဆီယံနိုင်ငံတနိုင်ငံဖြစ်တဲ့ စင်ကာပူအခြေစိုက် အမျိုးသားတက္ကသိုလ်ကတော့ ကမ္ဘာ့အဆင့် ၂၁၊ အာရှအဆင့် ၁ ထိပ်တန်းတက္ကသိုလ်ဖြစ်တယ်လို့ ဖော်ပြပါတယ်။

အာရှအဆင့် ၂ နေရာမှာတော့ ကိုရီးယားအခြေစိုက် ဆိုးလ်အမျိုးသားတက္ကသိုလ်က ကမ္ဘာ့အဆင့် ၃၉ နဲ့ ရှိနေပြီး အာရှအဆင့် ၃ နေရာမှာတော့ ဟောင်ကောင်တက္ကသိုလ် ရှိနေတာပါ။

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံထိပ်တန်းတက္ကသိုလ်တွေဖြစ်ကြတဲ့ ချူလာလောင်ကွန်၊ မဟီဒေါနဲ့ ချင်းမိုင်တက္ကသိုလ်တွေကတော့ အာရှအဆင့် ၄၁၊ ၅၁ နဲ့ ၁၀၉ နေရာတွေမှာ အသီးသီး ရပ်တည်နေပါတယ်။

UniRank က ထုတ်ပြန်တဲ့ ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာ့နိုင်ငံပေါင်း ၃၃၀၀ ကျော်ထဲက တက္ကသိုလ်အဆင့် သတ်မှတ်ချက်တွေထဲမှာတော့ စစ်အာဏာသိမ်းမှုနဲ့ ပညာရေးအပါအဝင် ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေတဲ့ မြန်မာနိုင်ငံက တက္ကသိုလ်တွေ တခုမှ ပါဝင်လာခြင်း မရှိပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024