Home
နိုင်ငံတကာ
သြစတြေးလျတွင် ခရစ်ယာန်ဘုန်းတော်ကြီး ဓားထိုးခံရပြီးနောက် လူငယ် ၇ ဦးကို ဖမ်းဆီး
DVB
·
April 25, 2024

သြစတြေးလျနိုင်ငံက ခရစ်ယာန်ဘုန်း‌တော်ကြီး ဓားထိုးခံရမှု စုံစမ်းစစ်ဆေးမှုအပြီး တန်ပြန်အကြမ်းဖက်မှုနှိမ်နင်းရေး ပူးပေါင်းအဖွဲ့ဟာ ဆစ်ဒနီမှာ စီးနင်းမှုတွေ ပြုလုပ်ပြီးနောက် ဧပြီ ၂၄ ရက်မှာတော့ သြစတြေးလျရဲတပ်ဖွဲ့ဟာ လူငယ် ၇ ဦးကို ဖမ်းဆီးခဲ့ပြီး တခြားသူအများအပြားကိုလည်း စစ်ဆေးမေးမြန်းခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဝင် ၄၀၀ ကျော် ဆောင်ရွက်ခဲ့တဲ့ ရှာဖွေဝရမ်း ၁၃ စောင်ဟာ ဆစ်ဒနီမြို့ရှိ Christ the Good Shepherd ဘုရားကျောင်းမှာ ဧပြီ ၁၅ ရက်က တိုက်ရိုက်ထုတ်လွှင့်နေမှုအတွင်း ရှေးရိုး အက်စ်ဆရီးယန်း ဘုန်းတော်ကြီး မားမရီ အီမန်နူယယ် ဓားထိုးခံရမှုနဲ့ ဆက်စပ်နေတာပါ။

ပြစ်မှုကျူးလွန်သူနဲ့ အပေါင်းအပါ ကွန်ရက်တခုနဲ့ အလားတူ အကြမ်းဖက် အစွန်းရောက်ဝါဒကို မျှဝေကြတယ်လို့ ယူဆရတဲ့ သူတို့သက်တူရွယ်တူတွေအကြားမှာ ဆက်စပ်မှုရှိနေတာတွေကို ဖော်ထုတ်တွေ့ရှိရတယ်လို့ သြစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့ လက်ထောက်ကော်မရှင်နာ ခရစ်စီ ဘားရတ်ထ်က သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဘာသာရေးအစွန်းရောက်မှုလို့ သံသယဖြစ်စရာ လှုံ့ဆော်မှုကြောင့် တိုက်ခိုက်မှုတခု ဖြစ်ပွားခဲ့အပြီးမှာ ပြီးခဲ့တဲ့သီတင်းပတ်က နယူးဆောက်သ်ဝေးလ်စ် ရဲတပ်ဖွဲ့ဟာ အသက် ၁၆ နှစ်အရွယ် ယောက်ျားလေးတဦးကို အကြမ်းဖက်ကျူးလွန်မှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။

ဆစ်ဒနီမြို့ ကုန်တိုက်တခုမှာ ဧပြီ ၁၃ ရက်က ဓားနဲ့တိုက်ခိုက်မှုတခု ဖြစ်ပွားခဲ့ရာမှာ လူ ၆ ဦး သေဆုံးခဲ့ပြီးနောက် ၃ ရက်အတွင်းမှာပဲ ဆစ်ဒနီမှာ ဒုတိယအကြိမ် ဓားထိုးမှု ဖြစ်ပွားခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024