Home
မြန်မာသတင်း
တနင်္သာရီ၊ ဘုတလင်၊ ထီးချိုင့်နှင့် ဝိုင်းမော်တို့တွင် စစ်တပ်က ပစ်ခတ်ဗုံးကြဲသဖြင့် ပြည်သူအချို့ သေဆုံးဒဏ်ရာရ
DVB
·
April 25, 2024

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သိန္ဓောရွာအနီးတဝိုက်ကို ဧပြီ ၂၄ ရက်မှာ စစ်တပ်က လေကြောင်းကနေ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဆီက သိရပါတယ်။

စစ်တပ်က မနက် ၉ နာရီခွဲခန့်မှာ တကြိမ်၊ မနက် ၁၁ နာရီအချိန်လောက်မှာ တကြိမ်နဲ့ ညနေ ၃ နာရီလောက် တကြိမ် လေကြောင်းကနေ ဗုံးသီးအလုံးပေါင်း ၃၀ ကျော် ကြဲချခဲ့တယ်လို့ ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်အတွင်း စစ်ကောင်စီရဲ့ တိုက်လေယာဉ် တစင်းက လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ်လုပ်ဆောင်ခဲ့တာဖြစ်ပြီး Mi-2 ရဟတ်ယာဥ်တစင်းက ဗုံးသီးချတိုက်ခိုက်မှု ၁ ကြိမ် လုပ်ဆောင်ခဲ့တယ်လို့ မြေပြင်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

မြေပြင်ရှိ‌တော်လှန်ရေးတပ်ဖွဲ့ဝင် တဦးက “ဒီနေ့ တရက်တည်းကို အလုံး ၃၀ ကျော်နေပြီ။ မနေ့က ၂၀ ကျော်လာကြဲတယ်။ ဒီနေ့ကတော့ ရဟတ်ယာဥ်ပဲ မဟုတ်ဘူး။ တကူမှာကျတော့ ၁ ချက် ထိုးလောက်မှာလာဝဲသေးတယ်။ ဂျက်ဖိုင်တာနဲ့ ၃ နာရီမှာ ဆော့ဒုံးနဲ့လာပစ်တယ်။ ၅ပွိုင့် နဲ့ စစ်လက်နက်တွေပစ်တယ် "လို့ ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုမလုပ်ဆောင်ခင်က သိန္ဓောကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပြီး ပစ်ခတ်မှု တချို့ ဖြစ်ပွားခဲ့သေးကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှု မလုပ်ဆောင်ခင်တည်းက သိန္ဓေကျေးရွာက ဒေသခံပြည်သူတွေမှာ ဘေးလွတ်ရာ ကျေးရွာတွေနဲ့ တောတောင်ဒေသတွေဘက်ကို တိမ်းရှောင် ထွက်ပြေးလာကြရကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။

ဒေသခံတဦးက “ရွာသားတွေပြောင်းပြီး ဘယ်လောက်မှမကြာဘူး၊ ဗုံးလာကြဲတယ်တဲ့။ ရွာသားတွေလည်း ရွာတွေဘက်ကို ရှောင်ပြီး လာနေကြတယ်။ အထိအခိုက်မရှိကြဘူး"လို့ ပြောပါတယ်။

ဧပြီ ၂၂ ရက်ကလည်း စစ်ကောင်စီရဲ့ Mi-2 ရဟတ်ယာဥ် တစင်းကနေ သိန္ဓောရွာ၊ သူဌေးရွာနဲ့ ဘန်းပြည့်ရွာအနီးတဝိုက်ကို ဗုံးသီးအလုံး ၂၀ ခန့်ကြဲချပြီးတော့ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် လုပ်ဆောင်ခဲ့သေးတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ထန်းတောရွာကိုလည်း စစ်ကောင်စီက မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ဧပြီ ၂၄ ရက်နေ့ ည ၇ နာရီခွဲလောက်မှာ လက်နက်ကြီး နဲ့ ပစ်ခတ်တာကြောင့် အသက် ၁၈ နှစ်ကျော် အမျိုးသားတဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ပစ်တာက ၁၂၀ မမနဲ့  ၁ လုံးတည်း ပစ်တာ။ တလုံးတည်းပစ်တာကို ရွာပေါ်ကျပြီး ဝမ်းဗိုက် ကျည်စထိမှန် သေဆုံးရတာ။ ဒဏ်ရာရရှိတာက ၄ ဦးအထိ ရှိတယ်ဗျ။ ဘာဖြစ်လို့ အခုလို ပစ်တာလဲဆိုတာကတော့ မသိဘူး။ အဲလိုလက်နက်ကြီးနဲ့ ပစ်ခတ်ပြီး နမခစစ်တပ်ကနေ ည ၂ နာရီခွဲမှာ စစ်ကြောင်းထိုးလာပြီး ရွာထဲကိုပစ်ခတ်ပြီး ဝင်လာတယ်။ အဲလိုဝင်လာပြီးပြည်သူ နေအိမ် ၄ လုံးကို မီးရှို့ပြီး နမခစစ်တပ်စခန်းကို ပြန်သွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

အိမ်ခြေ ၃၀၀ နီးပါးရှိတဲ့ ထန်းတောရွာဟာ နမခ စစ်တပ်ဌာနချုပ်စခန်းနဲ့ ၄ မိုင်ခန့်သာ ဝေးတယ်လို့လည်း သိရပါတယ်။

လက်နက်ကြီးနဲ့ ကျေးရွာတွေကို ရမ်းသန်းပစ်ခတ်နေတဲ့ နမခ ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က ရှော့တိုက်ဒုံးတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Brothersအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ကျနော်တို့ တိုက်ပွဲ မစ်ရှင်လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ပြည်သူကျေးရွာတွေစီ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်လို့   အခုလိုသွားပြီး နမခအထိုင်စခန်းကို သွားတိုက်ရတာပါဗျ။ ကျနော်တို့ သွားပစ်ခတ်ခဲ့တာက ရှော့တိုက်ဒုံး ၁၀ လုံး အရင်ပစ်ခတ်တယ်။ နောက်ပြီး မောင်းသူမဲ့လေယာဉ်နဲ့ ၆၀ မမ ၂ လုံး ဗုံးသီးကြဲတိုက်ခိုက်ခဲ့တာဗျ။ စစ်(‌ေ-) ဘက်က အသေအပျောက်ကတော့ မသိရသေးဘူး။ ကျနော်တို့ဘက်ကတော့ အထိခိုက်မရှိခဲ့ဘူးလို့။” 

နဂါးညီနောင်၊ ချိုမိုင်မိုင်၊‌ ကျောက်လုံးကြီးအဖွဲ့၊ ကနီတိုက်နယ် ၅ မှ ဗိုလ်မိုက်တီးအဖွဲ့၊ Chindwin Revolution Army၊ Chindwin Brothers အဖွဲ့၊  မုံရွာခရိုင်တပ်ရင်း ၁၃ တို့ ပူပေါင်းပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

ဧပြီ ၂၄ ရက် မနက် ၆ နာရီလောက်ကလည်း ဘုတလင်မြို့နယ်၊ ညောင်ပင်ကန်ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဘုတလင် ဒေသခံ ပြည်သူ့ကာကွယ်‌ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါစစ်ကြောင်းဟာ ဘုတလင်မြို့ကနေ ညောင်ပင်ကန်ရွာဘက်ကို စစ်ကြောင်းထိုးလာရင်း ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ပွားတာလို့ ရွာသားတဦးက ပြောပါတယ်။ 

“တိုက်ပွဲဖြစ်ရတဲ့အကြောင်းက ပြည်သူ့ကာကွယ်ရေးတပ်တွေက မုံရွာ-ဘုတလင်-ရေဦး သွားလမ်းပိုင်းကို ညောင်ပင်ကန်ရွာအနီးကနေ လမ်းပိတ်တာတွေ ပြုလုပ်ထားလို့ လမ်းဖွင့်ဖို့ လာတာကနေ တိုက်ပွဲဖြစ်ကြတာဗျ။ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဘုတလင်မြို့ထဲကို ခရီးသွားကားတွေ အားလုံးကို ဖြတ်သန်းသွားလာခွင့်မပေးဘဲ မြို့ရှောင်လမ်းကနေ သွားခိုင်း‌တယ်။ အဲလို ခရီးသည်ကား၊ ကုန်ကားတွေ ဘုတလင်မြို့ထဲကနေ ဖြတ်မသွားတော့ သူတို့အတွက် ဆက်ကြေးမရလို့ ဖြစ်မယ်။” 

အဆိုပါ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တို့ ဧပြီ ၂၂ ရက်ကလည်း ပထမအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

ဘုတလင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးက “ဒီနေ့တိုက်ပွဲက ဖြစ်တာ ဟုတ်ပါတယ်ဗျ။ စစ်ကောင်စီဘက်က ၄ ဦး နေရာတင် သေဆုံးပြီး ဘုတလင်ဆေးရုံရောက်မှ ၄ ဦးသေဆုံးတယ်လို့ သိထားရတယ်ဗျ။ သူတို့ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်ပြီး သေဆုံး ဒဏ်ရာရတဲ့ စစ်သားတွေကို စစ်ကား ၂ စီးနဲ့ ဘုတလင် ပြန်သယ်သွားကြတယ်။ ကိုယ့်ဘက်က ရဲဘော် ၂ ဦး စစ်ကောင်စီဘက်ကပစ်ခတ်တဲ့ ၄၀ မမ ကျည်စထိမှန်ပြီး ဒဏ်ရာရခဲ့တယ်။ အသက်အန္တရာယ်အတွက် မစိုးရိမ်ရပါဘူး” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားရာနေရာဟာ စစ်ကောင်စီ အထိုင်ချတပ်စွဲနေတဲ့ ဘုတလင်မြို့နဲ့ ၃ မိုင်ပဲ ဝေးတယ်လို့လည်း သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ကမ်းနီရွာကိုလည်း စစ်ကောင်စီတပ်က ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဧပြီ ၂၄ ရက် နေ့လယ် ၂ နာရီ ၁၄ မိနစ်က လေကြောင်းကနေ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထီးချိုင့်မြို့နယ် ကမ်းနီရွာသားတဦးက “ပြောရရင်‌ ရွာထဲမှာ ဘာတိုက်ပွဲမှ မဖြစ်ဘဲနဲ့ကို ရွာထဲ လေယာဉ်နဲ့ ၅ ပတ်ဝဲပြီး ဗုံးကြဲ ပစ်ခတ်သွားတာပါဗျ။ လေယာဉ်နဲ့ လာမပစ်ခင်ကတော့ ကင်းထောက်လေယာဉ်နဲ့ တမနက်ခင်းလုံး ရွာပါ်ကနေ ပတ်ကြည့်တာတွေ လုပ်တယ်။ အဲဒီလို ပတ်ကြည့်ပြီးမှ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ။ ပထမဆုံး Rocket ဗုံး ၂ လုံး ကြဲချတယ်။ နောက်အပတ်တွေကျ‌တော့ စက်လက်နဲ့ ပတ်ပစ်တယ်။ သူတို့ ဦးတည်ပစ်တာက တိုက်နယ်ဆေးရုံကို ပစ်ခတ်တာပဲ။ အဲဒီလိုပစ်ခတ်လို့ ဆေးရုံအနီးက အိမ်တွေပေါ်ကျပြီး လူနေအိမ် ၄ လုံးကျော် မီးလောင်ပျက်စီးတယ်။ ဈေးဆိုင်ခန်းတွေ ပျက်စီးတယ်။ ပြည်သူ ၇ ဦးလည်း မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်” လို့  DVB ကို ပြောပါတယ်။

ကမ်းနီရွာဟာ အိမ်ခြေ ၁,၀၀၀ နီးပါးခန့်ရှိတဲ့ ကျေးရွာတရွာဖြစ်သလို တိုက်နယ်ဆေးရုံ၊ စစ်ကောင်စီနယ်မြေခံရဲစခန်း၊ အထက ကျောင်းနဲ့ ဈေးလည်းရှိတဲ့ကျေးရွာ ဖြစ်ပါတယ်။ စစ်ကောင်စီ နယ်‌‌မြေခံရဲစခန်းကတော့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားပြီး ထီးချိုင့်မြို့မရဲစခန်းကို တပ်ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။

ထီးချိုင့် ပအဖ တာဝန်ရှိသူတဦးက “ထိခိုက်တဲ့ ပြည်သူတွေအမည်က ကိုဇော်သက်စိုး၊ ကိုခင်ဇော်အေး၊ အီးတီ၊ ကိုအောင်သက်ဦး၊ မခိုင်သင်းကြည်၊ မဌေးနွယ်၊ မပြည့်ပြည့်အောင် တို့ ဖြစ်တယ်ဗျ။ ကိုခင်ဇော်အေးကတော့ ဒဏ်ရာပြင်းထန်တယ်ဗျ။ အသက်အရွယ်တွေကတော့ အားလုံး ၂၀ နဲ့ ၄၀ ဝန်းကျင်တွေဖြစ်မယ်။ အားလုံးကို ကျနော်တို့ ဆေးကုသ စောင့်ရှောက်မှု ပေးထားပါတယ်” လို့ ပြောပါတယ်။

အဲဒီကမ်းနီကျေးရွာဟာ စစ်တပ်အာဏာသိမ်းပြီးနောက် လက်ရှိအကြိမ်အပါအဝင် ၃ နှစ်ကျော်ကာလအတွင်းမှာ စစ်တပ်က လေကြောင်းနဲ့ ၃ ကြိမ်တိတိ တိုက်ခိုက်ခံရတဲ့ကျေးရွာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာလည်း စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် နေအိမ်တလုံး ပျက်စီးပြီး အိမ်မွေးတိရစ္ဆာန်တွေ ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ ဧပြီ ၂၃ ရက် ညက ဝိုင်းမော်မြို့အခြေစိုက် ခလရ ၅၈ တပ်ရင်းနဲ့ မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် လမြန်ကျေးရွာ၊ ဝူယန်ကျေးရွာနဲ့ မုတ်ကြိတ်ကျေးရွာတွေမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံအမျိုးသားတဦးက “ဝိုင်းမော် ခလရ ၅၈ တပ်ရင်းဘက်ကနေလည်း ပစ်တယ်။ မြစ်ကြီးနားဘက်ကနေလည်း ပစ်တယ်။ အချက်ရေကတော့ မနည်းဘူး။ ည ၁၁ နာရီလောက်အထိ ပစ်နေတုန်းပဲ။ ကျနော်သိသလောက် ဝူယန်ကျေးရွာက နေအိမ်တလုံး ပျက်စီးတယ်။ ဆိတ်တွေလည်း သေတာ ၇ ကောင်လောက်ရှိတယ်” လို့ ပြောပါတယ်။

မြစ်ကြီးနားမြို့ခံတဦးက “မပခ (မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်) ကလည်း ဝိုင်းမော်ဘက်ကို  ည ၁၁ နာရီခွဲလောက်အထိကို လက်နက်ကြီးနဲ့ ပစ်နေတာ။ မပခနားက အိမ်တွေဆို တုန်တောင်တုန်တယ်။ မရှိဘူးဆို မပခ က ပစ်တာတင် အချက်ရေ ၃၀ လောက်ရှိတယ်” လို့  ပြောပါတယ်။

မြစ်ကြီးနားနဲ့ ဝိုင်းမော်ကို ဆက်သွယ်ထားတဲ့ ဗလမင်းထင်တံတား စစ်ဆေးရေးဂိတ်မှာလည်း ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက် ညပိုင်းမှာ အမည်မသိအဖွဲ့က လာရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အချက်ရေမနည်း လှည့်လည်ပစ်ခတ်ခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024