Home
ဆောင်းပါး
မင်းအောင်လှိုင်ခေါင်းထဲက ဉာဏ်နီ ဉာဏ်ယုတ်
DVB
·
April 20, 2024

နှစ်ဆန်း ၁ ရက်နေ့ဆိုတော့ ထုံးစံအတိုင်း လွတ်ငြိမ်းချမ်းသာဆိုတဲ့ အသံကို ကြားခဲ့ရတယ်။ မြန်မာနိုင်ငံတဝန်းရှိ ထောင်နဲ့ ရဲဘက်စခန်းတွေက အကျဉ်းကျနေသူ ၃၃၀၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုတယ်လို့ သိရတယ်။ ထုံးစံအတိုင်းပဲ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ (၄၀၁)၊ ပုဒ်မခွဲ (၁) အရ လွတ်ငြိမ်းခွင့်ပြုတာဖြစ်လို့ စည်းကမ်းသတ်မှတ်ချက်ပါတဲ့ လွတ်ငြိမ်းအမျိုးအစားလည်း ဖြစ်တယ်။

လွတ်ငြိမ်းခွင့်ရ အကျဉ်းသားစုစုပေါင်း  ၃၃၀၃ ဦးမှာ စစ်ဗိုလ်ချုပ်တို့အကြိုက် ၉ ဂဏန်းဖြစ်နေတာ ကြောင့် အရှုံကြီးရှုံးနေတဲ့ မင်းအောင်လှိုင် ယတြာချေခြင်းနည်းနဲ့ အနိုင်ပြန်ရလာမလားလို့ အရူးထနေကျ ယတြာလွတ်ငြိမ်းလို့လည်း အပြောအဆိုတွေ ရှိကြတယ်။

လွတ်ငြိမ်းခွင့်ရ ၃၃၀၃ ဦးထဲမှာ နိုင်ငံရေးအကျဉ်းသားဘယ်နှယောက် ပါပါသလဲ။ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ဧပြီ ၁၈ ရက် ထုတ်ပြန်ချက်မှာ လွတ်ငြိမ်းခွင့်ရ နိုင်ငံရေးအကျဉ်းသား ၁၀၁ ဦးသာပါကြောင်း သိရတယ်။

ဆိုတော့ အကြမ်းဖက်စစ်အုပ်စုရဲ့ လွတ်ငြိမ်းခွင့်ဟာ ထုံးစံအတိုင်း နိုင်ငံရေးအကျဉ်းသား အနည်းငယ်မျှကို မကောင်းတတ်လို့ ဟန်ပြလွှတ်ပေးခြင်းဖြစ်ပြီး အဲဒီ ၁၀၁ ဦးမှာ မကြာမီ ထောင်ကျရက်စေ့လို့ လွတ်မြောက်တော့မယ့်သူတွေ အများဆုံးပါဝင်နေခြင်းကလည်း စစ်အုပ်စုရဲ့ ထုံးစံပါပဲ။

ဒါ့အပြင် မြစ်ကြီးနားထောင်ထဲကနေ နိုင်ငံရေးအကျဉ်းသားတဦးသာ လွတ်ငြိမ်းခွင့်ရခဲ့ပြီး လွတ် မြောက်လာသူ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အကြံပေး သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ် ဆမ်ဆွန်ကို လွတ်ငြိမ်းခွင့်ရတဲ့နေ့  ဧပြီ ၁၇ ရက် ညပိုင်းမှာပဲ စစ်တပ်က ပြန်လည်ဖမ်းဆီးခဲ့ခြင်းကလည်း ထုံးစံ မပျက်တဲ့ စစ်အုပ်စုရဲ့ အောက်တန်းကျချက်ပါပဲ။

ထုံးစံမပျက်တဲ့ အဲဒီလွတ်ငြိမ်းနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦး ဝင်းမြင့်တို့ကို ထောင်ထဲ ကနေ တခြားတနေရာကို ပြောင်းရွှေ့လိုက်တဲ့သတင်းလည်း ထွက်လာတယ်။ စစ်အုပ်စု ပြောခွင့်ရ ဇော်မင်းထွန်းက ''ရာသီဥတုက အပူချိန်ပြင်းထန်နေတဲ့ အချိန်ဖြစ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်မှ မဟုတ်ဘူး။ ကျန်တဲ့ ကျန်းမာရေးအရ လိုအပ်တဲ့ အကျဥ်းသားတွေပြီးရင် အသက်ကြီးတဲ့ အကျဥ်းသားတွေကို အပူဒဏ်ကာကွယ်နိုင်ရေးအတွက် လိုအပ်တဲ့ ကာကွယ်မှုတွေ လုပ်ဆောင်ပေးလျက်ရှိပါတယ်'' လို့ ပြောကြားချက်က ဒေါ်အောင်ဆန်းစုကြည်မို့ ဦးဝင်းမြင့်မို့ လုပ်ပေးတာမဟုတ်ဘူးလို့ ဆိုလိုလိုက်တာပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို လုံခြုံရေးတင်းကျပ်ထားတဲ့ နေအိမ်တွေဆီ ဧပြီ ၁၆ ရက်က ပို့ဆောင်ခဲ့တယ်လို့ စစ်အုပ်စုသတင်းတွေ ရေးသားဖြန့်ချိပေးနေတဲ့ Eleven သတင်းဌာနက ရေးသားထားပါတယ်။ ဒါပေမဲ့၊ ပြောင်းပို့လိုက်တဲ့နေရာတွေကိုတော့ မသိရပါဘူး။

အခုလို ထောင်ထဲကနေ နေပြည်တော်ထဲက နေအိမ်တအိမ်ဆီ ပြောင်းရွှေ့ချုပ်နှောင်ထားမှုဟာ အခုမှမဟုတ်ပါဘူး။ ၂၀၂၃ ခုနှစ်၊ ဇူလိုင် နောက်ဆုံးပတ်ကလည်း ပြောင်းရွှေ့ခဲ့ဖူးပါတယ်။ အဲဒီတုန်းကလည်း ဘယ်နေရာကို ပြောင်းရွှေ့ခဲ့သလဲဆိုတာ မသိရပါဘူး။ ဘာ့ကြောင့် ပြောင်းရွှေ့လိုက်တဲ့နေရာကို လျှို့ဝှက်ထားရပါသလဲ။ ထောင်ထဲကနေ အိမ်ကို နေရာပြောင်းရွှေ့မှုဟာ ယာယီမျှသာဖြစ်ပြီး အချိန်မရွေး ထောင်ထဲပြန်ထည့်နိုင်တာကြောင့်လို့ ထင်ရပါတယ်။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်တုန်းကလည်း ထောင်ထဲကနေ အိမ်ကိုရွှေ့တာ ခဏသာဖြစ်ပြီး သိပ်မကြာတဲ့အချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည် ထောင်ထဲပြန်ရောက်သွားပြီဆိုတဲ့ သတင်းထွက် ပေါ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို ထောင်ထဲကနေ အိမ်ကို ဘာ့ကြောင့် ပြောင်းရွှေ့ချုပ်နှောင်ရ တာပါလဲ။ တရုတ်ရဲ့ ဖိအားကို ရှောင်ရှားလိုခြင်းကြောင့် ပျော့ပျောင်းလာသယောင် ဟန်ဆောင်ပြခြင်းလို့ နားလည်မိပါတယ်။ အခုလို ကစားကွက်မျိုးကို သန်းရွှေလက်ထက်ကတည်းက ဌာန်ကုန်အောင်ကစားခဲ့ပြီးပြီမို့ မြန်မာပြည်သူတွေအတွက်တော့ သိပ်ရိုးလွန်းလှပြီဖြစ်ပါတယ်။

လက်ရှိမှာ စစ်အုပ်စုဟာ အနောက်အုပ်စု၊ ကုလသမဂ္ဂနဲ့ အာဆီယံတို့ရဲ့ ဖိအားတွေကို အဖက်မလုပ် ပေမဲ့ ရှမ်းမြောက်ဒေသ ၁၀၂၇ စစ်ဆင်ရေးခလုတ်နဲ့ ကျားဖြန်အတွင်းရေးကို ကိုင်ထားနိုင်တဲ့ တရုတ်အပေါ် ကောင်းကောင်းကြောက်နေရပြီပဲဖြစ်ပါတယ်။ ပြီးတော့ တရုတ်ရဲ့ ရပ်တည်ချက်ဖြစ်တဲ့ မြန်မာ့အရေး ဆွေးနွေးအဖြေရှာရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အဓိက ဇာတ်ရုပ်ဖြစ်နေခြင်းက မင်းအောင်လှိုင်အတွက် ဉာဏ်နီဉာဏ်ယုတ်တွေ ထုတ်ဖို့ အကြောင်းဖန်လာပုံရပါတယ်။

အရင်က တရုတ်ရဲ့ သဘောထားဖြစ်တဲ့ စစ်အုပ်စုလည်း ရွေးကောက်ပွဲလုပ်၊ NLD ပါတီလည်း ရွေး ကောက်ပွဲဝင် ဆိုတဲ့လိုင်းကို ပြတ်ပြတ်သားသား ပယ်ချခဲ့တဲ့ မင်းအောင်လှိုင်ကို အခု စစ်ရှုံးနေပြီဖြစ်လို့ ဒေါ် အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ တရုတ်က ခပ်တင်းတင်း ပြောလာပြီလားလို့ ဆက်တွေးရပါမယ်။

အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် ထောင်ထဲကနေ အိမ်တွေဆီ ပြောင်းရွှေ့ချုပ်နှောင်တာဟာ တရုတ်အထူးသံတမန်နဲ့တွေ့ဆုံဖို့ နေရာထိုင်ခင်းတခု ဖန်တီးခြင်းလား။ တရုတ်ရဲ့ ဆွေးနွေးအဖြေရှာရေး သဘောထားကို ဆန့်ကျင်ဖို့ ခက်နေတာကြောင့် ခဏတဖြုတ် ပျော့ပျောင်းချင်ယောင်ဆောင်လိုက်ခြင်းလားလို့ တွေးရပါမယ်။

ထိုင်းဒုဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ပန်းဖရီး ဘာဟီဒါ နူကာရာ ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို ထောင်ကနေ နေအိမ်တွေဆီ ပြောင်းရွှေ့မှုအပေါ် ကြိုဆိုလိုက်ပြီး သူတို့ ၂ ဦးကို အမြန်ဆုံးလွှတ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။

မင်းအောင်လှိုင်ကတော့ သူတို့ရှုံးနေပြီဆိုတာကို သိရင်တောင် မသိချင်ယောင်ဆောင်နေမှာမို့ စစ်မှန် တဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို တွေးတောင် တွေးကြည့်မှာမဟုတ်ပါဘူး။ မင်းအောင်လှိုင်ရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘောထားက မြန်မာ့နိုင်ငံရေးပလက်ဖောင်းပေါ်ကနေ လုံးဝအပြတ်ရှင်းဖို့နဲ့ သူ့အာဏာတည်မြဲရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုအသုံးချရမလဲဆိုတာသာ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံရေးမလုပ်ဘဲ ငြိမ်းချမ်းရေးသာ လုပ်သင့်ကြောင်း သန်လျင်သဘာ ဝတရားရိပ်သာဘုန်းကြီးရဲ့ ၂၀၂၃ ခုနှစ်အတွင်း ပြောကြားချက်က မင်းအောင်လှိုင်ရဲ့ လိုဘပဲဖြစ်ပါတယ်။ NUG အစိုးရကို ဆန့်ကျင်ကြောင်း  ဒေါ်အောင်ဆန်းစုကြည် တရားဝင်ထုတ်ဖော်ပြောကြား၊ PDF တွေကို လက်နက်ချခိုင်း၊ တိုင်းရင်းသားလက်နက်ကိုင်တွေကိုလည်း ငြိမ်းချမ်းရေးစားပွဲပေါ် ဆွဲခေါ်။ ပြီးတော့ အတိုက်အခိုက် ကင်းသွားတဲ့ မင်းအောင်လှိုင်တယောက် သမ္မတကြီးအဖြစ် ကိုယ့်ဘာသာဆွဲခန့်ပြီး ထင်ရာစိုင်းတဲ့အချိန် ရောက်ရင်လည်း ခန္တီစတရား လက်ကိုင်ထားကာ နိုင်ငံရေးပင်စင်စားအဖြစ် မသိချင်ယောင်ဆောင် နေလိုက်ဖို့သာ မင်းအောင်လှိုင်အလိုရှိနေတာပါ။

မင်းအောင်လှိုင်သိတဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာရေးဆိုတာ အနှောင့်အယှက်ကင်းကင်းနဲ့ သမ္မတကြီး ဦးမင်းအောင်လှိုင်ဖြစ်ရေး ဝိုင်းဝန်းပံ့ပိုးပေးကြရေးသာဖြစ်ပါတယ်။ ဒါကို နောက်တမျိုး ဖွင့်ဆိုရရင် မင်းအောင်လှိုင်မှာ နောက်ဆုတ်စရာ လမ်းမရှိ၊ သေလမ်းနဲ့ ပြေးလမ်းသာရှိကြောင်း ဖော်ပြနေပါတော့တယ်။

ထွန်းလင်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024