Home
ဆောင်းပါး
နွေဦးပြည်သူတို့အတွက် ပန်းပိတောက်ပင် ဆေးဖက်ဝင်
DVB
·
April 10, 2024

တော်လှန်လှိုင်းပုတ် ဖက်ဆစ်လှေမြုပ်လုနီးပြီ၊ ဇွဲမာန်ကိုတိုး ကျားတက်ထိုးပြီး အောင်ပွဲသိမ်းဖို့ မလှမ်းမကမ်း လက်တကမ်း ခရီးမဝေး အနီးကလေး ရောက်ချေပြီ။ သတိကြီး ဉာဏ်ကြီးကြီးနဲ့ ချဥ်းကပ်ပိုင်ပိုင် ရှေ့သို့တိုင် အောင်ပန်းမြိုင်မြိုင် ခူးချေစို့။ ဒီခရီး ဒီလမ်းမှာ ပေးဆပ်ခဲ့သူ တဦးချင်းစီတိုင်းကို ဦးညွှတ်ရင်း ဒုက္ခတွေကို ဖေးဖယ်ပြီး သမိုင်းတာဝန်ကိုယ်စီယူ အောင်ပန်းပိတောက်ဆီ ဦးတည်နေသူအားလုံးကိုလည်း နှလုံးသွေးမင်စက်နဲ့ မမေ့မလျော့ မှတ်တမ်းတင်အပ်ပါတယ်။

ဒီတပတ်မှာ နွေဦးတော်လှန်ရေးကို ဂုဏ်ပြုတဲ့အနေနဲ့ နွေဦးပြည်သူတို့အတွက် ပန်းပိတောက်ပင် ဆေးဖက်ဝင်အကြောင်းကို လက်လမ်းမီဆေးပညာမှ ရေးသားတင်ပြသွားမှာ ဖြစ်ပါတယ်။

ပိတောက်ပင်ကို သိပ္ပံလို Pterocarpus macrocarpus လို့ခေါ်ပြီး အင်္ဂလိပ်လို Burma padauk လို့ ခေါ်ကြပါတယ်။

ပိတောက်ပင်မှာ calcium, sodium, potassium, phosphorus, iron, magnesium, zinc, manganese, copper, carbohydrate အာဟာရဓာတ်များနဲ့ flavonoid, terpenoid, phenolic compound, alkaloid, saponin, tannin, glycoside, pterosupin, marsupin, tannins, pentosan, propterol, isoflavonoid glycol, liquiritigenin စတဲ့ ကျန်းမာရေးအကျိုးပြု ဇီဝဓာတ်ပေါင်းများပါဝင်ပြီး ဓာတ်တိုးဆန့်ကျင်ခြင်း၊ ဆီးချိုရောဂါထိန်းသိမ်းခြင်း၊ ပိုးသတ်ဆေးအာနိသင်၊ ကင်ဆာဆန့်ကျင်ခြင်း၊ ရောင်ရမ်းမှု လျော့ကျစေခြင်း၊ အသည်း၊ အစာအိမ်နဲ့ အာရုံကြောစနစ်တို့ကို အကာအကွယ်ပေးခြင်း စတဲ့အာနိသင်များ ရှိပါတယ်။

ပိတောက်ပင်ရဲ့ ပင်စည်၊ အရွက်၊ အခေါက်၊ အမြစ်နဲ့ အစေး တို့ကို ဆေးဖက်ဆိုင်ရာမှာ သုံးစွဲကြပါတယ်။

ဆီးချိုရောဂါ ဝေဒနာရှင်များအတွက် ပိတောက်ရွက်ပြုတ်ရည် ရေ‌ေနွးကြမ်း ၁ ခွက်/ အရွက်မှုန့် ကော်ဖီ ၂ ဇွန်း သွေးတွင်းသကြားဓာတ်ပမာဏ အနိမ့်အမြင့်ပေါ်မူတည်ပြီး တနေ့ ၂-၄ ကြိမ် သောက်ပေးနိုင်ပါတယ်။

အမျိုးသမီးတိုင်း ရာသီလာစဥ် နာကျင်ကိုက်ခဲခြင်း၊ သွေးအလွန်အကျွံထွက်ခြင်းနဲ့ ရာသီချိန်မမှန်ခြင်းတို့အတွက် ပိတောက်ရွက် ရေနွေးကြမ်း ၁ ခွက်ကို ထန်းလျက်တခဲနဲ့ တနေ့ ၂ ကြိမ်ခန့် သောက်ပေးခြင်းဖြင့် သက်သာစေနိုင်တယ်။

ဝမ်းပျက်ဝမ်းလျှောအတွက် ပိတောက်အခေါက်ရင့် ပြုတ်ရည် တခါသောက် အကြမ်းပန်းကန် ၁ ခွက်ကို တနေ့ ၂-၄ ကြိမ် သောက်ပေးနိုင်ပါတယ်။

ပိတောက်အခေါက်ပြုတ်ရည်ကို ဆားအနည်းငယ်ထည့်ပြီး မှက္ခရုနဲ့ သွားနဲ့ ခံတွင်းရောဂါများမှာ ငုံဆေး၊ ပလုတ်ကျင်းဆေးအဖြစ် သုံးစွဲနိုင်ပါတယ်။

ပိတောက်ရွက်ကို ညက်အောင်ထောင်းပြီး ၁ မိနစ်ခန့်ပြုတ် အအေးခံပြီး မီးလောင်ဒဏ်ရာများမှာ ဖြည်းဖြည်းလိမ်းပါ။ မီးလောင်ဒဏ်ရာတွေကို သက်သာပျောက်ကင်းစေပြီး နာကျင်မှုကို သက်သာစေပါတယ်။ မီးလောင်ထားတဲ့ အသားအရေကို ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။

ဆီးကျောက်တည်ရောဂါအတွက် ပိတောက်ပင် အခေါက်ပြုတ်ရည် တခါသောက် ရေနွေးကြမ်း ၁ ခွက်ကို တနေ့ ၂-၃ ကြိမ် ရေများများနဲ့ သောက်ပေးနိုင်ပါတယ်။ ကျောက်ခဲများ ပုံဆောင်ခဲ သို့မဟုတ် ဆီးအဖြစ် ထွက်လာတတ်ပါတယ်။

အဖျားရောဂါအတွက် အရွက်သတ္တုရည် ထန်းလျက် သို့မဟုတ် သကြားညို အနည်းငယ်ထည့်ပြီး တခါသောက် ဟင်းစားဇွန်း ၁ ဇွန်း တနေ့ ၁-၃ ကြိမ် သောက်ပေးနိုင်ပါတယ်။

ပိတောက်ရွက်ဟာ ကိုယ်အလေးချိန် ထိန်းသိမ်းရာမှာ ကူညီပေးနိုင်တဲ့အတွက် ကိုယ်အလေးချိန် ထိန်းလိုသူများ ပိတောက်ရွက်နုကို တို့စားပေးနိုင်ပါတယ်။

သွေးစုနာများနဲ့ ပြည်ပေါက်နာများမှာ လတ်ဆတ်တဲ့ ပိတောက်ရွက်ကို မီးကင်ပြီး ကပ်ပေးနိုင်ပါတယ်။ ထိခိုက်ရှနာ ပေါက်ပြဲနာများမှာ ပိတောက်ရွက်သတ္တုရည်ကို ထည့်ပေးနိုင်ပါတယ်။

ပိတောက်ရွက်နု သတ္တုရည်ကို သနပ်ခါးနဲ့ လိမ်းပေးခြင်းဖြင့် အရေပြား ဝက်ခြံများကို လျော့ပါးစေတယ်။

ဆံပင်ကောင်းစေရန် ပိတောက်ရွက်သတ္တုရည်ကို ဦးခေါင်းမှာထည့်ပြီး ခြောက်သွားတဲ့အခါ ရေနွေးနွေးလေးနဲ့ ခေါင်းလျှော်ပါ။

ပိတောက်ပင်စည်ကထွက်တဲ့ အနီရောင်အစေးကို အကျိတ်အဖုနဲ့ ကြွက်နို့များမှာ အုံပေးထားနိုင်ပါတယ်။ ပါးစပ်အနာများမှာ အစေးကို သုတ်လိမ်းပေးနိုင်ပါတယ်။

အမြစ်ပြုတ်ရည်ကို ကာလသားရောဂါကြောင့်ဖြစ်တဲ့ အနာများမှာ ဖန်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

မွေးကင်းစကလေးများ ဗိုက်နာခြင်းနဲ့ ဝမ်းလျှောခြင်းတို့အတွက် အရွက်ကိုမီးကင် နွေးနွေးလေးကို ဗိုက်မှာ ကပ်ပေးနိုင်ပါတယ်။

အဖျားရောဂါအတွက် ပင်စည်သစ်သားသွေးရည် ဟင်းစားဇွန်း ၁ ဇွန်းကို တနေ့ ၁-၂ ကြိမ် ရေနွေးနဲ့ သောက်ပေးနိုင်ပါတယ်။

ဆီးကျိတ်ရောဂါနဲ့ ဆီးရွှင်ဆေးအဖြစ် ပင်စည်သစ်သားသွေးရည် ဟင်းစားဇွန်း ၁ ဇွန်းကို ကျောက်ဖရုံသီးပြုတ်ရည်နဲ့ တနေ့ ၁-၂ ကြိမ် သောက်ပေးနိုင်ပါတယ်။ ရေဖျဉ်းစွဲခြင်းနဲ့ ဆီးအိမ်ကျောက်တည်ခြင်းအတွက်လည်း အသုံးပြုနိုင်ပါတယ်။

ပိတောက်ရွက်အမှုန့်ကို  မိန်းမကိုယ် အနာများမှာ အုန်းဆီနဲ့ လိမ်းပေးနိုင်ပါတယ်။

ပိတောက်ရွက်ဟာ အလွန်ထိရောက်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတမျိုး ပါဝင်တာကြောင့် သွေးသန့်စင်စေတဲ့အပြင် ခုခံအားစနစ်ကို မြှင့်တင်ပေးခြင်းနဲ့ ဟော်မုန်းကို ထိန်းညှိပေးနိုင်တဲ့ သဘာဝကျန်းမာရေး ဖြည့်စွက်စာ ဖြစ်ပါတယ်။

ပိတောက်ပင်ကို အသင့်အတင့် သုံးစွဲခြင်းက ကျန်းမာရေး အကျိုးကျေးဇူးများ ရရှိနိုင်မှာဖြစ်ပြီး  “တန်ဆေး၊ လွန်ဘေး” ဖြစ်တဲ့အတွက် အလွန်အကျွံ သုံးစွဲမယ်ဆိုရင် မူးဝေခြင်း၊ ပျို့အံခြင်း၊ သွေးပေါင်ကျခြင်း၊ သွေးတွင်းသကြားဓာတ် နည်းခြင်းတို့ ဖြစ်နိုင်ပါတယ်။ ပိတောက်ပွင့်နဲ့ ဓာတ်မတည့်သူများ ပိတောက်ပင်ထွက် ပစ္စည်းများကို ရှောင်ကြဥ်သင့်ပါတယ်။

နွေဦးပြည်သူများ ပန်းပိတောက်ပင်ရဲ့ အကျိုးကျေးဇူးများကို နားလည်သိရှိပြီး လိုအပ်သလို သုံးစွဲနိုင်ဖို့ ရေးသားတင်ပြလိုက်ပါတယ်။

ရွှေပိတောက်ခေါင်းမှာပန်ပြီး တော်လှန်အောင်ပန်း ဆင်နိုင်ပါစေ။

သာဇဏ် (CDM ကျန်းမာရေးဝန်ထမ်း၊ တိုင်းရင်းဆေးပညာရှင်)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024