Home
မြန်မာသတင်း
နေပြည်တော်သင်္ကြန်တွင် ဖျော်ဖြေမည့်  ကိုရီးယား Kpop အဖွဲ့ ရောက်ရှိလာ
DVB
·
April 10, 2024

စစ်ကောင်စီကစီစဉ်ကျင်းပမယ့် နေပြည်တော်သင်္ကြန်ပွဲမှာ ဖျော်ဖြေဖို့အတွက် ကိုရီးယား Kpop အဖွဲ့ဝင် ငါးဦး ဧပြီ ၉ ရက် မနေ့က ရန်ကုန်ကို ရောက်ရှိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ကိုရီးယား Kpop အဖွဲ့ဝင်ငါးဦး  မနေ့ညနေက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိကာ သမ္မတဟိုတယ်မှာ တည်းခိုခဲ့ပြီး နေပြည်တော်ကို ဒီနေ့မှာ သွားရောက်မှာ ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"အနုပညာရှင်က ငါးဦး သူတို့မိသားစုဝင်တွေလည်းပါတယ်။ သမ္မဟိုတယ်မှာတည်းပြီး ဒီနေ့ နေပြည်တော်ကိုသွားမှာ။"

မနေ့ကရောက်ရှိလာတဲ့ ကိုရီးယား သရုပ်ဆောင် Baek Eun Hee ၊ Kpop အဆိုတော်တွေဖြစ်တဲ့ Rejen နဲ့ Henny၊ the 7 Kids Dall Group၊ Astel Group Dj-Saemi တို့ဖြစ်ပြီး ကျန်တဲ့သူတွေကတော့ ဧပြီ ၁၂ ရက်နဲ့ ၁၉ ရက်တွေမှာ လာရောက်ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ကိုရီးယား Kpop အနုပညာရှင်တွေအပြင်၊ ရုရှားက လူငယ်အနုပညာရှင်အဖွဲ့ဖြစ်တဲ့ တာဗီဒါအက်ထ်ရဲ့ ပင်တိုင်အမျိုးသမီးအဆိုတော် နီကာဒါဗစ် ဦးဆောင်တဲ့ အနုပညာအဖွဲ့လည်း ငှားထားတယ်လို့ မတ်လ ၂၂ ရက်က ထုတ်ပြန်ထားပါတယ်။

နိုင်ငံအနှံ့တိုက်ပွဲတွေဖြစ်နေချိန် နေပြည်တော်နဲ့ ရန်ကုန်၊ မန္တလေးမှာ သင်္ကြန်ပွဲတော်ကို စည်စည်ကားကား ပြုလုပ်နိုင်ဖို့ စစ်ကောင်စီက သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့်တွေကို ဖြေလျော့ထားပါတယ်။

နေပြည်တော်ရှိ စစ်ရုံးချုပ်နဲ့ အေလာလေတပ်တို့ကို ဧပြီ ၄ ရက်မနက်မှာ  ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်တွေက ဒရုန်းအစင်း ၃၀ နီးပါးနဲ့ တိုက်ခိုက်ခဲ့လို့ ဒရုန်း ၁၃ စင်းကို သိမ်းဆည်းရမိတယ်လို့ စစ်ကောင်စီက သတင်းထုတ်​ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024