Home
နိုင်ငံတကာ
မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု စောင့်ကြည့်ရေးအဖွဲ့ သက်တမ်းတိုးခြင်းကို ရုရှား ဗီတိုသုံး ပယ်ချ
DVB
·
March 29, 2024

မြောက်ကိုရီးယားရဲ့ နျူးကလီးယားလက်နက်တွေနဲ့ ပဲ့ထိန်းဒုံးကျည် အစီအစဉ်တွေအပေါ် ကုလသမဂ္ဂရဲ့ ကာလရှည်ကြာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လိုက်နာစောင့်ကြည့်ရေး ကျွမ်းကျင်သူအဖွဲ့ရဲ့ နှစ်စဉ် လုပ်ပိုင်ခွင့် သက်တမ်းတိုးတာကို ရုရှားက မတ် ၂၈ ရက်မှာ ဗီတိုအာဏာနဲ့ ပယ်ချလိုက်ပါတယ်။

Panel of Experts 1718 ပညာရှင်များအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်ဟာ ၂၀၂၄ ခုနှစ် ဧပြီ ၃၀ ရက်မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။

အဲဒီအဖွဲ့ရဲ့ နောက်ဆုံးအစီရင်ခံစာကို အခုလအစောပိုင်းမှာ လူသိရှင်ကြား ထုတ်ပြန်ခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ သူ့ရဲ့ နျူးကလီးယားလက်နက် အစီအစဉ်ကို ပိုပြီးတိုးတက်စေဖို့အတွက် ဒေါ်လာ ၃ ဘီလီယံ တန်ဖိုးရှိ မြောက်ကိုရီးယားရဲ့ ဆိုက်ဘာတိုက်ခိုက်မှုလို့ သံသယရှိသူ ဒါဇင်ပေါင်းများစွာကို စုံစမ်းစစ်ဆေးနေကြောင်း အဲဒီကျွမ်းကျင်သူများအဖွဲ့က ပြောပါတယ်။

ကျွမ်းကျင်သူများအဖွဲ့ကို လုပ်ပိုင်ခွင့် သက်တမ်းထပ်တိုးရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ကြာသပတေးနေ့ မဲခွဲမှုမှာ တရုတ်က မဲမပေးဘဲနေခဲ့ပြီး ကျန်ကောင်စီဝင် ၁၃ ဦးက ထောက်ခံမဲပေးခဲ့ပေမဲ့ ရုရှားက ဗီတိုအာဏာ သုံးလိုက်တာပါ။

ဒီမဲခွဲဆုံးဖြတ်မှုဟာ ယူကရိန်းစစ်ပွဲမှာ မော်စကိုက အသုံးပြုခဲ့တဲ့ လက်နက်တွေကို မြောက်ကိုရီးယားက ရုရှားဆီ လွှဲပြောင်းပေးခဲ့တယ် ဆိုတဲ့ အမေရိကန် ဦးဆောင်တဲ့ စွပ်စွဲမှုတွေကြားက ထွက်ပေါ်လာအပြီးမှာ ဆောင်ရွက်ခဲ့တာပါ။

မော်စကိုနဲ့ ပြုံယမ်းတို့ဟာ အဲဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး သူတို့နှစ်နိုင်ငံရဲ့ စစ်ဘက်ဆက်ဆံရေးကို နက်ရှိုင်းအောင်လုပ်ဆောင်ဖို့ မနှစ်ကပဲ ကတိပြုခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှုတွေကို အကန့်အသတ်မရှိ ချမှတ်ထားပေမဲ့ စာသားမူကြမ်းကို ကြာသပတေးနေ့မှာ ဆွေးနွေးညှိနှိုင်းမှုအတွင်း ရုရှားနဲ့ တရုတ်တို့က မြောက်ကိုရီးယားအစိုးရကို ဒဏ်ခတ်ပိတ်ဆို့မှု နှစ်စဉ် သက်တမ်းတိုးရမယ်ဆိုတဲ့ လိုအပ်ချက်ကို ထည့်သွင်းဖို့ တွန်းအားပေးခဲ့တာ မအောင်မြင်ခဲ့ပါဘူး။ ဒါကို အမေရိကန်နဲ့ တခြားသူတွေက ပယ်ချခဲ့ပါတယ်။

ရုရှားရဲ့ ဗီတိုအာဏာ သုံးစွဲပြီး ပညာရှင်များအဖွဲ့ သက်တမ်းတိုးမှုကို ပယ်ချလိုက်တဲ့အပေါ် အမေရိကန် နိုင်ငံခြားရေးဌာနက အလွန်စိတ်ပျက်မိကြောင်း ပြောရေးဆိုခွင့်ရှိသူ မက်သယူးမစ်လာက မတ် ၂၈ ရက်မှာ ပြောကြားခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024