Home
နိုင်ငံတကာ
ကာဆီနိုများ တရားဝင်ဖွင့်ရန် ထိုင်းဝန်ကြီးချုပ် ထောက်ခံ
DVB
·
March 29, 2024

ကာဆီနိုလောင်းကစားရုံတွေ ပါဝင်တဲ့ ဖျော်ဖြေရေးခန်းမကြီးတွေ ဖွင့်ဖို့ကို ထောက်ခံတယ်လို့ ထိုင်းဝန်ကြီးချုပ် ဆေထာ ထဝီးဆင်က ပြောကြားလိုက်ပါတယ်။

ကာဆီနိုတွေ တရားဝင်ပေးဖွင့်ခြင်းအားဖြင့် တရားမဝင် လောင်းကစားဝိုင်းတွေကို လျော့ပါးလာစေနိုင်သလို လောင်းကစားသမားတွေဆီက ငွေကလည်း နိုင်ငံ့ဘဏ္ဍာ ဖြစ်လာမယ်လို့ ဝန်ကြီးချုပ်က မတ် ၂၈ ရက်မှာ ပြောပါတယ်။

စနစ်တကျ စည်းကမ်းထိန်းသိမ်းထားတဲ့ ရုံတွေဆိုရင် အခွန်လည်း ပုံကျပန်းကျ ကောက်နိုင်မယ်လို့ သူက ပြောပါတယ်။

ဒီလို လောင်းကစားခန်းမကြီးတွေ ဖွင့်လှစ်ဖို့ အလားအလာနဲ့ ပတ်သက်ပြီး လေ့လာတဲ့ အောက်လွှတ်တော်ကော်မတီရဲ့ အစီရင်ခံစာကို အောက်လွှတ်တော်က အတည်ပြုခဲ့အပြီးမှာ ဝန်ကြီးချုပ် ဆေထာကလည်း အခုလို မှတ်ချက်ပေးခဲ့တာပါ။

ဒီလိုလောင်းကစားရုံတွေကို ဥပဒေနဲ့ ထိန်းချုပ်ထားမှာဖြစ်ပြီး လုံခြုံရေးအေဂျင်စီတွေ၊ ဒေသတာဝန်ရှိသူတွေက ကြီးကြပ်မှာဖြစ်တဲ့အတွက် ဆိုးကျိုးသက်ရောက်မှု ရှိလာမှာကိုလည်း မပူပန်ဖို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ဒီလို ဖျော်ဖြေရေးခန်းမတွေဟာ စီးပွားရေးအရ အကျိုးအမြတ်ရှိမှာဖြစ်သလို ဆိုးကျိုးသက်ရောက်မှုတွေလည်း ရှိလာနိုင်တယ်လို့ အစီရင်ခံစာပြုစုတဲ့ ကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်သူ ဒုတိယဘဏ္ဍာရေးဝန်ကြီး ဂျူလာပွန် အမွန်ဗီဗတ်က ပြောပါတယ်။

ဟိုတယ်တွေ၊ ရှော့ပင်းစင်တာတွေ၊ အပန်းဖြေခန်းမတွေပါ ပါဝင်မယ့် ဒီလို ဖျော်ဖြေရေး အဆောက်အအုံကြီးတွေ ဖွင့်မယ်ဆိုရင် တခုကို ထိုင်းဘတ် ၁၀၀ ဘီလီယံလောက် ရင်းနှီးမြှုပ်နှံရမယ်လို့လည်း ဆိုပါတယ်။

အဲဒီနေရာတွေမှာ ဒေသခံတွေကိုပဲ ခန့်အပ်ဖို့ ဥပဒေနဲ့ သတ်မှတ်ပေးတာမျိုးလည်း လုပ်ရမယ်လို့ အစီရင်ခံစာမှာ အကြံပြုထားပါတယ်။

ဖျော်ဖြေရေးမျိုးစုံပါ နေရာတခုကို ပထမဆုံးအနေနဲ့ အရှေ့ဘက်စီးပွားရေး စင်္ကြံနားမှာ ဖွင့်လှစ်ဖို့ လျာထားပြီး အဆင်ပြေရင် တခြားဒေသတွေမှာလည်း ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။

စင်ကာပူနဲ့ အမေရိကန်ပုံစံတွေကို အခြေခံပြီး ဘယ်လိုကိုင်တွယ်မလဲ ဆိုတာကိုပါ လေ့လာထားတယ်လို့ ဆိုပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024