ရန်ကုန်တိုင်းလွှတ်တော် အမြန်ခေါ်ရန် လွှတ်တော်အမတ်များလက်မှတ်ထိုး တောင်းဆို
အာကာ
·
December 2, 2019

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အမြန်ဆုံးခေါ်ယူပေးဖို့ လွှတ်တော်ကော်မတီ ၂ ခုရဲ့ ကိုယ်စားလှယ်တွေက လွှတ်တော်ဥက္ကဋ္ဌဆီ လက်မှတ်ရေးထိုး တောင်းဆိုထားပါတယ်။
ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးကို စက်တင်ဘာလကတည်းက ရပ်နားထားခဲ့ပြီး လွှတ်တော်ခေါ်ယူပေးဖို့ကို ဘဏ္ဍာရေး၊စီမံကိန်းနှင့်စီးပွားရေးကော်မတီနဲ့ ပြည်သူ့ငွေစာရင်း ကော်မတီတို့က ကိုယ်စားလှယ်တွေက တောင်းဆိုထားတာပါ။
ရန်ကုန်တိုင်းစာရင်းစစ်ချုပ်အစီရင်ခံစာကို စာရင်းစစ်ချုပ်က နဝမပုံမှန်အစည်းအဝေးထဲက လွှတ်တော်နဲ့အစိုးရကို ပေးပို့ခဲ့ပြီး ဒသမပုံမှန်အစည်းအဝေးအထိ လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးခွင့်မရသေးတာကြောင့် အမြန်ဆုံးဆွေးနွေးနိုင်ဖို့ အခုလို တင်ပြတာလို့ သိရပါတယ်။
တိုင်းစာရင်းစစ်ချုပ်အစီရင်ခံစာကို အရင်နှစ်တွေက လွှတ်တော်ကိုယ်စားလှယ်တွေကို ဖြန့်ဝေခဲ့ပြီး အခုနှစ်မှာတော့ ကိုယ်စားလှယ်တွေကို မဝေတော့ဘဲ ပြည်သူ့ငွေစာရင်းကော်မတီရဲ့ လေ့လာတွေ့ရှိချက် အစီရင်ခံစာအပေါ်ကိုပဲ ဆွေးနွေးခွင့် ရရှိတော့မှာဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၄)ပုဒ်မ ၁၇၉မှာ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်လွှတ်တော်ခေါ်ယူပေးဖို့ ကိုယ်စားလှယ်ဦးရေစုစုပေါင်းရဲ့ ၄ပုံ၁ပုံက တောင်းဆိုရင် လွှတ်တော်ဥက္ကဋ္ဌက အထူးအစည်းအဝေးကို အမြန်ဆုံးခေါ်ယူကျင်းပရမယ်လို့ ပြဋ္ဌာန်းထား ပါတယ်။
ရန်ကုန်တိုင်းလွှတ်တော်မှာ ရွေးကောက်ခံကိုယ်စားလှယ် ၉၂ ယောက်၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၃၁ ယောက် စုစုပေါင်း ၁၂၃ ဦး ရှိပါတယ်။