Homeမြန်မာသတင်း
အဖိုးနည်းဆိုင်ခန်းခနှင့် ပန်းခြံငှားရမ်းခများကိစ္စ ရန်ကုန်တိုင်းလွှတ်တော်ကို ပြန်တင်ပြမည်
အဖိုးနည်းဆိုင်ခန်းခနှင့် ပန်းခြံငှားရမ်းခများကိစ္စ ရန်ကုန်တိုင်းလွှတ်တော်ကို ပြန်တင်ပြမည်
စိုးမိုးအောင်
·
October 29, 2019

ရန်ကုန်တိုင်းလွှတ်တော်မှာ တင်ပြမယ့် စာရင်းစစ်ချုပ်အစီရင်ခံစာမှာ ရန်ကုန်တိုင်း အစိုးရက ခေတ်ကာလတန်ဖိုးထက် လျော့နည်းပြီး ငှားရမ်းထားတဲ့ ဆိုင်ခန်းနဲ့ ပန်းခြံငှားရမ်းခတွေကိစ္စ ပြန်တင်ပြဖို့ရှိတယ်လို့ ရန်ကုန်တိုင်းလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင်က ပြောပါတယ်။
ရန်ကုန်တိုင်းအစိုးရက ငှားရမ်းထားတဲ့ အဆောက်အဦနဲ့ ဆိုင်ခန်းတွေဟာ ကာလတန်ဖိုးထက် နိမ့်ကျနေပြီး ပြည်သူ့ဘဏ္ဍာ နစ်နာနေတဲ့အပေါ် ဒီဗွီဘီက မေးမြန်းရာမှာ ရန်ကုန်တိုင်းလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင်က ပြောသွားတာပါ။
“လွှတ်တော်တင်တဲ့အခါ အဲဒါတွေ ပါလိမ့်မယ်။ သူတို့ ထောက်ပြထားတဲ့ အချက်တွေပေါ့နော်။ ဆိုင်ခန်းတွေ၊ ပန်းခြံတွေရဲ့ကိစ္စတွေ ပါတယ်။ အဲဒီလို စာရင်းစစ်ထုတ်ပြန်ချက်တွေ ရှိတယ်။ ဌာနက ပြန်ဖြေတာလည်း ရှိတယ်။ အဲဒါတွေအကုန်လုံး ကိုယ့်ဘက်က ထည့်မယ်’’လို့ ဦးတင့်လွင်က ပြောပါတယ်။
စာရင်းစစ်ချုပ် အစီရင်ခံစာ တင်ပြတဲ့အခါ ပြည်သူပိုင်ပစ္စည်းတွေ ငှားရမ်းတဲ့အပေါ် ဌာနကနေ ဆောင်ရွက်ချက်တွေနဲ့ ဆောင်ရွက်လို့မရတဲ့ အစီရင်ခံစာတွေပါ လွှတ်တော်မှာ ထည့်သွင်း ဖော်ပြပေးမယ်လို့ ပြောပါတယ်။
စာရင်းစစ်ချုပ် အစီရင်ခံစာကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပြန်လည်ခေါ်ယူတဲ့အခါ တင်သွင်းနိုင်အောင် အဆင်သင့်ပြုလုပ်ထားတယ်လို့ သိရပါတယ်။
စာရင်းစစ်ချုပ် အစီရင်ခံစာကို ဇူလိုင် ၁ ရက်က ရန်ကုန်တိုင်းအစိုးရနဲ့ လွှတ်တော်ကို စာရင်းစစ်ချုပ်က ပေးပို့ခဲ့ပေမယ့် အရင်နှစ်တွေကလို လွှတ်တော်ကိုယ်စားလှယ်တွေဆီ မဖြန့်ဝေတော့ပါဘူး။ ဒါကြောင့် ပြည်သူနစ်နာမှုတွေကို ကြိုတင်လေ့လာပြီး ထောက်ပြဝေဖန်မှုတွေ လျင်မြန်စွာမလုပ်နိုင်တော့ဘူးလို့ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံပိုင်မြေနဲ့အဆောက်အဦတွေ ကာလပေါက်ဈေးနဲ့အညီ ဝင်ငွေရရှိဖို့ အစိုးရကို တိုက်တွန်းကြောင်းအဆိုကို ရန်ကုန်တိုင်းလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးမှာ တင်ပြခဲ့ပေမယ့် လွှတ်တော်ဥက္ကဋ္ဌက ခွင့်မပြုခဲ့ဘူးလို့ ဦးကျော်ဇေယျက ပြောပါတယ်။
ပြည်ထောင်စုလွှတ်တော်နဲ့ တခြားတိုင်းနဲ့ပြည်နယ်လွှတ်တော်တွေမှာ ၂၀၁၇-၂၀၁၈ စာရင်းစစ်ချုပ်အစီရင်ခံစာတွေကို ဆွေးနွေးခဲ့ကြပေမယ့် ရန်ကုန်တိုင်း လွှတ်တော်မှာတော့ လက်ရှိအချိန်အထိ မဆွေးနွေးနိုင်သေးပါဘူး။