ကျောင်းသားများက ရဲအရာရှိတွေကို တရားစွဲမှု ရုံးတင်စစ်ဆေး
နော်နိုရင်း
·
August 4, 2015

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ခဲ့ရာက ရိုက်နှက်ဖမ်းဆီး တရားစွဲခံထားရတဲ့ ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေကို သာယာဝတီ ခရိုင်တရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။
ဒီကနေ့ ရုံးထုတ်မှာ သာယာဝတီထောင်တွင်း ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေက ရဲတွေကို တရားစွဲဆိုတဲ့အမှုကို နှစ်ဘက် လျှောက်လဲချက်ပေးကြပါတယ်။
ကျောင်းသားတွေရဲ့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က “ဒီနေ့ ရုံးချိန်းကတော့ ရဲမှူးဖုန်းမြင့်နဲ့ စခန်းမှူး ဒု-ရဲမှူးဆန်းမြင့်တို့ကို မတရားဖမ်းဆီးချုပ်နှောင်မှုနဲ့ အရေးယူပေးဖို့ အတွက် လျှောက်လဲချက်ပေးတယ်။ လျှောက်လဲချက်ပေးပြီးတော့ ဦးကြီးမြင့်က ဆက်လက်ပြီးတော့ သူ့ကို စစ်ဆေးတယ်။ အမိန့်ကတော့ ၁၁ ရက်နေ့မှချမယ်။” လို့ ပြောပါတယ်။
ရဲတွေကို တရားစွဲပေးဖို့ ကျောင်းသားတွေက ပြီးခဲ့တဲ့သီတင်းပတ်ရုံးချိန်းမှာ လျှောက်လွှာတင်ခဲ့ပါတယ်။
အာမခံလျှောက်ထားတဲ့ ကျောင်းသားနဲ့ ၀န်းရံပြည်သူ ၈ ယောက်ရဲ့ အာမခံလျှောက်လွှာကတော့ မပြည့်စုံလို့ဆိုပြီး အာမခံမပေးတဲ့အတွက် ဒီကနေ့ ထပ်မံ လျှောက်ခဲ့ပါတယ်။
ရုံးထွက်လာတဲ့ ဗကသကျောင်းသားတွေက လက်ပံတောင်း ကြေးနီစီမံကိန်းဒေသက ရေဘေးသင့်ပြည်သူတွေအတွက် အလှူငွေ ၃ သိန်း ပေးလှူကြပါတယ်။
မြန်မာပြည်ရောက်နေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စရန်ဟီးလီက မနက်ဖြန် သာယာဝတီထောင်ကို သွားရောက်ပြီး ဖမ်းဆီးခံ ကျောင်းသားတွေကို တွေ့ဆုံမှာဖြစ်ပါတယ်။
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒပြရင်း အကြမ်းဖက်ဖမ်းဆီး တရားစွဲခံရသူ ကျောင်းသားနဲ့ ၀န်းရံပြည်သူ ၅၅ ဦး သာယာဝတီထောင်တွင်း ကျန်ရှိပြီး အချို့ဟာ ဖမ်းဆီးစဉ်က ရဲတပ်ဖွဲ့ဝင်တွေ ရိုက်နှက်ခဲ့တာကြောင့် အတွင်းဒဏ်ရာတွေ ရရှိနေကြပါတယ်။