
ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ ဂုံမင်းမြောင်ကျေးရွာရှိ သိန်းမေတ္တာဆန်စက်ကို မေ ၂၃ ရက် မနက်က မိုင်းနဲ့ နှစ်ကြိမ် တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒီမနက် ၃ နာရီလောက်မှာ ပထမအကြိမ် မိုင်းပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် ကုန်ကားတစီးနဲ့ ဆန်စက်ပိုင်ရှင် ဦးမြင့်သိန်း စီးလာတဲ့ ကားတစီး ပျက်စီးသွားပြီးနောက် စစ်ကောင်စီတပ်ကို လှမ်းအကြောင်းကြားလိုက်ရာ မနက် ၆ နာရီလောက်မှာ စစ်ကောင်စီတပ်က လာရောက် စစ်ဆေးစဉ် ဆန်စက်အပြင်မှာ ထောင်ထားတဲ့ မိုင်းတွေ ထပ်မံပေါက်ကွဲပြီး စစ်ကောင်စီ တပ်သား ၅ ယောက် ပြင်းထန်ဒဏ်ရာ ရခဲ့ပါတယ်။
သိန်းမေတ္တာဆန်စက်က ရန်ကုန်-ပြည်လမ်းမပေါ်က သာယာ၀တီမြို့နဲ့ လက်ပံတန်းမြို့ကြားက ဂုံမင်းမြောင်ကျေးရွာမှာ တည်ရှိပြီး အဲဒီဆန်စက်ပိုင်ရှင် ဦးမြင့်သိန်းက တပ်မ ၆၆ လက်အောက်ခံ ခလရ ၃၅ တပ်ရင်းအတွက် ဆန်ရိက္ခာ ထောက်ပံ့ပေးနေသူဖြစ်သလို လိုအပ်တဲ့ဆန် ၀ယ်ပေးနေရတဲ့ အ၀ယ်တော်တယောက်လည်း ဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး သာယာ၀တီမြိုနယ်ထဲက ဒေသခံ ၂ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး ဂုံမင်းမြောင်ရွာနဲ့ သာယာ၀တီမြို့တွေမှာလည်း စစ်ဆေး ဖမ်းဆီးနေကာ ဒေသခံ တချို့ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သာယာ၀တီမြို့နေသူ တဦးက ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၂ နဲ့ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈ဝ၂ နှစ်ခုမှ တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ပဲခူးတိုင်းဒေသကြီးရဲ့ "နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေးလှုပ်ရှားမှု" အဖြစ် ဆောင်ရွက်ခဲ့တာလို့ Bago Region PDF ကထုတ်ပြန်ပါတယ်။
သိန်းမေတ္တာဆန်စက်ဟာ စစ်ကောင်စီရဲ့ ဒေါက်တိုင်ဖြစ်နေရုံသာမက သူ့ မိသားစု ကိုင်ဆောင်ဖို့ စစ်တပ်ကပေးထားတဲ့သေနတ်နဲ့ ပြည်သူကို အနိုင်ကျင့်နေတာကြောင့် အခုလို တိုက်ခိုက်ရလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ သိန်းမေတ္တာဆန်စက် တာဝန်ရှိသူတွေဘက်ကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။