Home
နိုင်ငံတကာ
ရာဖှာဂိတ်ဖွင့်လှစ်ပြီး အကူအညီပေးခွင့်ပြုရန် အစ္စရေးကို အမေရိကန် တိုက်တွန်း
DVB
·
May 9, 2024

အစ္စရေးက ရာဖှာနယ်စပ်ဖြတ်ကျော်ဂိတ်ကို သိမ်းပိုက်ပြီး ထိန်းချုပ်ထားတာကြောင့် အခု ဖွင့်ပေးပြီး အကူအညီတွေနဲ့ လူသားချင်းစာနာထောက်ထားမှု လုပ်သားတွေကို အမြန်ဆုံး ဝင်ခွင့်ပြုပေးဖို့က သူတို့ရဲ့ တာဝန်ပဲလို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သယူးမစ်လာက မေ ၈ ရက်မှာ ပြောပါတယ်။

ဒီနေ့အထိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေနဲ့ ပတ်သက်တဲ့ ရလဒ်တွေကတော့ လက်မခံနိုင်စရာ ဖြစ်ကြောင်းလည်း သတင်းရှင်းလင်းပွဲအတွင်းမှာ မစ်လာက သတင်းထောက်တွေကို ပြောကြားပါတယ်။

ရာဖှာစစ်ဆင်ရေးအတွက် စိုးရိမ်မှုတွေ ဆက်ရှိနေကြောင်းကိုလည်း အစ္စရေးအစိုးရနဲ့ သီးသန့် ရှင်းရှင်းလင်းလင်း ပြောထားပြီး၊ သမ္မတကနေ အောက်ခြေအထိ အားလုံးကို အများသိ ရှင်းရှင်းလင်းလင်း ပြောထားကြောင်းလည်း မစ်လာက ပြောပါတယ်။

အစ္စရေးစစ်တပ်က ရာဖှာမှာ စစ်ဆင်ရေး အကြီးအကျယ်လုပ်မှာကို စိုးရိမ်တဲ့အတွက် တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုဟာ သိပ်မကြာခင် သင်္ဘောတင်ပို့မှု လုပ်မယ့်ကိစ္စကို ခေတ္တရပ်ထားပြီး တခြားအကြောင်းတွေကိုလည်း ပြန်သုံးသပ်နေတယ်လို့လည်း ဆိုပါတယ်။ 

အစ္စရေးဟာ ဂါဇာမှာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်ခြင်း ရှိ၊ မရှိနဲ့ပတ်သက်ပြီး ကွန်ဂရက်ကို တင်ပြမယ့် အစီရင်ခံစာကိုလည်း လာမယ့်ရက်တွေမှာ မျှော်လင့်ထားတယ်လို့ မစ်လာ က ပြောပါတယ်။ 

အမေရိကန်ရဲ့ လက်နက်ကို အသုံးပြုမှုဟာ အမေရိကန် သို့မဟုတ် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းမရှိကြောင်း အစ္စရေးရဲ့ အာမခံချက်တွေဟာ ယုံကြည်ရလောက်ခြင်း ရှိ၊ မရှိကို စစ်ဆေးဖို့အတွက် NSM-20 လို့ ခေါ်တဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ စာချွန်လွှာကို မေလ ၈ ရက် နောက်ဆုံးထားပြီး ကွန်ဂရက်ကို အစီရင်ခံဖို့ နိုင်ငံခြားရေးဌာနက တောင်းဆိုထားပါတယ်။  အမျိုးသားလုံခြုံရေးဆိုင်ရာ စာချွန်လွှာ NSM-20 ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဖေဖော်ဝါရီလမှာ ထုတ်ပြန်ခဲ့ပါတယ်။

အစ္စလာမ္မစ် ပါလက်စတိုင်းအဖွဲ့ ဟားမတ်စ်ရဲ့ နောက်ဆုံး အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ဟာ အစ္စရေးရဲ့ မရှိမဖြစ် လိုအပ်ချက်တွေနဲ့ အလှမ်းဝေးနေပြီး ဂါဇာမှာ ထိန်းသိမ်းထားတဲ့ ဓားစာခံတွေကို ပြန်ပေးဖို့ စစ်ရေးအရ ဖိအားတွေ ထပ်လိုအပ်နေသေးတယ်လို့ အစ္စရေး၀န်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုက မေ ၇ ရက်မှာ ပြောပါတယ်။

စစ်ပွဲဆိုင်ရာ ကက်ဘိနက်အဖွဲ့မှ တညီတညွတ်တည်း ဆုံးဖြတ်ထားတဲ့အတိုင်း သူတို့ရဲ့ အဆိုပြုချက်ဟာ ရာဖှာထဲကို အစ္စရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်မှုကို ဟန့်တားဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပြီး အဲဒါမျိုးတော့ ဖြစ်လာမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ 

ဒါ့ကြောင့် ကိုင်ရိုကို သွားတဲ့ ကိုယ်စားလှယ်တွေကို အစ္စရေးရဲ့ ဓားစာခံတွေ လွတ်မြောက်ရေးအတွက်နဲ့ အစ္စရေးနိုင်ငံရဲ့ လုံခြုံရေးအာမခံချက်အတွက် မရှိမဖြစ် လိုအပ်ချက်တွေအပေါ် ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည်ထားဖို့ ညွှန်ကြားခဲ့ကြောင်းလည်း နေတန်ယာဟု က ပြောပါတယ်။ 

တချိန်တည်းမှာပဲ ဟားမတ်စ်ကို စစ်ပွဲ ဆက်လက်ဆင်နွှဲနေပြီး ရာဖှာလမ်းပေါက်ကို သိမ်းယူထားခြင်းက အလွန်အရေးကြီးတဲ့ ခြေလှမ်းတရပ်ဖြစ်ပြီး ရာဖှာရှိ အကြမ်းဖက်တပ်ရင်း ၄ ခုကို ချေမှုန်းရေး အပါအဝင် ဟားမတ်စ်ရဲ့ ကျန်နေသေးတဲ့ စစ်ရေးစွမ်းရည်တွေကို ဖျက်ဆီးဖို့ အရေးကြီးတဲ့ ခြေလှမ်းတရပ်လို့လည်း ဆိုပါတယ်။ 

ဒါကြောင့် မနေ့ညက စစ်ပွဲကာလ ဝန်ကြီးအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ ရာဖှာမှာ စစ်ဆင်ရေးလုပ်ဖို့ အမိန့်ထုတ်ခဲ့ပြီး နာရီပိုင်းအတွင်းမှာပဲ အစ္စရေးတပ်ဖွဲ့တွေဟာ ရာဖှာနယ်စပ် ဖြတ်ကျော်ဂိတ်မှာ အစ္စရေးအလံတွေကို လွှင့်ထူပြီး ဟားမတ်စ်အလံတွေကို ဖြုတ်ချခဲ့တယ်လို့ နေတန်ယာဟု က ပြောပါတယ်။ 

ရာဖှာကို ဝင်ရောက်မှုမှာ ပြန်ပေးဆွဲခံရသူတွေ ပြန်ရောက်လာရေးနဲ့ ဟားမတ်စ်တွေကို ဖယ်ရှားရေး ဆိုတဲ့ အဓိက စစ်ပွဲပန်းတိုင် ၂ ခု ရှိနေတယ် လို့လည်း ဆိုပါတယ်။

အစ္စရေး ကာကွယ်ရေးဝန်ကြီး ယိုအာ့ဗ် ဂါလန့်ထ် ကလည်း ရာဖှာဧရိယာနဲ့ ဂါဇာကမ်းမြောင် တခုလုံးမှာ ဟားမတ်စ်တပ်ဖွဲ့တွေကို ချေမှုန်းပြီးတဲ့အထိ ဒါမှမဟုတ် အစ္စလာမ္မစ် လှုပ်ရှားမှုအဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ အစ္စရေး ဓားစာခံ တဦးဦးကို လွှဲပြောင်းပေးချိန်အထိ အစ္စရေးဟာ ဂါဇာတောင်ပိုင်းရှိ ရာဖှာမှာ သူ့စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း မေ ၇ ရက်မှာ ပြောပါတယ်။

ဂါလန့်ထ် က “သူ ဒီနေ့ ရာဖှာဧရိယာကို သွားရောက်ပြီး အဲဒီမှာ တာဝန်ကျနေတဲ့ တပ်မှူးတွေနဲ့ စစ်သည်တွေကို တွေ့ဆုံခဲ့ကြောင်းနဲ့ အစ္စရေးဖက်က ဆူဖှာနဲ့ ဟိုလစ်ထ် အသိုင်းအဝိုင်းတွေကို သွားတဲ့ လူသတ်သမားတွေနဲ့ ယိတ်တက်ဒ်၊ ယယ်ဗူးလ်၊ နဲဗဲ စတဲ့ အသင်းအဖွဲ့လေးတွေနဲ့ တခြားဒေသခံတွေကို ပစ်မှတ်ထားတဲ့ လူသတ်သမားတွေက ဒီ ရာဖှာဒေသကပဲ လာကြတယ် ဆိုတာကိုလည်း သတိပေးချင်ကြောင်း”  ပြောပါတယ်။ 

မနေ့ကလည်း အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ IDF ကို ရာဖှာဧရိယာထဲကို ဖြတ်ကျော် ဝင်ရောက်ပြီး သူတို့ရဲ့တာဝန်တွေကို ထမ်းဆောင်ဖို့ ညွှန်ကြားခဲ့တယ်လို့လည်း ပြောဆိုပါတယ်။ 

Source/Photo - Ramadan Abed/Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024