Home
ဆောင်းပါး
စစ်ကောင်စီ၏ Do or Die ထိုးစစ်ကြီး
DVB
·
May 9, 2024

ရက္ခိုင်တပ်တော်(AA)က မေလ ၆ ရက်နေ့  ထုတ်ပြန်လိုက်သော ဗီဒီယိုဖိုင်တွင် စစ်တွေနှင့် ကီလိုမီတာ ၉၀ အကွာတွင်ရှိ ဘူးသီးတောင်ဒေသ စစ်ဆင်ရေးကွပ်ကဲမှု တပ်မဌာနချုပ် အမှတ် (၁၅) အား အောင်မြင်စွာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့မှုနှင့်အတူ မင်းအောင်လှိုင် သစ္စာခံတပ်များ ရာနှင့် ချီ၍ လက်နက်ချသည့် မြင်ကွင်းများ ပါဝင်လာခဲ့သည်။ 

ဘူသီးတောင်ရှိ စကစ ၁၅ ဒုတပ်မမှုး အပါအဝင် တပ်ဖွဲ့ဝင် ရာချီပြီး လက်နက်ချခဲ့ရာတွင် စစ်ယူနီဖောင်းများ ဝတ်ဆင်ထားသူ၊ ဘောင်းဘီတို တီရှပ်နှင့် ခြေညှပ်ဖိနပ်ပင် မပါသော လူတန်းရှည်ကြီး ကွင်းပြင်တခုသို့ ဖြတ် လျှောက်လာနေပုံ၊ အချို့ပုံများတွင် အိမ်ထောင်သည် အမျိုးသမီးများ၊ ကလေးများပါ တွေ့ရပုံ၊ ထမ်းစင်များဖြင့် ဒဏ်ရာရသူများ သယ်လာပုံများ တွေ့နေရသည့် ဗီဒီယိုဖိုင်သည် ကမ္ဘာအနှံ့ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။

အဆိုပါ ဗီဒီယိုဖိုင်သည် နိုင်ငံတကာ သတင်းဌာနများသို့ ပျံ့နှံ့သွားခဲ့သည်၊ မြဝတီ နယ်စပ်မြို့အား ပြန်လည်သိမ်းပိုက်ရန် တရွေ့ရွေ့နှင့် ရှေ့သို့ တိုးလာနေသော စစ်ကြောင်းများအတွက်လည်း ထိုသတင်းဖြင့် စိတ်ဓာတ်ရေးရာအရ အကြီးအကျယ် ထိုးနှက်ခံခဲ့ရပြန်သည်။

သို့သော် စစ်ကောင်စီသည် ၎င်းတို့အတွက် ဂုဏ်သိက္ခာအရရော၊ ဝင်ငွေလည်း ဖြောင့်နေသော မြဝတီ နယ်စပ်စခန်းအား မရမက ပြန်သိမ်းနိုင်ရန်သာ အာရုံစိုက်လျက် ရှိနေသည်။

အဆိုပါ စစ်ဆင်ရေးနှင့်ပတ်သက်၍ ပြည်ပမှ စစ်ရေးလေ့လာသူ အန်သနီ ဒေးဗီးစ်က အေးရှားတိုင်းမ် စာစောင်တွင် အင်အားချည့်နဲ့လာနေသော စစ်ကောင်စီ၏ Do or Die ထိုးစစ် ခေါင်းစဉ်ဖြင့် ယခုလို သုံးသပ်လာခဲ့သည်။

ခြောက်လနီးပါး အရှုံးများနှင့် ဆက်တိုက်ရင်ဆိုင်လာခဲ့ရသော မြန်မာစစ်တပ်သည် အောင်မြင်မည်လော၊ ကျရှုံးမည်လောဟု ရေရေရာရာ မသိနိုင်သော ၎င်းတို့အတွက် အရင်းအနှီး များလှသည့် ထိုးစစ်ကြီးကို မဖြစ် ဖြစ်အောင် ဆင်နွှဲလာခဲ့သည်။ ယင်းသည် ဆယ်စုနှစ်များစွာ အတွင်း စစ်တပ်၏ အကြီးမားဆုံး ထိုးစစ်ကြီးဟုလည်း ပြော၍ရပေသည်။ သို့သော်လည်း လွတ်လပ်ရေးရပြီးချိန်မှစ၍ စစ်တပ်အတွက် အဆိုးဝါးဆုံး ကံကြမ္မာနှင့် ကြုံနေရသော အချိန်နှင့်လည်း တိုက်ဆိုင်နေပေသည်။

စောချစ်သူ ဦးဆောင်သော နယ်ခြားကာကွယ်ရေးတပ်ဖွဲ့နှင့်လည်း ဆက်ဆံရေး မဆင်မပြေ ဖြစ်လာနေသည်၊ စောချစ်သူသည် နယ်ခြားကာကွယ်ရေးတပ်ဖွဲ့မှ ကရင်အမျိုးသားတပ်အဖြစ် အမည်ပြောင်းလိုက်သော်လည်း အဓိကအားဖြင့် ထိုဒေသရှိ ကာဆီနိုများနှင့် တရုတ် မာဖီယားများ ဦးစီးနေသော အွန်လိုင်း ငွေလိမ်ဂိုဏ်းများမှ ရနေသော အကျိုးအမြတ်များကို ဆက်၍ ကာကွယ်သွားနိုင်ရန်အတွက် ဖြစ်သည်။

ယခု အောင်ဇေယျ ဟု အမည်ပေးထားသော နိုင်ငံတော်အဆင့် ထိုးစစ်ကြီးသည် ကျဆင်းလာနေသော စစ်တပ်၏ စွမ်းဆောင်ရည်နှင့် ဆက်၍ ရှင်သန်နိုင်ဦးမည်လော ဆိုသည်အား အပြီးသတ် တိုင်းတာနိုင်မည့် ပွဲလည်း ဖြစ်သည်။

စစ်ဆင်ရေး၏ ကနဦး ရည်မှန်းချက် ကော့ကရိတ်နှင့် ဂျိုင်းမြစ်ကမ်းရှိ မွန် တော်လှန်ရေးအဖွဲ့များ လက် ကျရောက်သွားသည့် ကော့ဘိန်းစခန်းအား ပြန်လည်သိမ်းပိုက်နိုင်ရန် ဖြစ်သည်။ ကော့ဘိန်း စခန်းသည် မော်လမြိုင်နှင့် ကီလိုမီတာ ၃၀ သာ ဝေး၍ လွန်စွာမှအန္တရာယ်ပေးနိုင်သောစခန်းလည်း ဖြစ်နေသည်။

ကော့ဘိန်းစခန်းအား ကြည်းတပ်၊ ရေတပ် ပေါင်း၍ ဧပြီ ၂၅ ရက်နေ့တွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ကော့ကရိတ်အားလည်း အခိုင်အမာ ထိန်းချုပ်နိုင်ခဲ့သည်။ ယခုအခါ ဒေါနတောင်တန်း တဖက်ရှိ ကြားနေသည် ဆိုသော အခွင့်အရေးသမား စောချစ်သူ လက်ထဲ ရောက်နေသော မြဝတီအား ပြန်လည်သိမ်းယူရန် ဦးတည်လာခဲ့သည်။

ထိုစစ်ဆင်ရေးအား စစ်ကောင်စီ၏ ဒုခေါင်းဆောင် စိုးဝင်း ကိုယ်တိုင် ကြီးကြပ်နေ၍ ၎င်းတို့အတွက် မည်မျှအထိ အရေးကြီးနေကြောင်း ပေါ်လွင်နေပြီး စစ်အင်အားကိုလည်း အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ်များအပြင် အခြားဒေသများမှလည်း ထုတ်နုတ် အသုံးပြုလာခဲ့သည်။ ရှမ်းပြည်တောင်ပိုင်းရှိ တပ်မ ၅၅၊ ဘားအံ အခြေစိုက် တပ်မ ၂၂ နှင့် သထုံရှိ တပ်မ ၄၄ တို့မှ တပ်များ ပါဝင်လာခဲ့သည်။

ကော့ကရိတ်ရှိ အင်အားချည့်နဲ့နေပြီ ဖြစ်သော စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အမှတ် (၁၂) မှ တပ်ကြွင်းတပ်ကျန်များလည်း ပါဝင်လာဖွယ် ရှိနေသည်။ သို့ဖြစ်၍ ဖွဲ့စည်းပုံအပြည့် တပ်ရင်း ကိုးရင်းစာ (အင်အား ၁၀၀၀ မှ ၁၃၀၀ ထိ ရှိနိုင်သည်။)

မော်လမြိုင်ရှိ သံချပ်ကာ တပ်ရင်းမှ ယူကရိန်းလုပ် BTR-3U အမျိုးအစား စစ်သည်တင် သံချပ်ကာ ကား အစီး ၂၀၊ ရုရှားလုပ် BRDM ကင်းထောက်ကားအချို့၊ ထရပ်ကားပေါ်တင်၍ တပြိုင်တည်း ၄၀ ကီလိုမီတာ အကွာအဝေးထိ ပစ်ခတ်၍ရသော မြောက်ကိုရီယား စတိုင် ၁၂၀ နှင့် ၂၄၀ မမ Multiple Launch Rocket System (MLRS) လက်နက်ကြီးများ သယ်ဆောင်လာသည်။

လေတပ်မှလည်း ရုရှားလုပ် Yak-130 အပေါ့စား တိုက်လေယာဉ်များ၊ MI-35 ဟိုင်း တိုက်ခိုက်‌ရေး ရဟတ်ယာဉ်များ၊ Mig-29၊ စက် ချို့ယွင်းမှုကြောင့် ရပ်နားထားရသော တရုတ်-ပါကစ္စတန် လုပ် JF-17 တိုက်လေယာဉ်များပါမကျန် ထုတ်နုတ် အသုံးပြုလာသည်။ နောက်ဆုံး ကြံရာမရ ဖြစ်လာသည့် လက္ခဏာအဖြစ် တရုတ်လုပ် စက်နှစ်လုံးတပ် Harbin Y-12 ‌ပို့ဆောင်ရေး အမျိုးအစား လေယာဉ်ကိုပါ တံခါးမှနေ၍ ၈၂ နှင့် ၁၂၀ မမ မော်တာ အမြောက်ဆန်များ အောက်သို့ လက်နှင့် ကိုင်ပစ်ချနိုင်ရန်အတွက်ပါ ထည့်သွင်းလာခဲ့သည်။

ထိုစစ်ဆင်ရေး၏ ဒုတိယ မှတ်သားစရာကောင်းသည်က နှေးကွေးစွာ ရွေ့လျားနေရခြင်းပင် ဖြစ်သည်။ ဒေါနတောင်ခြေသို့ စစ်ကြောင်း နှစ်ကြောင်းခွဲ၍ ချဉ်းကပ်လာခဲ့သည်။ ပထမ စစ်ကြောင်းသည် ၂၀၁၅ တွင် အပြီးသတ်ခဲ့သော အာရှ အဝေးပြေးလမ်းမကြီးမှ ဖြစ်ပြီး၊ ဒုတိယ စစ်ကြောင်းသည် တောတောင်များကို ဖြတ်၍ ဖောက်လုပ်ထားသော လမ်းကြမ်းမှ ဖြစ်သည်။ အဆိုပါ လမ်းကြမ်းသည် ခြေလျင်တပ်များအတွက် မည်မျှအထိ အသုံးဝင်မည် ဆိုသည်ကား စောင့်ကြည့်ရဖို့ ရှိနေသည်။ နှစ်ပတ်ကြာပြီး နောက်တွင်ပင် လမ်းတဝက် ဖြစ်သော တောနော ရေတံခွန်အနီးသို့သာ ရောက်လာနိုင်သည်ဟု သတင်းများက ဆိုသည်။

ယခုထိ စစ်တပ်သည် ဆက်တိုက် ဆိုသလို နိုင်ငံ အနှံ့အပြားတွင် အရေးနိမ့်လာနေ၍ စိတ်ဓာတ် အင်အား ချွတ်ခြုံကျနေပြီဖြစ်သော တပ်များကို အသုံးပြု တိုက်ခိုက်နေရပြီ ဖြစ်သည်။

လက်နက်လူသူ အင်အား အကြီးအကျယ် ထုတ်နုတ် အသုံးပြုလာသော်လည်း သုံးပတ်အတွင်း စစ်ကောင်စီဘက်မှ သေဆုံး ဒဏ်ရာရသူ ၃၀၀ ခန့် ရှိနေသည်မှာလည်း အံ့ဩစရာတော့ မဟုတ်ပေ။ အာဏာမသိမ်းမီကတည်းက မင်းအောင်လှိုင် တတွတ်တွတ် ပြောနေသည့် စတန်းဒတ် အာမီ ဆိုသည့် အဆင့်သို့လည်း အနားသို့ပင် မကပ်နိုင်သေးသည်မှာလည်း စစ်တပ်အတွက် နောက်ထပ် စိန်ခေါ်မှုကြီး ဖြစ်လာခဲ့သည်။

စစ်တပ်၏ သမိုင်းတလျှောက်တွင် ခြေမြန်တပ်များဖြင့် နယ်မြေ ရှင်းလင်းရေး ဆိုသည့် စစ်ဆင်ရေးများကိုသာ ဆင်နွှဲခဲ့ပြီး၊ အများအားဖြင့် ပေါ်တာများ၊ လားများဖြင့် သယ်ဆောင်လာသည့် လက်နက်ကြီးများကိုသာ အားပြုခဲ့ရသည်က များသည်။

အများ အထင်ကြီးအောင် ခေတ်မီလက်နက်ကြီးများ ထည့်သွင်း ပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင်မှုများသည်လည်း မြေပြန့်ဒေသများတွင်သာ ဖြစ်၍ တောတောင်ထူထပ်သော ကရင်ပြည်နယ်အတွက် အသုံးမတည့်လှပေ။

အောင်ဇေယျ စစ်ဆင်ရေးတွင် ထူးထူးခြားခြား ကွယ်ပျောက်နေသည်က တိုက်ပွဲဝင် တင့်ကား Main Battle Tanks (MBTs) များပင် ဖြစ်သည်။

တတိယ ပြဿနာတခုက မိုးရာသီနား ချဉ်းကပ်လာနေ၍ မိုးတိမ်များ နိမ့်ဆင်း ထူထပ်လာနေသဖြင့် လေကြောင်းပစ်ကူ၊ ထောက်ပို့နှင့် လမ်းကြမ်းများမှ ချီတက်နေရသော တပ်များ အစရှိသည်တို့တွင် အခက်အခဲများ တွေ့လာတော့မည် ဖြစ်သည်။ လာမည့်အပတ်အတွင်း ဒေါနတောင်၏ အရှေ့ဘက်ခြမ်းသို့ မရောက်နိုင်က စစ်ဆင်ရေးတခုလုံး ရပ်တန့်ပစ်ရမည့် အရေးနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။

မေလ အကုန်ပိုင်းတွင်တော့ အောင်ဇေယျ စစ်ဆင်ရေးသည် ဖြစ်နိုင်ခြေ သုံးခုထဲမှ တခုခုဖြင့် အဆုံးသတ်သွားရတော့မည် ဖြစ်သည်။

ပထမ ဖြစ်နိုင်ခြေသည် စစ်တပ်သည် ဒေါနတောင်တန်းကို ဖြတ်၍ သင်္ကန်းညီနောင် ဗျူဟာကုန်းများကို ပြန်လည်သိမ်းပိုက်နိုင်ခြင်း ဖြစ်သည်။ ထိုမှတဆင့် ၁၀ ကီလိုမီတာသာ ကွာဝေးသည့် မြဝတီအား သိမ်းယူနိုင်မည် ဖြစ်သည်။

ဒုတိယအနေဖြင့် ဒေါနတောင်ခြေတဝိုက်တွင် အကျအဆုံးများစွာဖြင့် စစ်ဆင်ရေးကို တဝက်တပျက်နှင့် ရပ်ဆိုင်းလိုက်ရပြီး ကောကရိတ်သို့ ပြန်ဆုတ်ကာ မိုးရာသီ ကုန်အောင် စောင့်ဆိုင်းရဖို့ ဖြစ်လာနိုင်သည်။

တတိယအနေဖြင့် KNLA နှင့် PDF များက ၎င်းတို့၏ ထိုးစစ်ကို တွန်းလှန်နိုင်ရုံမက ကော့ကရိတ်မှသည် ဘားအံ့အထိ ပင် မောင်းထုတ်ပစ်လာနိုင်ခြင်းပင် ဖြစ်သည်။

ပထမ ဖြစ်နိုင်ခြေသည် စစ်တပ်အတွက် စိတ်အားတက်ကြွလာပြီး အသက်ရှူခွင့် ရရှိသွားမည် ဖြစ်သည်။ ၎င်းတို့ အသက်ဆက်နိုင်မည်လောဟု သံသယရှိနေသည့် အိန္ဒိယ၊ တရုတ်နှင့် ထိုင်း တို့၏ ယုံကြည်မှုကိုလည်း ကျားကန်ပေးနိုင်မည် ဖြစ်သည်။ ထိုအခါတွင်တော့ စစ်တပ်သည် စောချစ်သူနှင့် ပိုနေမြဲ ကျားနေမြဲ နေ၍ မရတော့ဘဲ တရုတ်တို့၏ ဖိအားပေးမှုဖြင့် စောချစ်သူ အတွက် ဝင်ငွေရနေသည့် အွန်လိုင်း ငွေလိမ်ဂိုဏ်းများကို နှိမ်နှင်းရတော့မည် ဖြစ်သည်။ စောချစ်သူနှင့် ထိပ်တိုက်ရင်မဆိုင်ချင်ပါက တဖက်လှည့်နှင့် ထိုင်းကို ပိတ်ဆို့ခိုင်းနိုင်သည်။ နောက်တချက် အဖြစ်နိုင်ဆုံးက စောချစ်သူ လုပ်ကြံခံရမည့် အရေးပင် ဖြစ်သည်။ စောချစ်သူသည် ဘက်ပေါင်းစုံအား သစ္စာဖောက်ခဲ့၍ ၎င်းအား အန္တရာယ်ကောင်းကောင်းပေးနိုင်မည့် ရန်သူများ ဖန်တီးထားခဲ့ပြီး ဖြစ်သည်။

ဒုတိယ ဖြစ်နိုင်ခြေအဖြစ် ကော့ကရိတ်သို့ ပြန်ဆုတ်ပေးရမည် ဆိုက စစ်ကောင်စီအပေါ် ယုံကြည်မှု ကျဆင်းသွားနိုင်ပြီး ထိုင်းနှင့် နယ်စပ်ကုန်သွယ်ရေးသည်လည်း ရပ်ဆိုင်းသွားမည့်အပြင် ကော့ကရိတ်နှင့် ဘားအံသို့ သွားသည့် လမ်းများကိုပါ ကာကွယ်ထားရဖို့ ဖြစ်လာပေတော့မည်။

တတိယ ဖြစ်နိုင်ခြေသည်သာ အမှန်တကယ် ဖြစ်ပွားလာပါက စစ်တပ်အဖို့ လွန်စွာ ဆိုးဝါးသော အကျိုးဆက်များနှင့် ရင်ဆိုင်ရပေတော့မည်။ ထိုအခါတွင် စက်ခုံးလို ဖြစ်နေသည့် ရန်ကုန် အဝေးပြေးလမ်းပေါ်ရှိ ဘားအံ၊ တောင်ဘက်ရှိ ကော့ဘိန်းနှင့် လှိုင်းဘွဲ့မြို့များပါ ခြိမ်းခြောက်ခံလာရတော့မည် ဖြစ်သည်။

စစ်တပ်သည် တစစီ ပြိုကွဲသွားမည်လော၊ သို့မဟုတ် ဗဟိုမှနေ၍ ပေါက်ကွဲထွက်လာမည်လော၊ သို့မဟုတ်လည်း ၂၀၂၅ အထိ စစ်ပွဲများဖြင့် နပန်းလုံးနေရဦးမည်လော ဆိုသည်က ခန့်မှန်းဖို့ မဖြစ်နိုင်သော်လည်း အောင်ဇေယျ စစ်ဆင်ရေးသည် ၎င်းတို့ မည်သို့မည်ပုံ  အဆုံးသတ်သွားမည် ဆိုသည်ကို အဆုံးအဖြတ်ပေးလာတော့မည်သာ ဖြစ်သည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

လှစိုးဝေ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024