Home
မြန်မာသတင်း
ရခိုင်သို့ ရိက္ခာနှင့် လက်နက်ကျည်များပို့ရန် ကံမမြို့၌ စစ်တပ်က ကားများကို ချောဆွဲ ငွေကောက်ခံ
DVB
·
May 8, 2024

မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့မှာ စစ်ကောင်စီက ရခိုင်ပြည်နယ်ဘက်ကို  ရိက္ခာနဲ့ လက်နက်ကျည်ဆန်တွေ ပို့ဖို့  မေ ၁ ရက်ကတည်းက  ကုန်တင်ကားတွေကို  ချောဆွဲနေပြီး မလိုက်တဲ့ ကားတွေထံကနေလည်း အဓမ္မ ငွေကောက်ခံနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ကံမမြို့ထဲက သာမန်စီးပွားရေးလုပ်သူတွေကနေ ကားသမားတွေအထိ သိန်းနဲ့ ချီပြီး ငွေကောက်ခံနေသလို ဒေသခံလုပ်ငန်းရှင်တချို့ ငွေမထည့်တာကြောင့် ကံမမြို့ကို ဝင်လာတဲ့ ကားတွေကို အကုန်စစ်ဆေးပြီး ပါလာသမျှပစ္စည်းတွေ သိမ်းဆည်းနေတယ်လို့လည်း ဆိုပါတယ်။

ဒေသခံ တဦးက "၆ ရက်နေ့က ပြည်၊ ရန်ကုန်ဘက်တွေကနေ ဝင်လာတဲ့ကားတွေကို ဒန်းကိုင်း စစ်ဆေးရေးဂိတ်ကနေတားပြီး ကားပေါ်ပါလာသမျှ ကုန်တွေ အကုန်ချခိုင်းတာ။ ကုန်ကားကနေ အိမ်စီးကားအထိ ရစ်ပြီးစစ်ဆေးတာ။ အဲဒါမဖြစ်ခင် ကျန်ခဲ့တဲ့အပတ်က ရခိုင်ကို ကုန်ပို့ဖို့ ဆိုပြီး မြို့ထဲက ကုန်ကားတွေကို စစ်တပ်က ချောဆွဲတာ ကားက ၇ စီး ပဲရတယ်၊၊ အဲဒီ ကား ၇ စီးက မကွေးကို ရောက်တော့ ကားပိုင်ရှင် ၂ ယောက်က ငွေပေးပြီး ညှိလိုက်တော့၊ သူတို့ကား ၂ စီးကို ပြန်လွှတ်လိုက်တယ်။” လို့ ပြောပါတယ်။ 

ချောဆွဲရာမှာ ကားအစီးရေ အနည်းငယ်ပဲရပြီး  မလုံလောက်တာကြောင့် ကားဝယ်ဖို့ ငွေကောက်ခံနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြို့ထဲမှာ မလိုက်ရဘဲ ကျန်နေခဲ့တဲ့ကားပိုင်ရှင်တွေကိုတော့ ဖောကား ၁၀ ပေ ကား ၊ ၁၂ ပေကား တစီးကို ကျပ် ၅ သိန်း၊ သုံးဘီး တစီးကို ကျပ် ၃ သိန်း ပေးရမယ်၊ မပေးနိုင်ရင် လူတွေ ဖမ်းမယ်၊ ကားတွေသိမ်းမယ်။  မေ ၁၀ ရက် နောက်ဆုံးပေးရမယ်လို့ အမိန့်ထုတ်တယ်လို့ ဆိုပါတယ်။ 

မြို့ခံလုပ်ငန်းရှင် တဦးက ”နောက်တခုက တနေ့ကပဲ ထွေအုပ်ရုံးမှာ ၆ ရက်က အစည်းအဝေး လုပ်ပြီး ကောက်တာ။ ဒီနေ့အထိ လိုက်ကောက်နေတုန်းပဲ။ သူတို့က အဲဒီငွေတွေနဲ့  ကုန်ကား‌တွေ အပိုင်ဝယ်ဖို့ဆိုပဲ  " လို့ ပြောပါတယ်။

အခုကိစ္စတွေနဲ့ပတ်သတ်ပြီး ကံမ အထွေထွေအုပ်ချုပ်ရေးရုံးတာဝန်ရှိသူတွေထံ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဖုန်းကိုင်ဖြေဆိုမယ့်သူမရှိပါဘူး။

စစ်အာဏာမသိမ်းခင်အထိ ကံမမြို့ကနေ ပြည်-ပန်းတောင်းမြို့ကို ထွက်တဲ့ ကားအစီးရေ ၁၇၀ လောက်ရှိတယ်လို့  မြို့ဝင်ကြေးကောက်ခံတဲ့ ဝန်ထမ်း တဦးဆီက သိရပါတယ်။

ဒန်ကိုင်းစစ်ဆေးရေးဂိတ်က ပြည်မြို့ကနေ ကံမမြို့ဘက်ကို အဝင်မှာ ချထားတဲ့ စစ်ဆေးရေးဂိတ် ဖြစ်ပါတယ်။

ကံမမြို့ကနေ ပုသိမ်-မုံရွာလမ်းကနေတဆင့် ရခိုင်ပြည်နယ်ကို တက်လို့ရပေမဲ့  ရခိုင်ကို ကုန်ပစ္စည်းသယ်ယူပို့ဆောင်ခွင့် ပိတ်လိုက်ပြီးနောက် ဂိတ်အစောင့် စစ်ကောင်စီတပ်သားတွေက ကားတစီးကို ကျပ် ၅၀၀၀၀ ကနေ ကျပ် ၃-၄ သိန်းအထိ ကောက်ခံပြီး ကားတွေကို ဖြတ်သန်းခွင့် ပေးနေတယ်လို့ ကံမမြို့ခံတွေထံက သိရပါတယ်။

မင်းညို

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024