Home
ရုပ်သံ
“နယ်မြေကို ထိန်းချုပ်ထားနိုင်စွမ်းကတော့ ၈၅ ရာခိုင်နှုန်း ရှိပြီ” - ကရင်နီ KSCC ဥက္ကဋ္ဌ
နော်နိုရင်း
·
April 25, 2024

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တနိုင်ငံလုံး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကနေတဆင့် လက်နက်ကိုင်တော်လှန်ရေးကနေ မိမိဒေသတွေမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေးအထိ အစိုးရတရပ်လို ဖွဲ့စည်းလုပ်ဆောင်နေကြတဲ့အထဲမှာ ကရင်နီပြည်နယ်ဟာ ထိပ်ဆုံးကနေ ရပ်တည်လုပ်ဆောင်နေပါတယ်။ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေး ဖွဲ့စည်းနိုင်ဖို့ဆိုရင် ဘယ်လိုတွေ စုစည်းလုပ်ဆောင်နေလဲဆိုတာနဲ့ ပတ်သက်ပြီး ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့်ကို DVB သတင်းထောက် နော်နိုရင်းက တွေ့ဆုံမေးမြန်းထားပါတယ်။  

မေး - ပထမဦးဆုံး မေးချင်တာက ကရင်နီပြည် အတိုင်ပင်ခံကောင်စီကို ဘယ်လိုရည်ရွယ်ချက်နဲ့ စဖွဲ့စည်းခဲ့လဲ။ ဘယ်လိုအဖွဲ့အစည်းတွေကို ကိုယ်စားပြုမှုတွေ ပါဝင်ခဲ့လဲ။ KSCC ရဲ့ လုပ်ငန်းတာဝန်တွေက ဘာလဲဆိုတာ အရင်ဦးဆုံး ပြောပြပေးပါ။

ဖြေ - “ကျနော်တို့ ကရင်နီရဲ့ နိုင်ငံရေးက အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးက ရှိပြီးသား ဖြစ်တယ်။ ကျနော်တို့ ဒါကိုလည်း ၂၀၀၁ ခုနှစ် အစောပိုင်းကတည်းက နိုင်ငံရေးဦးတည်ချက်ကို ပြောင်းခဲ့တာ ဖြစ်တယ်။ မူလ တော်လှန်ရေးစတင်ခဲ့တဲ့ ၁၉၄၈ ခုနှစ်တုန်းကတော့ ကျနော်တို့က သီးခြားလွတ်လပ်ရေးကိုပဲ နိုင်ငံရေးဦးတည်ချက်နဲ့ထားတယ်။ ဒါပေမဲ့ ကမ္ဘာ့နိုင်ငံရေး၊ မြန်မာ့နိုင်ငံရေး အားလုံးကို သုံးသပ်ပြီးတော့ ကျနော်တို့ကြားထဲမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးပဋိပက္ခတွေကို ချုပ်ငြိမ်းနိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ဖက်ဒရယ်စနစ် ဖြစ်တယ်ဆိုတာ ကျနော်တို့ ယုံကြည်တဲ့အတွက် ၂၀၀၁ မှာ ကျနော်တို့ရဲ့ နိုင်ငံရေးဦးတည်ချက်ကို ဖက်ဒရယ်လစ်ဇင်အနေနဲ့ ပြောင်းခဲ့တာ ဖြစ်တယ်။ ကျနော်တို့က ဒီနေ့ လက်နက်ကိုင်တိုက်ပွဲတွေကြားမှာ ပြန်ကြည့်လိုက်တဲ့အခါ စစ်အကြမ်းဖက်အုပ်စုရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေ၊ ဥပဒေပြုရေးလုပ်ငန်းတွေ၊ တရားစီရင်ရေးလုပ်ငန်းတွေဟာ လုံးဝကို အကောင်အထည်ဖော်နိုင်တာ မရှိတော့ဘူး။ ဒါကြောင့်မို့ ကျနော်တို့ ယုံကြည်တာက ဒီနေ့ ဒီအချိန်ဟာ ကျနော်တို့ လိုချင်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အသုံးချဖို့ အချိန်ကောင်းဖြစ်တယ်လို့ ယုံကြည်တယ်။ ဒါကြောင့်မို့ ကျနော်တို့ ပြည်နယ်ထဲမှာ ရှိတဲ့ Stakeholder တွေအားလုံးကို စုစည်းပြီးတော့ ကရင်နီပြည် အတိုင်ပင်ခံကောင်စီဆိုပြီး စစဉ်းစားတာ ဖြစ်တယ်။”

“ကရင်နီပြည် အတိုင်ပင်ခံကောင်စီကို စမဖွဲ့ခင် လူငယ်တွေ အချင်းချင်းကြားထဲမှာ Coordination Team ဆိုတာကို အရင်ဆုံးဖွဲ့တယ်။ ဒါပေမဲ့ ကျနော်တို့ နောက်ဆုံး ဆွေးနွေးလိုက်တာက Coordination Team ဆိုတာက အလုပ်အဖွဲ့ပဲ ရှိတယ်။ ဒါပေမဲ့ ကျနော်တို့ လုပ်တဲ့ အလုပ်အဖွဲ့တွေက တပြည်နယ်လုံးရဲ့ အရေးတွေ ဖြစ်တယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့က  စုဖွဲ့မှုကိုရော၊ နာမည်ကိုရော နောက်ပိုင်းမှာ ဧပြီလ ၉ ရက်နေ့မှာ အတည်ပြုပြီးပြန်ပြောင်းလိုက်တယ်။  ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီလို့ ပြောင်းလိုက်တယ်။ စုဖွဲ့မှုကိုလည်း လူငယ်လူရွယ်တွေတင် မကတော့ဘူး၊ အစုအဖွဲ့ကြီး ၅ ဖွဲ့နဲ့ ကျနော်တို့ ဖွဲ့လိုက်တယ်။ အဲဒါကတော့ ကရင်နီပြည်နယ်ထဲမှာ ရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၅ ဖွဲ့ ပါတယ်။ နိုင်ငံရေးပါတီ ၃ ဖွဲ့ ပါတယ်။ နိုင်ငံရေးပါတီ ၃ ဖွဲ့ကတော့ NLD၊ ကယန်းအမျိုးသားပါတီ၊ ကယားပြည်နယ် အမျိုးသားဒီမိုကရက်တစ်ပါတီ ပါတယ်။ ဘာကြောင့်လဲဆိုရင် အထွေထွေရွေးကောက်ပွဲမှာတော့ ကရင်နီပြည်နယ်အတွင်းမှာ ဝင်ရောက်အရွေးခံတဲ့ ပါတီတွေ အများကြီး ရှိတယ်။ ဒါပေမဲ့ ကျနော်တို့ စုဖွဲ့တဲ့ အစုအဖွဲ့ကတော့ စစ်အာဏာရှင်ကို ဆန့်ကျင်နေတဲ့ အစုအဖွဲ့တွေ ဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ရှိတယ်။ ဒါကြောင့် ၃ ဖွဲ့ပဲ ပါတယ်။ နောက်အစုအဖွဲ့ကတော့ လူငယ်တွေ၊ CBO CSO တွေနဲ့၊ သပိတ်အဖွဲ့အစည်းတွေ အစုအဖွဲ့ ရှိတယ်။ နောက်အစုအဖွဲ့ကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရလွှတ်တော်အမတ်များအဖွဲ့ ဆိုပြီး အစုအဖွဲ့တခု ရှိတယ်။ နောက်ဆုံးအစုကတော့ အမျိုးသမီးကိုယ်စားပြုအစုအဖွဲ့ဆိုပြီး မဏ္ဍိုင် ၅ ခုနဲ့ စုဖွဲ့လိုက်တယ်။ ၂၀၂၁ မှာ ပါဝင်တဲ့ KSCC ကောင်စီဝင် ၃၇ ဦး ရှိတယ်။”

“ကျနော်တို့ နိုင်ငံရေး ရည်မှန်းချက် ၄ ရပ်ကို ချခဲ့ကြတယ်။ အဲဒါကတော့ စစ်အာဏာရှင်နဲ့ အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ရှိတယ်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး ရှိတယ်၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ရှိတယ်၊ ပြည်နယ်ထဲမှာ လက်တွေ့ကျကျ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကျင့်သုံးရေးပေါ့နော်။  အဲဒါတွေကို နိုင်ငံရေးဦးတည်ချက်အဖြစ် ကျနော်တို့ ထားပြီး ကျင့်သုံးခဲ့ကြတယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့ ၂၀၂၂ ခုနှစ် မေလလောက်ကစပြီး ကြားကာလ အစီအမံကို စတင်ပြန်လည်ရေးဆွဲခဲ့ကြပြီးတော့ ပါဝင်တဲ့ အစုအဖွဲ့တွေကြားမှာ ပြန်လည်ရှင်းလင်းချပြတယ်။ ပြီးမှ နှစ်ကုန် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၇ ရက်ကနေ ၂၀ ရက်နေ့အထိ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီရဲ့ ပထမဆုံးညီလာခံကို ကျင်းပခဲ့တယ်။ KSCC အတိုင်ပင်ခံကောင်စီကို ကျနော်တို့ Reform ပြန်လုပ်တယ်။ လုပ်လိုက်တဲ့အချိန်မှာ အခုလောလောဆယ် KSCC မှာ အဖွဲ့ဝင် ၁၃ ဦးပဲ ရှိတယ်။ ဒါပေမဲ့ ကျနော်တို့ ပြဋ္ဌာန်းထားချက်အရ ၁၇ ဦးနဲ့ ဖွဲ့ရမယ်ဆိုတာ ရှိတယ်။ တချို့အစုအဖွဲ့တွေက ဒီနေ့အချိန်ထိ မပါလာသေးတာ ရှိတယ်။ ကျနော်တို့ လျာထားတာတွေ ရှိတယ်။”

မေး - ဆရာ ပြောတဲ့အထဲမှာ ဖွဲ့စည်းထားတာ ၁၇ ဦး ရေးဆွဲထားပေမဲ့ ၁၃ ယောက်ပဲ ရှိတယ်ဆိုတော့ ကျန်တဲ့ ၄ ယောက်က ဘယ်သူတွေအတွက် ထားထားတာလဲ၊ ဘာကြောင့် ကျန်နေသေးတာလဲ။

ဖြေ - “ကျနော်တို့ထဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးကို မူလတုန်းက ၅ ဖွဲ့လုံး ပါတယ်။ အခုကတော့ ၃ ဖွဲ့ပဲ ရှိသေးတဲ့အတွက် နှစ်နေရာလိုတဲ့သဘော ဖြစ်တယ်။ လောလောဆယ် ကလလတ ကတော့ မပါသေးဘူး။ ကယန်းပြည်သစ်အတွက်ကိုလည်း ကျနော်တို့ ပြောထားတာတွေ ရှိတယ်၊ ဒါတွေမပါသေးဘူးပေါ့။ နောက်ပြီးတော့ အရင်တုန်းက သပိတ်ကော်မတီပေါ့၊ အခုကတော့ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေတယ်၊ KNDF လိုပေါ့။ သပိတ်ကော်မတီမှာလည်း ၃ နေရာ ပေးထားတယ်။ အခုကတော့ KNDF ပဲ ပါသေးတယ်။ ကျန်တဲ့နှစ်ဖွဲ့က မပါသေးဘူး။ Local PDF တွေပေါ့။ အဲဒီအတွက်ကို ကျနော်တို့ အခု စုစည်းနေတယ်။ လက်နက်ကိုင်အဖွဲ့အစည်းအနေနဲ့ လောလောဆယ် KNPP ရယ်၊ KNSO ရယ်၊ KNPDP ရယ်တော့ ပါနေပြီ။”

မေး - အခု ကရင်နီမှာ တော်တော်များများ တိုက်ပွဲတွေ ဖော်ဆောင်တယ်။ ထိန်းချုပ်မှုတွေကလည်း တော်လှန်ရေး အင်အားစုတွေက အများကြီး ထိန်းချုပ်ထားတယ်။ အာဏာသိမ်းစစ်တပ်က ထိန်းချုပ်နိုင်စွမ်းမရှိတဲ့ နယ်မြေမှာ အုပ်ချုပ်ရေးစနစ်တွေ ထူထောင်တဲ့အခါမှာ ကရင်နီပြည်က စံနမူနာတခု ဖြစ်တယ်လို့ အများက ပြောနေတယ်။ ကရင်နီပြည်ရဲ့ ပြန်လည်ထူထောင်ရေးမှာ ဘယ်လိုမျိုး သင်ခန်းစာယူလို့ရမလဲ။

ဖြေ - “ကျနော်တို့က စပြီးဖွဲ့စည်းကတည်းက မူ ရှိတယ်။ အဲဒါက အားလုံးပါဝင်ရေး မူဆိုတာ ရှိတယ်။ Collected Leadership ပေါ့။ အားလုံး စုပေါင်းခေါင်းဆောင်မှုစနစ်ကို အခြေခံထားတာ ဖြစ်တယ်။ ကျနော်တို့အားလုံး စဖွဲ့ကတည်းက အများစုက ပါနေပြီးသားပေါ့။ အဲဒီအပြင်ကို ကျနော်တို့ ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်မှု လုပ်တာတွေ ရှိတယ်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး လုပ်တဲ့အခါပေါ့။ NUCC ရဲ့ Charta 2 ပုဒ်မ ၅၂၊ ၅၃ မှာလည်း ပြဋ္ဌာန်းထားတာ ရှိတယ်။ ကျနော်တို့ရဲ့ ကြားကာလအစီအမံ ၃၉ မှာ ပြဋ္ဌာန်းတာလည်း ရှိတယ်။ ကရင်နီပြည်နယ်အတွင်းမှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး လုပ်ငန်းတွေ လုပ်မယ်ဆိုရင် ရှိပြီးသား တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ Organization တွေရဲ့ Structure အတိုင်း ညှိနှိုင်းပြီး လုပ်ရမယ်ဆိုတဲ့အတိုင်းပေါ့။ အခု အုပ်ချုပ်ရေးလုပ်တဲ့အခါ ဖြစ်စေ၊ တရားစီရင်ရေး လုပ်တဲ့အခါ ဖြစ်စေ သဘောတခုက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက သူတို့ နဂိုကတည်းက အုပ်ချုပ်ရေးတွေ လုပ်ထားတာတွေ ရှိတယ်။ ဒါတွေနဲ့ IEC နဲ့ ညှိနှိုင်းပြီးမှ ပြန်လုပ်တာ ရှိတယ်။ ဒါကြောင့် ကျနော်တို့ကြားထဲမှာ ပဋိပက္ခဆိုတာ မရှိဘူးပေါ့။ အားလုံး ညီညွတ်ရေးကို ပြန်တည်ဆောက်ထားတာပေါ့။”

မေး - ကြားကာလအုပ်ချုပ်ရေးအစီအမံကကော ကယားပြည်နယ်မှာဆိုရင် မြို့နယ် ၇ ခုပေါ့။ တဘက်မှာလည်း ကရင်နီအရ ဆိုရင်လည်း ဖယ်ခုံ တို့၊ မိုးဗြဲ တို့ ပါတာပေါ့။ ကယားပြည်နယ် ၇ ခုလုံးကို ထိန်းချုပ်ထားနိုင်တဲ့ အနေအထားရှိလား။

ဖြေ - “ကျနော်တို့ရဲ့ နယ်မြေသတ်မှတ်မှုကတော့ အုပ်ချုပ်ရေးနယ်မြေ ၁၉ မြို့နယ်နဲ့ ခွဲထားတာပေါ့။ သူတို့ကတော့ ၇ မြို့နယ်ပဲပေါ့။ လောလောဆယ်ကတော့ နယ်မြေထိန်းချုပ်ထားနိုင်စွမ်း ၈၅ ရာခိုင်နှုန်းတော့ ရှိပြီ။ အခုက မြို့သိမ်းတိုက်ပွဲအနေနဲ့ လွိုင်ကော်နဲ့ ဖားဆောင်းကို တပြိုင်တည်း လုပ်နေတယ်။ သူတို့ကတော့ တပ်ထဲမှာပဲ ရှိတော့တယ်။ ကျနော်တို့မြို့ထဲမှာ ကျနော်တို့လူတွေ ရှိတယ်။ ကျန်တဲ့ မော်ချီး၊ ဘော်လခဲ၊ ရွာသစ်၊ မယ်စဲ့၊ ရှားတော ဒီမြို့တွေအကုန်လုံးက ကျနော်တို့ လက်ထဲမှာ ရှိတယ်။ မိုးဗြဲ၊ ဖယ်ခုံ မှာလည်း ကျနော်တို့က အများကြီးပေါ့။ ရှင်းရှင်းပြောရင် သူတို့က သူတို့ တပ်ထဲမှာပဲ ရှိတယ်။ သူတို့ အပြင်ထွက်တာနဲ့ ကျနော်တို့ တိုက်ခိုက်တာကို ခံရတာပဲလေ။ အောက်ခြေ မြေပြင်အနေအထားမှာတော့ သူတို့ ကျနော်တို့ကို ဘယ်လိုမှ လုပ်လို့မရဘူး။ ကျနော်တို့ ထိန်းချုပ်ထားနိုင်တယ်။ တခုပဲ၊ သူတို့ အသုံးပြုနေတာ Air Strike တွေ၊ လေယာဉ်နဲ့ ဗုံးကြဲတာတွေ၊ လက်နက်ကြီးတွေနဲ့ ထုတယ်။ ဒါပဲ ရှိတယ်။ တကယ်တမ်း မြေပြင်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး လုပ်ငန်းစဉ်တွေက ဘာတခုမှ မရှိတော့ဘူး။ အဲဒီအတွက်ကြောင့် ဒီအချိန်ဟာ ကျနော်တို့အတွက် အခွင့်အခါကောင်း ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ ဒါကို တည်ဆောက်ထားတာ ဖြစ်တယ်။”

မေး - အခု တည်ဆောက်မှု အခြေအနေကကော အခုက သတ်မှတ်ထားတဲ့ မြို့နယ်တွေ၊ ပြည်နယ်တွေမှာ ဘယ်လောက်အထိ လွှမ်းမိုးနိုင်ပြီလဲ။

ဖြေ - “ကျနော်တို့ အကုန်လုံး လွှမ်းမိုးထားပြီ။ အခုက လွိုင်ကော်နဲ့ ဖားဆောင်းပဲ ကျန်တယ်လေ။ ကျန်တာတောင် သူတို့က တပ်ထဲမှာပဲ ရှိတော့တယ်။ မြို့ပေါ်မှာတောင် ကျနော်တို့ ဝင်နေပြီ။”

မေး - အခု တိုက်ပွဲဖော်ဆောင်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေတဲ့ကာလ ဖြစ်တဲ့အချိန်မှာ ကရင်နီ တပြည်နယ်လုံးမှာ လက်နက်ကြီး အသုံးပြုတာတွေ၊ မြေမြှုပ်မိုင်းပြဿနာတွေ တော်တော်များများ ရှိတယ်ပေါ့။ ဆရာတို့ IEC ကနေ မြေမြှုပ်မိုင်းနဲ့ ပြန်လည်ထူထောင်ရေးအပိုင်းတွေ ဘယ်လိုအစီအမံတွေ ချထားတာရှိလဲ။

ဖြေ - “ကျနော်တို့က အခု စပြီး KSCC အောက်မှာ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီ ဆိုတာ ရှိတယ်။ အဲဒီအတွက် ကျနော်တို့က Post of Revolution ပေါ့။ တော်လှန်ရေး အလွန်ကာလမှာ ကျနော်တို့က လုပ်ရမယ့် ပြန်လည်ထူထောင်ရေးအစီအစဉ်လည်း ရှိတယ်။ ဒီနေ့အချိန်ကာလမှာတော့ စစ်ပူကာလမှာတော့ ကျနော်တို့ လုပ်လို့မရဘူး။ ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ temporary နေရာချထားရေးပဲ ရတယ်။ ဒါကြောင့်မို ကျနော်တို့ အတတ်နိုင်ဆုံ IDP Camps တွေကို ဖွင့်လှစ်ပေးထားတာ ရှိတယ်။ အခုဆိုရင် နယ်စပ်ကပ်လျက်မှာ IDP စခန်းက ၁၅ ခုတောင် ရှိတယ်။ ကျနော်တို့ရဲ့ ထိန်းချုပ်နယ်မြေထဲမှာလည်း ရှိတယ်။ သူတို့ရဲ့ စားဝတ်နေရေး၊ လုံခြုံရေးအတွက် ကျနော်တို့ လုပ်ပေးနေတာ ရှိတယ်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းကတော့ တကယ်တမ်း လုပ်မယ်ဆိုရင်  အနည်းဆုံး step တွေက ၉ ခုလောက် ရှိတယ်။ ဒါတွေအတွက် ပညာရှင်တွေနဲ့၊ နိုင်ငံတကာ အတွေ့အကြုံရော လေ့လာပြီး အစီအစဉ်တွေ ဆွဲပြီးသား ဖြစ်တယ်။ နောက်တခုက ကျနော်တို့ အခု တော်လှန်ရေးအလွန်ပြီးသွားတာနဲ့ တခါတည်း ကျနော်တို့ အသွင်ကူးပြောင်းရေးကာလ ကရင်နီအစိုးရ ဖွဲ့စည်းနိုင်ရေးပေါ့။ လွှတ်တော် ဖွဲ့စည်းနိုင်ရေးနဲ့ တရားစီရင်ရေးကဏ္ဍ လုပ်နိုင်ရေးအတွက်လည်း အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ ကျနော်တို့ စပြီးရေးနေပြီ။ တကြိမ်၊ နှစ်ကြိမ်၊ သုံး လေးကြိမ်တော့ ရှိပြီ။”

မေး - အခု အစိုးရတရပ် ပေါ်လာဖို့ စပြီး ရေးဆွဲ လုပ်ဆောင်နေပြီဆိုတော့ Bottom Up အနေနဲ့ လုပ်ဆောင်သွားမယ်ဆိုတာ ကရင်နီပြည်နယ်အတွင်းမှာပဲပေါ့။ တကယ် ပြည်ထောင်စုအဆင့်မှာကျတော့ကော ဒီလိုမျိုး NUG နဲ့ ဖြစ်ဖြစ်၊ NUCC နဲ့ပဲဖြစ်ဖြစ် ဘယ်လိုမျိုး ချိတ်ဆက် လုပ်ဆောင်နေတာ ရှိလဲ။

ဖြေ - “အခု KSCC ရဲ့ အဖွဲ့ဝင်တွေက NUG ထဲမှာလည်း အဖွဲ့ဝင်အနေနဲ့ ၄ ဦး စေလွှတ်ထားတယ်။ သူတို့ကတော့ ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေအဖြစ် တာဝန်ထမ်းဆောင်နေတာ ရှိတယ်။ ဒါ့အပြင် နိုင်ငံရေးအရ ဆွေးနွေးဖို့၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွေကို ညှိနှိုင်းဖို့အတွက် ကျနော်တို့ အဖွဲ့ဝင် ၃ ဦး NUCC မှာ ပါဝင်နေတာ ရှိတယ်။ ကျနော်တို့ကတော့ Bottom Up Federalism Approve ဆိုတော့ ပြည်နယ်တွေ အားကောင်းရေး ပြင်ဆင်ထားတာပေါ့။ အဲဒီအတွက် ပြင်ဆင်ထားတယ်။ ပြည်ထောင်စုအအဆင့်မှာလည်း ကျနော်တို့အချင်းချင်းကြားထဲမှာ သဘောတူညီချက်တွေ ရထားပြီပေါ့။ အဓိကကတော့ ကျနော်တို့ဆီမှာ Document တွေရှိပြီးသားပဲ။ ရေးရမယ့် အချက်အလက်တွေ၊ ထည့်သွင်းရမယ့် အချက်အလက်တွေ Constitution ထဲမှာ။ ဒါပေမဲ့ ဒါကို ကျနော်တို့ စပြီး သဘောတူ ရေးဆွဲဖို့ပေါ့။ အခုကတော့ People Assembly ဆိုတာကို ၄ ၊ ၅ ၊ ၆ မှာ လုပ်မှာဖြစ်တယ်။ ၄၊ ၅၊ ၆ ပြီးတာနဲ့ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံကို ကျနော်တို့ စတင်ရေးဆွဲမှာ ဖြစ်တယ်။ ဒါပေမဲ့ တခု ပြဋ္ဌာန်းထားတာရှိတယ်။ ကျနော်တို့ ချာတာမှာ တခု ပြဋ္ဌာန်းထားတာ ရှိတယ်။ ပြည်နယ်တွေရဲ့ ဖွဲ့စည်းပုံမူကတော့ ပြည်နယ်တွေမှာ လွတ်လပ်စွာ ရေးဆွဲပိုင်ခွင့်ရှိတယ်ဆိုတာ ရှိတယ်။ ဒါကြောင့်မို့ ကျနော်တို့ ကရင်နီ တင်မကဘူး၊ တခြားပြည်နယ်တွေမှာလည်း တော်လှန်ရေးကာလသောလည်းကောင်း၊ အနာဂတ်ဖွဲ့စည်းပုံ ပြင်ဆင်နေတာ ရှိတယ်။ လောလောဆယ် Revolution Period ပေါ့နော်၊ ကြားကာလလို့လည်း သုံးတယ်၊ တော်လှန်ရေးကာလလို့လည်း သုံးတယ်။ အခုဆိုရင် ချင်းကလည်း ချင်းလန်းကောင်စီ ချင်းလန်းအစိုးရပေါ့၊ ချင်းလွှတ်တော်ဆိုပြီး သူတို့ ဖွဲ့စည်းထားပြီး ဖြစ်တယ်။ မကြာခင်မှာလည်း ကော်သူးလေ တို့၊ ကေအန်ယူ တို့ရဲ့ အုပ်ချုပ်ရေးကောင်စီတို့၊ အတိုင်ပင်ခံကောင်စီတို့ ထွက်လာဖို့ ရှိတယ်။ အခု စစ်ကိုင်း၊ မကွေးမှာလည်း ဒီလိုမျိုး အတိုင်ပင်ခံကောင်စီတို့ ဆိုတာ ထွက်လာပြီ။ ဒါကတော့ အသီးသီး ထွက်လာကြလိမ့်မယ်။ ပြင်ဆင်နေတာပဲပေါ့။”

မေး - နောက်တခုက ကြားကာလအစီအမံမှာ စီးပွားရေးကဏ္ဍပေါ့၊ ကရင်နီမှာ ထိုင်းဘက်ကိုပဲ အသုံးပြုမယ်ဆိုတာမျိုး ကြားရတယ်။ အဲဒီလို စီးပွားရေးအစီအမံတွေ ဘယ်လိုမျိုးတွေ ရှိလဲ။

ဖြေ - “ဒါကတော့ အသေးအမွှား ကုန်သွယ်ကူးသန်း ရောင်းဝယ်မှုတွေ ရှိတယ်။ ဒါကို Legally ဖြစ်အောင် လုပ်ဖို့ လိုတယ်။ ကျနော်တို့ တစုံလုံး KSCC အပါအဝင် IEC၊ KISP အကုန်လုံး အပါအဝင် အသိအမှတ်ပြုမှုနဲ့ တရားဝင်ဖြစ်အောင် ကျနော်တို့ ကြိုးပမ်းနေတယ်။ ဒါကြောင့်မို့ ကျနော်တို့က တခြားသော Stakeholder တွေနဲ့ ကရင်နီပြည်တွင်း ပြည်ပပေါ့၊ ဒါတွေကို ကျနော်တို့ Political Dialogue လုပ်နေတာ ဖြစ်တယ်။ အသိအမှတ်ပြုဖို့ လိုတယ်၊ ထောက်ခံဖို့ လိုတယ်။ ဒီကနေတဆင့် နိုင်ငံတကာကနေ ထောက်ခံမှုရှိအောင် ကျနော်တို့ ကြိုးပမ်းဖို့ လိုတယ်။ အဲဒီလို ရှိလာရင် အခုရှိထားတဲ့ အခွင့်အလမ်းက တရားဝင်မှုရှိလာရင် ဒီထက်ပိုပိုပြီး နယ်စပ်ကုန်သွယ် ရေးတွေသော်လည်းကောင်းပေါ့ ကျယ်ကျယ်ပြန့်ပြန့် တရားဝင်လုပ်လာနိုင်မယ်။ အခုကတော့ လုပ်တယ်ဆိုတာက အသေးစားလောက်ပဲ ရှိပါလိမ့်မယ်။ ဒါပေမဲ့ ကျနော်တို့ တကယ်တမ်း ကိုယ့်လက် ကိုယ့်ခြေနဲ့ ပြည်နယ်ကို ရုန်းမယ်ဆိုရင် ကိုယ်ပိုင်စီးပွားရေး၊ ကိုယ်ပိုင်ဝင်ငွေ ဘဏ္ဍာရေး ရှိရမယ်ဆိုတာ ကျနော်တို့ နားလည်တယ်။ ဒီအတွက်ကတော့ စဉ်းစားနေတာ ရှိတယ်။ ကျနော်တို့ ကရင်နီက သယံဇာတကတော့ ပေါတယ်။ ဒါပေမဲ့ ဒီနေ့အချိန်မှာ သယံဇာတကို ထိန်းသိမ်းထားဖို့ ကျနော်တို့အားလုံး သဘောထားကျထားတယ်။ တခြားနည်းလမ်းတွေနဲ့ ဝင်ငွေ ဘယ်လိုရအောင် လုပ်မလဲဆိုတာ ကျနော်တို့စဉ်းစားနေတာရှိတယ်။ ”

မေး - မြောက်ပိုင်းက လက်နက်ကိုင်အဖွဲ့တချို့တွေမှာ ဆိုရင်လည်း သူတို့ထိန်းချုပ်နယ်မြေတွေမှာ National ID လိုမျိုး ကောက်ခံချင်တာမျိုး ရှိတယ်။ ကရင်နီကော အဲဒီလို အစီအစဉ်မျိုး ရှိလား။

ဖြေ - “အဲဒါက ကျနော်တို့ ပြည်ထဲရေးဌာနအောက်မှာ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနဆိုတာ ဖွဲ့စည်းထားပြီး ဖြစ်တယ်။ အဲဒီအတွက်ကြောင့် သန်းခေါင်စာရင်းကောက်ယူမှုတွေ၊ ပြည်နယ်သား စိစစ်ရေးလုပ်ငန်းတွေ ကျနော်တို့ လုပ်မှာဖြစ်တယ်။ ဒါကတော့ တိုးတက်လာတဲ့ ကျနော်တို့ရဲ့ ထိန်းချုပ်မှုအားပေါ် မူတည်ပြီးတော့ နောက်တဆင့် တိုးရမှာတွေ ဖြစ်တယ်။ ချက်ချင်းကြီးကတော့ ပြည်နယ်သားပေါ့။ ကျနော်တို့ရဲ့ Constitution တွေမှာလည်း ရေးထားပြီးသား ဖြစ်တယ်။ ဒီထဲမှာ State Citizenship ဆိုတာ ထည့်ရေးထားတယ်။ အဲဒီသဘော တရားက ပြည်နယ်သား ဖြစ်ရင် အလိုအလျောက် နိုင်ငံသားဖြစ်တဲ့ ဥပဒေပြဋ္ဌာန်းဖို့  ရေးဆွဲထားတာ ရှိတယ်။ တကယ့်တကယ် ဖက်ဒရယ်ကို လေ့လာတဲ့အခါမှာ ဖက်ဒရယ်မော်ဒယ်တွေ အများကြီး ရှိတယ်လေ။ တချို့ကတော့ ပြောကြတယ်။ နိုင်ငံသားနဲ့ပတ်သက်ရင် ပြည်ထောင်စုအစိုးရမှာပဲ အာဏာရှိတယ်လို့ ပြောတယ်။ သို့သော်လည်းပဲ ဒီကနေ့ ဖက်ဒရယ်ကို ကျင့်သုံးတဲ့ နိုင်ငံတွေမှာ ဒီထက် အာဏာခွဲဝေမှုစနစ်မှာ အများကြီး ပြောင်းလဲ၊ အများကြီး မော်ဒယ်ဖြစ်လာဖို့ လိုတယ်။ အရင်တုန်းကတော့ ဖက်ဒရယ်လို့ ပြောလိုက်ရင် ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုရင် ဖက်ဒရယ်ကို သွား၊ ငွေရေးကြေးရေး ဆိုရင် ဖက်ဒရယ်ကို သွား၊ နိုင်ငံတကာဆက်ဆံရေး ဆိုရင် ဖက်ဒရယ်ကိုသွား၊ နိုင်ငံသားအခွင့်အရေး ဆိုရင် ဖက်ဒရယ်ကိုသွား။ မဟုတ်ဘူး ဒီကနေ့က နိုင်ငံတကာဆက်ဆံရေး ဆိုရင်လည်း Para Diplomacy ဆိုတဲ့ နည်းစနစ်တွေ ရှိတယ်။ နိုင်ငံသား ဆိုရင်လည်း State Citizenship တွေ ရှိတယ်။ ဘာကြောင့် State Citizenship ကို ပြောရလဲဆိုရင် ဒီကနေ့ အားလုံးက ဖက်ဒရယ်မှာပဲ ပေးလိုက်တယ်ဆိုရင် လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေကို ကြည့်ပေါ့။ တချို့ တိုင်းနဲ့ ပြည်နယ်၊ မြို့တွေမှာဆိုရင် ဗမာစကားတောင် မတတ်ဘဲ မှတ်ပုံတင်တွေ ကိုင်ထားကြတယ်။ ဒါပေမဲ့ ကျနော်တို့ တိုင်းရင်းသား ပြည်နယ်တွေရဲ့ ကျေးရွာတွေမှာ မှတ်ပုံတင်မရှိတဲ့သူတွေ အများကြီး။ ဒါကတော့ စိစစ်တဲ့ နေရာမှာ တကယ့်တကယ် လက်တွေ့မကျဘူးပေါ့။ အဲဒီတော့ ဖက်ဒရယ်စနစ်မှာ အာဏာခွဲဝေတဲ့အခါမှာ Division of competency လုပ်တဲ့အခါမှာ What subject matter should go to the state or federal union ဆိုတာ ရှိတယ်။ တကယ့် လက်တွေ့ကျကျ ဘယ်အကြောင်းအရာတွေက ပြည်နယ်ကို သွားသင့်လဲ၊ ဘယ်အကြောင်း အရာတွေက ပြည်ထောင်စုကို သွားချင်လဲ ဆိုတာ ကျနော်တို့  သေသေချာချာ လေ့လာဖို့ လိုတယ်။ တကယ်တမ်း Effective ဖြစ်တာတွေက ပြည်နယ်ကို ပေးရမှာ ဖြစ်တယ်။ ဒါကြောင့် Citizenship ကိုလည်း ကျနော်တို့ ပြည်နယ်က ယူထားရမယ်ဆိုတာ ရှိထားပြီးသား။”

မေး - ပြည်နယ်ရဲ့ မှတ်ပုံတင် Citizenship ကို ဘယ်လိုပဲဖြစ်ဖြစ် အကောင်အထည်ဖော်ဖို့ အစီအစဉ်ရှိပြီးသားပေါ့။ တဖက်မှာလည်း ကရင်နီက Structure တော်တော်များများက ကျထားပြီးတယ်လို့ ပြောရမှာပေါ့။ အခုလို စတင်ဖွဲ့စည်းနေတဲ့ကာလမှာ တဖက်မှာလည်း NUG ကလည်း ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ အစီအမံ ရေးဆွဲ ထုတ်ပြန်ထားတာလည်း ရှိတယ်။ အဲဒီအစီအမံမှာ ကရင်နီရဲ့ အခု သွားနေတဲ့လမ်းနဲ့ ကိုက်ညီမှုရှိလား၊ ဘယ်လို ကွဲလွဲမှုတွေ ရှိလဲ။

ဖြေ - “အဲဒါကတော့ ပြည်ထောင်စုနဲ့ ပြည်နယ်နဲ့ကြားမှာ အာဏာခွဲဝေမှုကို ညှိရမယ်။ ပြည်ထောင်စုနဲ့ ပြည်နယ်ကြားထဲမှာ အပြန်အလှန် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ရေးယန္တရားကို တည်ဆောက်ရမယ်။ တကယ့်တကယ် ကျနော် သွားချင်တဲ့ ဖက်ဒရယ်၊ ဖက်ဒရယ်ကနေ ကျနော်တို့ကို ခွဲဝေပေးတဲ့ အာဏာ၊ ဖက်ဒရယ်ကနေ လွှမ်းမိုးနေတဲ့ စနစ်ကို ကျနော်တို့ လိုချင်တာ မဟုတ်ဘူး။ ပြည်နယ်နဲ့ ပြည်ထောင်စုကြားမှာ အာဏာခွဲဝေရေးက အဓိကပဲ။ အာဏာခွဲဝေမှုက သူ ဘာလုပ်ရမလဲ၊ ကိုယ် ဘာလုပ်ရမလဲ ဆိုတာ သိတယ်။ သူနဲ့ ကိုယ်နဲ့ ဘယ်လို ချိတ်ဆက်ရမလဲ။ ဒီလောက်ပဲ။ တကယ့်တကယ် ဖက်ဒရယ်အစစ်ကို သွားမယ်ဆိုရင်လေ။ ဒါကြောင့်မို့ ချာတာ အစိတ်အပိုင်း ၁ မှာလည်း  ကျနော်တို့ သေချာရှင်းထားတယ်။ နောင်လာမယ့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုမှာ ပြည်နယ်ရဲ့ အကြီးအကဲတွေဟာ ပြည်ထောင်စုဝန်ကြီးတွေထက် အင်္ဂါစဉ် ကြီးတယ်ဆိုတာ ဖော်ပြထားတယ်။ ဒါ အားလုံး သဘောတူထားပြီးသား ဖြစ်တယ်။ အခုလည်း ပြည်နယ်တွေက ရေးဆွဲထားတယ်၊ ပြည်ထောင်စုကရေးဆွဲထားတယ်။ နောက်ပိုင်းမှာ အာဏာခွဲဝေမှုကို ညှိရမယ်ပေါ့။ အဲဒီလောက်ပါပဲ။”

မေး - ကရင်နီပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ  State constitution ကကော အခု စရေးဆွဲနေပြီလား။

ဖြေ - “လက်ရှိကတော့ တော်လှန်ရေးကြားကာလ ဖြစ်တယ်။ ဒါပြီးရင် အသွင်ကူးပြောင်းရေးကာလ။ နောက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ကာလပေါ့။ အခု ကျနော်တို့ လက်ထဲမှာ၊ KSCC လက်ထဲမှာ ဒီနေ့ တော်လှန်ရေးကာလ ကြားကာလအစီအမံကို အခြေခံထားတယ်။ အခု Post revolution transitional period အတွက်ကကျတော့ ကြားကာလဖွဲ့စည်းပုံ Transitional constitution ဆိုတာ အခု စရေးနေပြီ။ အနာဂတ်အတွက် Permanent constitution အတွက်ကျတော့ Fourth Draft ဆိုတာ ရှိပြီ။ စတုတ္ထမူကြမ်းပေါ့။ ကျနော်တို့ကတော့ ပြည်နယ်အတွက်ကတော့ အဆင်သင့်ပဲ။ ဒီတာဝန်တွေကို KSCC က ယူထားတယ်။”

မေး - တဖက်မှာ တော်လှန်ရေးထဲမှာ မပါဝင်လာတဲ့ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီလိုမျိုး အဲဒီလိုမျိုး ပါတီတွေ အတွက်ကော ပါဝင်လာနိုင်အောင် ဘယ်လိုမျိုး အစီအမံတွေ ချထားတာရှိလဲ။

ဖြေ - “ကျနော်တို့ကတော့ အားလုံး ပါဝင်နိုင်ရေးကို ဖိတ်ခေါ်နေတာပဲ။ ကျနော်တို့ သွားချင်တဲ့ နိုင်ငံရေးလမ်းစဉ်နဲ့ အခြေခံမူတွေကို ကြည့်ပြီး သူတို့အနေနဲ့ ပါဝင်နိုင်တယ်ဆိုရင် အချိန်မရွေး ပါဝင်နိုင်တယ်။ သို့မဟုတ်ဘဲ ကျနော်တို့နဲ့ ဆန့်ကျင်ပြီး စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ရေး လမ်းစဉ်ဆိုရင်တော့ ကျနော်တို့နဲ့ ပါဝင်ဖို့ ခက်တာပေါ့။ ဒါကတော့ သူတို့ပါတီရဲ့ အဆုံးအဖြတ်ပေါ် အများကြီး မူတည်တာပေါ့။”

မေး - ကရင်နီပြည်နယ်မှာ လူထု၊ အများအားဖြင့် အခု စစ်ရှောင်တွေ ဖြစ်နေရတယ်ပေါ့။ သူတို့အတွက် မျော်လင့်ချက်က ဘာလဲ။ သူတို့အတွက် ကောင်းလာမယ့် အခြေအနေ ဘယ်လိုသတင်းစကားပါးချင်ပါသလဲ။

ဖြေ - “အခုက ကရင်နီပြည်နယ် ပြန်လည်အေးချမ်းသာယာပြီး လူ့ဘောင်သစ်တရပ် တည်ဆောက်ရေး နိုင်ငံရေးရည်မှန်းချက်တရပ် ကျနော်တို့ ကောင်းကောင်းချထားတယ်။ လောလောဆယ် ပထမအဆင့်အနေနဲ့ စစ်အာဏာရှင်နဲ့ အာဏာချင်ဟူသမျှ ချုပ်ငြိမ်းရေးကို ကျနော်တို့ အကောင်အထည်ဖော်နေတာ ဖြစ်တယ်။ စစ်အာဏာရှင် ချုပ်ငြိမ်းပြီးတာနဲ့ ကျနော်တို့ ပြည်နယ်ထဲမှာ စစ်ကောင်စီတပ်တွေ ရှင်းသွားတာနဲ့ ပြည်သူလူထုတွေရဲ့ လုံခြုံရေးနဲ့ ဝန်ဆောင်မှု လိုအပ်ချက်တွေကို ပိုပြီးလုပ်နိုင်မယ်ဆိုတာ မျှော်လင့်ထားတယ်။ လုပ်ဖို့လည်း ကျနော်တို့ ကြိုးပမ်းပြီးတော့ နိုင်ငံတကာ ဆက်ဆံရေးတွေ၊ နိုင်ငံတကာ အလှူရှင်တွေ အဖွဲ့အစည်းတွေနဲ့ ဆက်စပ် ဆောင်ရွက်နေတာ ရှိတယ်။ အခုဆိုရင် ပြည်နယ်ရဲ့  State development plan ကို ကောင်းကောင်း စဉ်းစားနေတာ ရှိတယ်။ အကောင်အထည်ဖော်ဖို့ တာဝန်ယူဖို့အတွက် ဌာနဆိုင်ရာအလိုက် အသီးသီး ချမှတ်ထားတာတွေ ရှိတယ်။ ကိုယ့်ပြည်နယ်ထဲမှာ ဦးစီးလုပ်တာရှိသလို တခြားပြည်နယ်တွေနဲ့ ညှိနှိုင်းလုပ်တာတွေ ရှိမယ်။ နောက် NUG နဲ့လည်း ပူးပေါင်းဆောင်ရွက်တာတွေ ရှိမယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ နည်းပညာအရ ထောက်ပံ့ပေးတာတွေလည်း ရှိတယ်။ ဒါတွေက အနာဂတ်အတွက် ပြင်ဆင်မှုတွေ ရှိပါတယ်။”

“နောက်တခုက ကျနော်တို့က လက်နက်ကိုင်ပြီးမှ နိုင်ငံရေးကို ဖြေရှင်းနေရသလဲဆိုတော့ အားလုံး သိကြပြီး ဖြစ်တယ်။ နှစ် ၇၀ ကျော် လုပ်ခဲ့ကြတာ ဖြစ်တယ်။ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဒီ ၃ နှစ်အတွင်းမှာ လူငယ်လူရွယ် အနာဂတ်ခေါင်းဆောင်တွေက ၄၀၀ နဲ့ ၄၀၀ ကျော်၊ တချို့ ဖော်ပြတာတွေက ၅၀၀ ကျော်သွားပြီလို့ ဖော်ပြတာလည်း ရှိပါတယ်။ ပေးဆပ်ခဲ့ရပြီး ဖြစ်တယ်။ အဲဒီအတွက်ကြောင့် တော်လှန်ရေးကို ဒီနေ့အချိန်အခါမှာ အဆုံးသတ်တိုက်ပွဲ ဖြစ်ဖို့ လိုတယ်။ မြန်မြန်ဆန်ဆန် လုပ်ဖို့ လိုတယ်။ လုပ်ဖို့လိုတဲ့အတွက် ပြည်သူလူထုကတော့ လောလောဆယ် အကျပ်အတည်းနဲ့ ဒုက္ခရောက်နေမှာ ဖြစ်တယ်။ နေရိပ်ကို လိုချင်လို့ နေပူကို ဖြတ်ရတဲ့ သဘောပါပဲ။ အဲဒီအတွက် ပြည်သူလူထုက သည်းခံပေးဖို့ လိုတယ်။ ဒီနေ့ ကျနော်တို့ရဲ့ လူထုဘဝက အဖိနှိပ်ခံ ဖြစ်နေတယ်။ မအေးချမ်းဘူး ဆိုတာက နိုင်ငံရေးနဲ့ အများကြီး သက်ဆိုင်တယ်။ ကျနော်တို့ အများကြီးပြင်ဆင်ထားပါတယ်။ ကျနော်တို့ကတော့ တော်လှန်ရေးအလွန်ကာလမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ အများကြီး သေချာပြင်ဆင်ထားတယ်လို့ပဲ ပြောချင်ပါတယ်။ ပြည်သူလူထုကတော့ အများကြီး တောင့်ခံပေးဖို့တော့ လိုတာပေါ့။ ကျနော်တို့နဲ့ အတူ ရပ်တည်ပေးဖို့လည်း လိုတယ်။”

 ဟုတ်ကဲ့ပါ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024