Home
မြန်မာသတင်း
မြန်မာနိုင်ငံအနှံ့ အပူဒဏ် ပြင်းထန်စွာခံစားနေရ
DVB
·
April 25, 2024

မြန်မာနိုင်ငံ ဒေသအနှံ့မှာ ဧပြီလ နောက်ဆုံးအပတ်ထဲ နေ့အပူချိန်တွေ မြင့်တက်ပြီး အပူဒဏ်ကို ပြင်းထန်စွာ ခံစားနေကြရကာ သက်ကြီးရွယ်အိုတွေ မူးလဲတာ၊ ကလေးတွေမှာ ခန္ဓာကိုယ်ယားယံတာတွေ ဖြစ်နေတယ်လို့ သိရပါတယ်။ 

ဧပြီ ပထမပတ်ကတည်းက ပူပြင်းနေတဲ့ အပူချိန်တွေက ဧပြီ နောက်ဆုံးပတ်အချိန်ထိ နိုင်ငံရဲ့  နေရာအနှံ့မှာ ပြင်းထန်တဲ့ နေ့အပူချိန်တွေကို ဆက်လက်ခံစားနေရမှာဖြစ်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။

ဧပြီ နောက်ဆုံးပတ် ၂၀ ရက်နောက်ပိုင်းမှာလည်း နေ့အပူအချိန်တွေက ဆက်လက် ပြင်းထန်နေလို့ ကလေးငယ်တွေမှာ အပူဖု (မိတ်ဖုတွေ)ပေါက်တာ၊ သက်ကြီးရွယ်အိုတွေမှာလည်း ရေဓာတ်ခမ်းခြောက်တာ မူးလဲတာ စတာတွေကြုံနေရတယ်လို့ သိရပါတယ်။

ကမ္ဘာ့နေ့အပူချိန်အမြင့်ဆုံးဒေသတွေထဲက တခုဖြစ်တဲ့ မကွေးတိုင်းထဲမှာလည်း ဧပြီလက အပူချိန်အပြင်းဆုံး ခံစားရမှာဖြစ်ပြီး ပျမ်းမျှအပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ရှိနေမှာဖြစ်တယ်လို့ သိရပါတယ်။

ဒေသခံတဦးက “ရေနံချောင်းရဲ့ အပူချိန်က ဒီနေ့ ၄၁ လို့သာပြောတာ ၄၄ လောက်ခံစားရတယ်။ ခန္ဓာကိုယ်တွေလည်း ယားချင်နေတယ်။ ကလေးတွေကတော့ သနပ်ခါးထူထူလိမ်းပြီးတော့ အိမ်ထဲမှာနေတယ်ဆိုရင်လည်း အဝတ်တွေကို တံခါးပေါက်တွေမှာ ရေစွတ်ပြီး ကာထားရတယ်။ အဲဒါမှ လေတိုက်တဲ့အခါ ဒီဘက်ကို လေအေးလေးတွေ ဝင်မှာလေ။ ပူတဲ့အခါကျတော့ ယားတယ်။ မိတ်ဖုသေးသေးလေးတွေ ထွက်ချင်တယ်။ အပူချိန်များတဲ့ အခါကျတော့ ရေများများ သောက်ရတယ်။ အစားမှားတဲ့အခါကျရင် ဝမ်းတွေသွားချင်တယ်။ လူကြီးတွေဆို အစားနည်းနည်းမှားလိုက်တာနဲ့ ဝမ်းတွေသွားတာ။ ပူတာကိုး ပူတော့ အစားအသောက်တွေကလည်း အခုချက်ထား ခဏနေ စားမရတော့ဘူး” လို့ ပြောပါတယ်။ 

မကွေးတိုင်း ရေနံချောင်းမြို့မှာတော့ ဧပြီ ၂၅ ရက်မှာ နေ့အပူချိန်က ၄၁ ဒီဂရီစင်တီဂရိတ် ရှိပြီး လာမယ့် ဧပြီ ၂၇၊ ၂၈ ရက်တွေမှာတော့ ၄၃ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက်နေဦးမယ်လို့ ခန့်မှန်း ထားပါတယ်။

အပူချိန်အပြင်းထန်ဆုံး မြို့တွေထဲက တခုဖြစ်တဲ့ ရန်ကုန်မှာလည်း နေ့အပူချိန်တွေ ပြင်းထန်နေသလို လျှပ်စစ်မီးပြတ်ချိန်တွေ ပိုများနေတဲ့အတွက် မြို့ပြနေလူထုအနေနဲ့ကလည်း အပူချိန်ကို သိသိသာသာ ခံစားနေကြရပါတယ်။

ရန်ကုန်မြို့ခံတဦးက “ကျနော်တို့ လေးလပိုင်း ဧပြီ တရက်နေ့ကနေစပြီးတော့  နေ့အပူချိန်က သိသိသာသာကို တိုးလာတော့ ရန်ကုန် မြို့ပြက အပူဒဏ်ကို ပိုခံစားရတာပေါ့။ နေအရမ်းပူပြီး နယ်တွေလို သစ်ရိပ်ဝါးရိပ် နည်းတဲ့အပြင်လျှပ်စစ်မီးက ခဏခဏပျက်နေတော့အပူဒဏ်ကို နယ်လူတန်းစားထက် မြို့ပြလူတန်းစားက ပိုခံစားရတာပေါ့။ အရင်လို မီးက ၉ နာရီလာတယ်၊  ၁ နာရီပျက်တယ်၊ ၅ နာရီပြန်လာတယ်စသဖြင့် အဲဒီလို သတ်မှတ်ထားတဲ့အချိန်မဟုတ်တော့ဘဲ လာချင်တဲ့အချိန်လာတယ်၊ ပျက်ချင်တဲ့အချိန်က ပိုပြီးတော့ များနေတဲ့အတွက်ကြောင့်မို့လို့ သက်ကြီးရွယ်အိုတွေ နဲ့ ကလေးသူငယ်တွေအတွက်ကျန်းမာရေးက ပိုပြီးစိုးရိမ်ရတယ်။ ခန္ဓာကိုယ်အပူချိန် လွန်ကဲတာတွေ heat stroke ဖြစ်မှာတွေ ဦးနှောက်သွေးကြောပြတ်မှာတွေက ကလေးသူငယ်တွေနဲ့ လူကြီးတွေအတွက် ကျန်းမာရေးက တော်တော်လေးကို စိုးရိမ်ရတယ်။ ဒီကြားထဲ မီးက ခဏခဏပျက်တော့ သောက်ရေသုံးရေကလည်း အခက်အခဲ တွေ့လာရတယ်”လို့ ပြောပါတယ်။

ရန်ကုန်ရဲ့ ပျမ်းမျှနေ့အပူချိန်က ၄၀ ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး မတ်၊ ဧပြီ၊  မေလတို့က နေ့အပူချိန်အပြင်းဆုံး ဖြစ်တယ်လို့ မိုးလေဝသခန့်မှန်းချက်တွေအရ သိရပါတယ်။

ပျမ်းမျှအပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်ရှိတဲ့ မွန်ပြည်နယ်မှာလည်း ဧပြီလက အပူဆုံးဖြစ်မယ်လို့ ဖော်ပြထားပါတယ်။ 

မွန်ပြည်နယ် ကျိုက်ထိုမြို့မှာ ဧပြီ ၂၅ ရက်က နေ့အပူချိန်က ၃၆ ဒီဂရီစင်တီဂရိတ်ရှိနေပြီး ကျေးရွာတချို့မှာ လျှပ်စစ်မီး ဖြတ်တောက်ခံထားရလို့ နေ့အပူချိန်ကို ပြင်းထန်စွာ ခံစားနေရတယ်လို့လည်း ဒေသခံတဦးက ပြောပါတယ်။

“မွန်ပြည်နယ်မှာတော့ အခုရက်ပိုင်း ၃၅ /၃၆/၃၇ အာ့လောက်ရှိတယ်။ ဒါပေမဲ့ ပူတဲ့အပူထက်ကို တအားပူတယ်။ နေရလည်း အရမ်းခက်တယ်။ လျှပ်စစ်မီးတွေကလည်း ဖြတ်ထားတာ။ ဒီဘက်ကရွာ တော်တော်များများက ၂၀ ရက်လောက်ကတည်းက မီတာခမဆောင်လို့ဆိုပြီး ဖြတ်ထားတာ မီးလည်း မလာဘူး။ ဘာမှလည်း လုပ်လို့ မရဘူး။ ပန်ကာတွေလည်းဖွင့်မရတော့ နေရတာ အဆင်မပြေဘူး၊ နေ့ခင်းနေ့လယ်ဆို အပူသက်သာအောင် သစ်ပင်ရိပ်မှာ နေတယ်။ နေလည်း သစ်ပင်တွေက အရွက်တွေကြွေတဲ့အချိန်ရယ် လေကလည်း မတိုက်တော့ နေရတော်တော်ခက်တယ်။ ဒီတိုင်း ဘာမှမလုပ်ဘဲ နေရင်းနဲ့ ချွေးကထွက်နေတာ လူကြီးတွေဆို မူးလဲတာ တွေဖြစ်တယ်။ ကလေးတွေဆို နေရခက်ပြီး မိတ်တွေလည်းပေါက်ကြတယ်။”

မြန်မာနိုင်ငံမှာ  ဧပြီလက အပူရှိန်အပြင်းဆုံးကာလ ဖြစ်လာနိုင်ပြီး လာမယ့် ဧပြီ ၂၇ နဲ့ ၂၈ ရက်တွေမှာ နေ့အပူချိန် အပြင်ထန်ဆုံးဖြစ်နိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းပြောဆိုထားပါတယ်။

နေ့အပူချိန်  ၃၂ ကနေ ၄၁ ဒီဂရီစင်တီဂရိတ်ထိက အထူးသတိပြုရမှာဖြစ်ပြီး အပူချိန်  ၄၁ ဒီဂရီစင်တီဂရိတ်ကျော် လွန်ရင်တော့ အန္တရာယ်ရှိတဲ့  အဆင့်ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ထားပါတယ်။ 

ပြင်းထန်တဲ့ အပူဒဏ်ကို ထိတွေ့တာကြောင့် ကျန်းမာရေးထိခိုက်နိုင်တဲ့ အခြေအနေတွေနဲ့ ဆောင်ရန် ရှောင်ရန်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဌာနကလည်း အများပြည်သူတွေအတွက် ထုတ်ပြန်ထားပါတယ်။

ဝေဝေ

PHOTO-NUG

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024