Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၂ ဦးကို စစ်ကောင်စီ ရေတပ်ပစ်ခတ်
DVB
·
April 22, 2024

ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၂ ယောက်ကို မြန်မာစစ်ကောင်စီရေတပ်က ဧပြီ ၂၁ ရက်မှာ ပစ်ခတ်ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် BSS သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

ဘင်္ဂလားပင်လယ်အော်ကို ငါးဖမ်းထွက်ရာကနေအပြန် ကော့ဘဇားခရိုင်၊ တက်ခ်နတ်ဖ် ဟူပါဟီလာဒေသအနီးမှာ မနက် ၁၀ နာရီလောက်က ပစ်ခတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

စစ်ကောင်စီရေတပ်က ပစ်ခတ်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေကတော့ အသက် ၂၀ အရွယ် မိုဟာမက် အစ္စမေးလ်နဲ့  နဲ့ ၂၅ နှစ်အရွယ် မိုဟာမက် ဖာရွတ်ခ်တို့ ဖြစ်ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ သူတို့ ၂ ယောက်ထဲက တယောက်ကို တက်ခ်နတ်ဖ်မှာ ဆေးဝါး ကုသပေးနေပြီး နောက်တယောက်ကတော့ ဒဏ်ရာပြင်းထန်တဲ့အတွက် ကော့ဘဇား ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ ဆိုပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်မှာတော့ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

စစ်ရေးပဋိပက္ခတွေ အရှိန်မြင့်လာတာကြောင့် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း ကော့ဘဇားခရိုင်ထဲကို အခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းက စတင်ပြီးတော့ ထွက်ပြေးလာနေခဲ့ကြသလို ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း ထပ်မံပြီးတော့ ထွက်ပြေးနေတာတွေလည်း ရှိနေပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသမှာတော့ မြန်မာနိုင်ငံဘက်ကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁ ဒသမ ၂ သန်းနီးပါးကို လက်ခံခိုလှုံခွင့် ပေးထားတာပါ။

လတ်တလောမှာတော့ နယ်စပ်တလျှောက် တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ခြမ်းကို လက်နက်ကြီးနဲ့ ကျည်တွေ ကျရောက်ခဲ့ပြီး ကျည်ထိမှန်ထိခိုက်တာမျိုးတွေ ရှိခဲ့သလို ဘင်္ဂလားဒေ့ရှ် တပ်ဖွဲ့ဝင်တွေကိုလည်း နယ်စပ်မှာ ဖြန့်ကြက်တပ်စွဲထားဖို့ တပ်လှန့်ထားတာတွေလည်း ရှိနေပါတယ်။

Source:BSS

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024