Home
ဆောင်းပါး
ကိုယ် မကြိုက်တာ မလုပ်ရ
DVB
·
April 22, 2024

ဘုရားမကြိုက်၊ ဒုစရိုက်လမ်း

မလိုက်စေလို၊ အများကိုလျှင်

ကိုယ်တိုင်ပင် မိုက်၊ ဒုစရိုက် အား

သွယ်ဝိုက် တိုက်ရိုက် မလုပ်သင့်။ ။

ယနေ့ခေတ် မြန်မာ့ကပ်ဆိုးဟာ သဘာဝကပ်ဆိုးအပြင် လူဖန်တီးတဲ့ ကပ်ဆိုးနဲ့အတူ အဆိုးဆုံး ဘဝမှာ ချုံးချုံးကျခဲ့ရပါတယ်။ ဒီလိုအခြေအနေတွေ ကြုံတွေ့ခဲ့ကြရတာပါ။ လူတချို့ရဲ့ တတ်သိပညာ ချို့တဲ့မှုကြောင့်သာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ အများစုနေထိုင်ရာ မြန်မာနိုင်ငံမှာ ဗုဒ္ဓစကားကို လေးစားလိုက်နာခြင်း မရှိကြသလို တခြားဘာသာဝင်တွေကလည်း ဆိုင်ရာ ဘာသာတရားရဲ့ ဆုံးမမှုကို မနာခံကြလို့သာ လောကအတွက် ပြဿနာပေါင်း သောင်းခြောက်ထောင်ကို တားမရ၊ ဆီးမရ၊ ထိန်းမနိုင်၊ သိမ်းမနိုင် ဖြစ်ခဲ့ကြရတာ ဖြစ်ပါတယ်။ ဒါတွေကို အနာဂတ်မှာ ဘယ်လိုဖြေရှင်း အဖြေရှာကြမလဲ။ ဒါဟာ အားလုံးမှာ တာဝန်ရှိနေပါတယ်။ တာဝန်သိကြဖို့လည်း အထူးတလည် လိုအပ်နေပါတယ်။ ခွေးကြီးမှ လက်ပေးသင်ရတာ အတော်ခက်တတ်တာမို့ အိုးထိန်းသည်ပမာ အနာဂတ်ကလေးတွေကို ငယ်စဉ်ကပဲ လူနှင့်ဆိုင်ရာ ကျင့်ဝတ်တွေကို ကောင်းစွာ သင်ကြားပေးကြရအောင်ပါ။ ကမ္ဘာ‌လောကကို ဘာသာတရားတွေ၊ ပညာတွေနဲ့သာ ထိန်းကျောင်းကြရမှာ ဖြစ်ပါတယ်။ ဘယ်လို သင်ကြားပေးကြမလဲ။ ကိုယ် မကြိုက်တာ သူတပါးကို မလုပ်ဖို့သာ သင်ကြားပေးကြရပါမယ်။ ဒါဟာ ခု ကြုံတွေ့နေကြရတဲ့ အိပ်မက်ဆိုးတွေ ပြန်မကြုံကြရဖို့ အင်မတန်ရိုးရှင်းတဲ့ လျှို့ဝှက်ချက်ပဲ ဖြစ်ပါတယ်။

ကိုယ့်ကို ဒီလိုထင်ရင် ကြိုက်လား

ကိုယ့်ကို ဒီလိုထင်ရင် ကြိုက်လား။ ကိုယ့်ကို ဒီလိုထင်တာ မကြိုက်ရင် သူတပါးကိုလည်း အလားတူ မတွေးသင့်ပါဘူး။ အထင်အမြင်သေးခြင်း၊ နှိမ့်ချခြင်း၊ ခိုးနိုး၊ ဝှက်နိုး ထင်ခြင်း စသဖြင့် တွေးထင်ခြင်းတွေဟာ အပြုသဘောဆောင်တဲ့ အကျိုးရလဒ်တွေကို ဦးမတည်‌စေနိုင်ပါဘူး။ ကောင်းကျိုးထက် ဆိုးကျိုးသာ ပိုစေနိုင်ပါတယ်။ ဥပမာတခုပြောရရင် အမျိုးသမီးတယောက်ဟာ ညစာအတွက် ၁၀၀ တန်တရွက်နဲ့ ဈေးဝယ်ထွက်လာပါတယ်။ ဒီတရွက်ဟာ ညနေမစောင်းခင်ကတည်းက အရေးတကြီး အရိပ်တကြည့်ကြည့် ရည်မှန်းထားခဲ့တဲ့ ညစာပါ။ အိမ်ကမထွက်ခင် တခေါက်ကြည့်ပါတယ်။ ၁၀၀ တန် ပါ မပါ။ 

ဆိုင်ရောက်တော့ ဟင်းထည့်နေတုန်း တခါ သေသေချာချာကြည့်ပြီး ဆိုင်ရှင်ရှေ့ အိုးပေါ် ချပေးလိုက်ပါတယ်။ ဟင်းထုပ်ချအပြီးမှာ အိုးပေါ်မှာ ၁၀၀ တန် မရှိတော့ပါဘူး။ ဆိုင်ရှင်က မပေးရသေးဘူး ငြင်းပါတယ်။ ဆိုင်ရှင်ဟာ သူ့ရဲ့ရှေ့က အိတ်ကပ်ထဲကို အကျင့်ပါစွာ ကောက်ထည့်လိုက်ပုံရပါတယ်။ ဒီကိစ္စဟာ တရာပဲရှိလို့ အရိပ်တကြည့်ကြည့် လုပ်ခဲ့ရသူအဖို့ အနီရောင် ၁၀၀ တန်လေး အိတ်ထဲက ပုံထုတ်ပြီး သူ့ရှေ့တင်လိုက်ပုံတွေက ဖျောက်မရပါဘူး။ ပြန်စစ်ဖို့ပြောတော့ ဆိုင်ရှင်က သူမှာ ၁၀၀ တန်တွေ အများကြီးပဲလို့ ပြောပါတယ်။ မှားစရာ လုံးဝမရှိသလို ယုံကြည်မှုအပြည့်နဲ့ ပြောတော့ မှန်ရင် ယူသွားလို့ မနေမနပ် အထက်စီးသံနဲ့ ဆိုင်ရှင်က ပြောပါတယ်။ မှန်တယ်၊ သေချာတယ်။ အမျိုးသမီးဟာ ဟင်းထုပ်ယူပြီး လှည့်လာခဲ့ပါတယ်။

သူဟာ အပြန်လမ်းတလျှောက် စိတ်မကောင်းကြီးစွာ ပြန်လာခဲ့သလို အိမ်အရောက်မှာ ဝမ်းနည်းကြီးစွာ ငိုချလိုက်ပါတယ်။ အဲဒီဟင်းလည်း စားချင်စိတ် မရှိ‌တော့ပါဘူး။ သေချာတာကတော့ ဆိုင်ရှင်ဟာ ဖောက်သည်တယောက် ဆုံးရှုံးခဲ့ရပါပြီ။ ဒါကြောင့် အထင်သေးခြင်း၊ ကြီးခြင်းတွေဟာ ကောင်းကျိုးထက် ဆိုးကျိုးရနိုင်တာ သတိချပ်ကြရပါမယ်။

ကိုယ့်ကို ဒီလိုပြောတာ ကြိုက်လား

ကိုယ့်ကို ဒီလိုပြောတာ ကြိုက်လား။ မကြိုက်ရင် သူတပါးကိုလည်း မပြောသင့်ပါဘူး။ သူတပါးကို နှိမ့်ချ‌သိမ်ဖျင်းသော စကား၊ ဂုဏ်သိက္ခာစော်ကားသော စကား၊ ကိုယ့်ကိုယ်ကိုယ် မြှောက်ပင့် တင်စီးလွန်းသော စကား အစရှိတဲ့ သူတပါးကြားရ နားဝ မသက်သာတဲ့ စကားတွေကို သူတပါးကို မပြောရပါဘူး။ သေရေး၊ ရှင်ရေး၊ အရေးတကြီး ဘေးတွေ့စရာ ကိစ္စရပ်များမှလွဲပြီး သူတပါးမကြိုက်တာ မပြောသင့်ပါဘူး။ ကိုယ့်ကို ဒီလိုပြောတာ ကြိုက်လား စိစစ်ပါ။ ကိုယ့်ကို ဒီလိုပြောတာ မကြိုက်ရင် သူတပါးကိုပြောလည်း ကြိုက်မှာမဟုတ်တာ နားလည် သဘောပေါက်သင့်ပါတယ်။ လိမ်လည်ခြင်း၊ မဟုတ်ကို အဟုတ်လုပ်ခြင်း၊ သတင်း အမှောင်ချခြင်း၊ မှိုင်းတိုက်ခြင်း၊ သွေးခွဲခြင်း စတာတွေဟာ ကိုယ်မကြိုက်နိုင်တာတွေမို့ သူတပါးကိုလည်း ဒီလိုမျိုး မလုပ်သင့်ပါဘူး။ ဒါတွေကို တတ်သိ နားလည်မယ့် ဉာဏ်ပညာကို ငယ်စဉ်ကပင် သင်ကြားပေးကြရပါမယ်။ ကိုယ့်ကိုပြောတာ မကြိုက်တာတွေကို သူတပါးကို ပြောခဲ့ကြပြီး တရားတဲ့သဘော ပြောနေကြရင်းကပဲ နိုင်ငံတခုလုံး စုံးစုံးမြုပ်မတတ် ကြုံတွေ့လာကြပြီ ဖြစ်ပါတယ်။

ကိုယ့်ကို ဒီလိုလုပ်ရင် ကြိုက်လား

ကိုယ့်ကို ဒီလိုလုပ်ရင် ကြိုက်လား။ ဒါဟာ အင်မတန် အရေးကြီးပါတယ်။ နိုင်ထက်စီးနင်း ဆက်ဆံတာ၊ အင်အားနဲ့ အနိုင်ကျင့်တာ၊ အခွင့်ထူးခံလိုတာ၊ အညွန့်အဖူး အဦးအဖျားကို ဘုန်းကံ ကျင့်ကြံ ထိုက်တန်သော တရား ပါရမီ သီလမရှိဘဲ လိုချင်တာ စတဲ့ လူလူချင်း သာလွန် မြင့်မြတ်ချင်လွန်းတာတွေဟာလည်း ကိုယ်ကျင့်သီလ မရှိသူအဖို့ အတော်ခွကျတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ ကိုယ့်ကို ဒီလို ပြုမူဆက်ဆံတာ မကြိုက်ရင် သူတပါးကိုလည်း ဒီလို အလားတူ မပြုမူ မဆက်သင့်ပါဘူး။ အမှန်တကယ် ဘုန်းကံ ကျင့်ကြံ တရားမှန် မရှိဘဲ သူတပါးရဲ့ လေးစားရိုကျိုးမှု လိုချင်တာဟာ အင်မတန် အန္တရာယ်ကြီးပါတယ်။ ရာထူးအာဏာ၊ လက်နက်နဲ့ အနိုင်ကျင့်တာ၊ ငွေကြေးဥစ္စာနဲ့ အနိုင်ကျင့်တာ၊ ဒုစရိုက်မှုတွေနဲ့ အနိုင်ကျင့်တာတွေရဲ့ ရလဒ်ကို ယခု မြန်မာပြည်ဟာ အကြီးအကျယ် ခံစားနေကြရတာ အားလုံးအသိပါ။ တတိုင်းပြည်လုံး အသိပါ။ နိုင်ငံတကာကတောင် သိနေကြပါပြီ။

ကိုယ်မွေးတဲ့ မျောက် ကိုယ့် ပြန်‌ခြောက်သလို၊ ဘီလူးရုပ်ကို အသက်သွင်းခဲ့မိကြပါတယ်။ အမှားကြာတော့ အမှန်ဖြစ်ခဲ့ကြရပြီး အကောင်ပြတောင် မရိပ်မိခဲ့လေတော့ အပ်နဲ့ထွင်းရမှာကို ပုဆိန်နဲ့ ပေါက်နေကြရပြီ ဖြစ်သလို ပေးဆပ်မှုတွေကလည်း ပြန်မရနိုင်တဲ့ အသက်တွေပါပဲ။ ပြည်သူကို လေယာဉ်နဲ့ ဗုံးကြဲရဲတဲ့အထိ မိုက်မဲမှု ကြီးကြီးမားမားကြီးတွေကို မြန်မာပြည်သူတွေ မျက်ဝါးထင်ထင် ခံစားနေကြရတာဟာ ငရဲခန်းပမာ ကျိုက်ကျိုက်ဆူလို့ တွေ့မြင်နေကြရတာ ဖြစ်ပါတယ်။ ဒါကြောင့် ကလေးတွေကို ကိုယ် မကြိုက်တာ သူတပါးအပေါ် မလုပ်ကြဖို့ သင်ကြားပြသပေးကြရပါမယ်။

ကိုယ်ချင်းလည်းစာ၊ စေတနာရှိ

မေတ္တာသိက၊ လောကသာယာ

အေးမြပါမည်၊ အရာခပ်သိမ်း

ငြိမ်းချမ်းရေးဖြစ်သတည်း။ ။

သူတပါးနဲ့ပတ်သက်ပြီး ကိုယ်မကြိုက်တာ မတွေး၊ မပြော၊ မလုပ်သင့်သလို ကိုယ်ကြိုက်တာတွေ ပြော၊ လုပ်သင့်ပါတယ်။ ဒါဟာ လောကကို ထိန်းညှိပေးမယ့် အကောင်းဆုံး ကျင့်ဝတ်ပါပဲ။ ဒါဆို ဘာတွေလုပ်ရမလဲ။ ကိုယ်ကြိုက်တာတွေ တွေးတော၊ ပြောဆို၊ ပြုမူရပါမယ်။ သူ့နေရာ ငါသာဆိုရင်ရော ဆိုတဲ့ ကိုယ်ချင်းစာတရားဟာ အရာရာကို ပြီးမြောက်စေမှာ ဖြစ်ပါတယ်။

ဒီလို ကိုယ်ချင်းစာတရားတွေသာ မြန်မာ့အနာဂတ်ကလေးတွေမှာ ထွန်းကားလာခဲ့ရင် ကျမတို့ အနာဂတ် မြန်မာပြည်ဟာ သာယာအေးချမ်းလို့ နေပါလိမ့်မယ်။ ဗုဒ္ဓနဲ့ တခြား ဆိုင်ရာ ဘာသာတရားတွေရဲ့ အလိုအရ လောကကြီးဟာ နေပျော်ဖွယ်ဖြစ်လာမှာ မလွဲပါဘူး။ ဒါကြောင့် ကျမတို့ရဲ့ အနာဂတ် မျိုးဆက်သစ်ကလေးတွေကို ကိုယ်ချင်းစာတရားနဲ့အတူ ကိုယ်မကြိုက်တာကို သူများအပေါ်လည်း မလုပ်ကြဖို့ ဝိုင်းဝန်းဆုံးမ ကြီးပြင်းစေကြစို့လားရှင်။ အနာဂတ် မြန်မာပြည် သာယာ အေးချမ်းပါစေ။

သန့်ကေသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024